လားဟူတိုင်းရင်းသားတောင်သူများ၏ တောင်းဆိုချက်အရ စိုက်ပျိုးရေးဆိုင်ရာများ ပညာပေးဟောပြော

တာလေ ၆ ဇွန်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ် နားယောင်းကျေးရွာအုပ်စု ဝမ်ကောင်းကျေးရွာနေ ဒေသခံ လားဟူတိုင်းရင်းသားတောင်သူများ၏ တောင်းဆိုချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေးဗစ်၏ စီမံဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ ပညာပေးဟောပြောပွဲကို မေလနောက်ဆုံးပတ်အတွင်းက ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးလှဝင်းက စပါးအထွက်နှုန်း တိုးစေမည့် နည်းလမ်းများကို လည်းကောင်း၊ ဆန်စပါးအခြေပြု တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ရာတွင် ဆန်စပါးစိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် သိသာသော အကျိုးအမြတ်ရရှိစေရေး၊ တစ်ဧကအထွက်နှုန်း မြှင့်တင်ခြင်းနှင့် ကုန်ကျစရိတ် လျော့နည်းသက်သာရေး လုပ်ငန်းများ ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးတတ်လာစေရေးနှင့် ဈေး ကွက်ဝင်သီးနှံများ ရွေးချယ်စိုက်ပျိုးတတ်စေရေးကို လည်းကောင်း ရှင်းလင်းပြော ကြားပြီးနောက် ဒေသခံ တောင်သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။

 

လားဟူတိုင်းရင်းသား တောင်သူများအနေဖြင့် ဝင်ငွေရ ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုးလာစေနိုင်ရေး၊ ဆန်စပါး အခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပြီးရရှိလာသည့် အကျိုးအမြတ်များဖြင့် ဒေသခံတောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်လျက် ဟောပြောပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

 

သိမ့်သိမ့်မိုး