လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်ဆည်ကျိုးကျပြီးနောက် အလောင်း ၁၉ လောင်း တွေ့ရှိ

 ၂၅ ဇူလိုင်

လာအိုနိုင်ငံ တောင်ပိုင်းတွင် ရေအားလျှပ်စစ် စီမံကိန်းအတွက် တည်ဆောက်ထားသည့် ဆည်ကျိုးကျမှု ဖြစ်ပွားခဲ့ပြီးနောက် အလောင်း ၁၉ လောင်း တွေ့ရှိခဲ့ကြောင်း ရေလွှမ်းမိုးမှု ဖြစ်ပွားရာဒေသရှိ ထိုင်းကောင်စစ်ဝန် အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပျောက်ဆုံးနေတဲ့ အရေအတွက်ကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး။ အိမ်ခေါင်မိုးထိ ရောက်နေတဲ့ ရေမျက်နှာပြင်ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အဟန့်အတား ဖြစ်စေပါတယ်။ တွေ့ရှိထားတဲ့ သေဆုံးသူအားလုံးကတော့ လာအိုနိုင်ငံသားတွေပါ။ ကျေးရွာ ၈ ရွာက လူပေါင်း ၆၀ဝ၀ လောက်ဟာ ဒုက္ခရောက်နေကြတယ် ” ဟု ၎င်းက ပြောခဲ့သည်။

ရေဝင်ရောက် တိုက်စားမှုကြောင့် လမ်းများဆိုရွားစွာ ပျက်စီးသွားပြီး ရဟတ်ယာဉ်နှင့် အသက်ကယ်လှေများကိုသာ အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေရကြောင်း သိရသည်။

ရေကြီးမှုဖြစ်ပွားရာသို့ ကူညီမှုပေးရန် လာရောက်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များသည် လာအို - ထိုင်းနယ်စပ်တွင် လာအိုအရာရှိများကြောင့် နှောင့်နှေးကြန့်ကြာနေရသည်။ တောင်ကိုရီးယား နိုင်ငံဘက်ကလည်း ပြန်လည်ထူထောင်ရေး အဖွဲ့ကို စေလွှတ်ထားကြောင်း သမ္မတ မွန်းဂျေအင်း က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဆည်ကျိုးကျရတဲ့ အကြောင်းအရင်းကို အဖြေရှာနေဆဲပါ။ ဆည်တည်ဆောက်ခဲ့စဉ်က တောင်ကိုရီးယား ကုမ္ပဏီတွေလည်း ပါဝင်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှ တောင်ကိုရီးယား အစိုးရဘက်က တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

ဆည်တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီ SK Engineering & Construction ၏ ထုတ်ပြန်ချက်တွင် တနင်္ဂနွေနေ့ ည ၉ နာရီတွင် ဆည်အပေါ်ပိုင်း၌ ရေတိုက်စားမှုကြောင့် ပျက်စီးနေမှုကို တွေ့ရှိခဲ့ပြီး ဒေသခံများအား သတိပေးခဲ့ကြောင်း သိရသည်။

SMZaw (MDN)

ကိုးကား - AFP