လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကျိုင်းတုံ ၁၈ ဇန်နဝါရီ 

 

လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီ(ဗဟို)က ကြီးမှူးစီစဉ်ဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ် ကွက်ရှိ မြို့မအားကစားကွင်း၌ (၃၇)ကြိမ်မြောက် လားဟူတိုင်းရင်းသားများစုပေါင်း နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် လားဟူတိုင်းရင်းသားလူမျိုးရေးဝန်ကြီး ဦးယောသပ်တို့က နှစ်သစ်ကူးအမှာ စကားပြောကြားကြသည်။ 

 

လားဟူတိုင်းရင်းသားများသည် ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ကျင်းပခဲ့ရာ ၁၉၈၀ ခုနှစ်တွင် လားဟူတိုင်းရင်းသား လူမျိုးစုကို အခြေခံကိုယ်စားပြုသည့် လားဟူးတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကိုနှစ်စဉ် ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၇)ကြိမ် မြောက်ဖြစ်သည်။

 

လားဟူတိုင်းရင်းသားများသည် ရာသီနှစ်တစ်နှစ်တာအား တိရစ္ဆာန်အကောင် ၁၂ ကောင်တို့ဖြင့် သတ်မှတ်ထားရှိရာ ယခင်နှစ် ၂၀၁၇ ခုနှစ် ကြက်နှစ်မှ ယခုနှစ် ၂၀၁၈ ခုနှစ် ခွေးနှစ်သို့ကူးပြောင်းရောက်ရှိလာခဲ့ရာ တစ်နှစ်တာ ရာသီကာလအတွင်း ကျင်းပကြသည့်ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီး အကျယ်ဆုံးပွဲတော်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ တစ်နှစ်တာ ကာလအတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဥယျာဉ်ခြံမြေထွက် အသီးအနှံများနှင့် ပစ္စည်းဥစ္စာများမှ ဦးဦး ဖျားဖျားကို ပါဝင်လှူဒါန်းဆောင်ရွက်မှုပြုလုပ်ကြသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည်၊ လားဟူတိုင်းရင်းသားများသည် ၎င်းတို့ဝတ်ဆင်သော ရိုးရာအဝတ်အစား၏ အရောင်ကိုအမှီပြု ၍ ကျိုင်းတုံခရိုင်တွင်အများဆုံးနေထိုင်သော လားဟူအနက်၊ မိုင်းဆတ်မြို့နယ်တွင်အများဆုံးနေထိုင်သော လားဟူအနီ၊ မိုင်းဖြတ်မြို့နယ်တွင် အများဆုံးနေထိုင်သော လားဟူ အဝါ၊ လားဟူအဖြူနှင့် လားဟူကျိုင်းရှီးဟူ၍ မျိုးနွယ်စု ငါးစုမှ ပေါက်ဖွားကာ ယနေ့အထိ လားဟူမျိုးနွယ်စု ၂၀ ကျော်အထိရှိခဲ့သည်။၎င်းတို့၏ အထိမ်းအမှတ်မှာ ဗူးပလွေ ဖြစ်ပြီး၊ လားဟူတို့၏ ထင်ရှားသောအကမှာ ကာခေ့ပွဲဟုခေါ်သော မြေဝိုင်းအကဖြစ်သည်။ ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင်ထားပြီး ထင်းရှူးပင်ကို ဝိုင်းပတ်၍ တီးမှုတ် ကာ ကရသော အကတစ်မျိုးဖြစ်သည်။

 

နှစ်သစ်ကူးတွင် '' ေဩာပုတ်တေလေမော်ဒါအောလေး " ခေါပုတ်ထောင်းရင်း ဆုံဆည်ကြမယ် အဓိပ္ပါယ်ရသော သီချင်းကို သီဆို လေ့ရှိသည်။ ထူးခြားသော ယဉ်ကျေးမှု အစီအစဉ် တစ်ခုမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေကို လူငယ်တွေက ရိုးရာလက်ဆေး မင်္ဂလာခံယူ ခြင်းဖြစ်သည်။

 

နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ၊ စစ်ဘက်၊ နယ်ဘက်မှ ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ကြောင်း သိရသည်။

 

 

မြင့်မိုရ်(တာချီလိတ်)