လာအိုတွင် ဂိုးနည်းပြအဖြစ် ဆောင်ရွက်နေသည့် ဦးနေလှိုင် လက်ရွေးစင်အသင်းအပြင် လူငယ်လက်ရွေးစင်အသင်း များကိုပါ တာဝန်ယူရမည်

နေပြည်တော်  ၁ မေ

 

လာအိုဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကိုလက်ခံပြီး လာအိုနိုင်ငံ၌ ဂိုးနည်းပြအဖြစ် ဆောင်ရွက်နေသည့် မြန်မာလူငယ်ဂိုးသမား ဦးနေလှိုင်သည် လာအိုလက်ရွေးစင်အသင်းအပြင် လူငယ်လက်ရွေးစင် အသင်းများကိုပါ တာဝန်ယူရမည်ဖြစ်သည်။

 

ဦးနေလှိုင်သည် မတ် ၁၀ ရက်တွင် လာအိုနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရက်ပိုင်းသာ လေ့ကျင့်ရသေးပြီး ရောဂါအခြေအနေ တည်ငြိမ်သွားမှသာ ပြန်လည်လေ့ကျင့်ပေးရမည် ဖြစ်သည်။


လာအိုဘောလုံးအဖွဲ့ချုပ်သည် ဦးနေလှိုင်ကို လက်ရွေးစင်အသင်းအပြင် ယူ-၂၁၊ ယူ-၁၉ နှင့် ယူ-၁၆ အသင်းများ၌ပါ တာဝန်ယူစေမည် ဖြစ်သည်။ လာအိုဘောလုံးအဖွဲ့ချုပ်သည် ဦးနေလှိုင် မတိုင်မီက စင်ကာပူနိုင်ငံသား နည်းပြချုပ်တစ်ဦးနှင့် လက်ထောက်နည်းပြများ ခန့်အပ်ထားပြီး ဦးနေလှိုင်သည် ၎င်းတို့နှင့်အတူ ဆောင်ရွက်ရမည် ဖြစ်သည်။

 

ဦးနေလှိုင်သည် တစ်နှစ်စာချုပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း ဗီဒီယိုဖြင့် လေ့ကျင့်ပေးခြင်းများ ပြုလုပ်နေသည်။ ဦးနေလှိုင်သည် ၂၀၁၆ ခုနှစ်တွင် ဂိုးနည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ ဟံသာဝတီအသင်းတွင် တာဝန်ယူခဲ့ကာ ၂၀၂၀ ရာသီအစတွင် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းသို့ ပြောင်းလဲခဲ့သည်။

 

ရာသီအစမှာပင် လာအိုဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကို ရရှိခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်းက သွားရောက်ဆောင်ရွက်ခွင့်ရရန် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

 

ဦးနေလှိုင်က “လာအိုဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့တဲ့အချိန်မှာ အရမ်းကိုဝမ်းသာမိသလို အတွေ့အကြုံ ကောင်းနဲ့ သင်ယူစရာတွေ အများကြီးရနိုင်တာကြောင့် လက်ခံခဲ့တာဖြစ်ပါတယ်။ အခုတော့ လာအိုနိုင်ငံမှာ ရောက်ရှိနေပြီး ဗိုင်းရပ်စ်အခြေအနေကြောင့် လေ့ကျင့်မှုပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ ယူ-၁၉ အသင်းကို ရက်ပိုင်းသာ ကိုင်တွယ်ခဲ့ရပြီး ရပ်နားထားရတာပါ။ သူတိုရဲ့ ပြောကြားချက်အရတော့ လက်ရွေးစင်နဲ့ လူငယ်အသင်းတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ လေ့ကျင့်မှု ရပ်နားနေတဲ့အချိန်မှာ လိုအပ်တဲ့ သင်ကြားမှုတွေ ပြုလုပ်နေသလို လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့အချိန်မှာ အကောင်းဆုံးသင်ယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်