လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် စတင်လျှောက်ထားနိုင်

နေပြည်တော် ၆ ဇွန်

 

လာမည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စောင့်ကြည့်လေ့လာလိုသူများ အနေဖြင့် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းနှင့် နိုင်ငံတကာ(ပြည်ပ) ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ  ၁၈   ရက်နေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်သည်။ 

 

“လျှောက်ထားမှုကို လက်ခံပါပြီ။ မနှစ်ကတော့ လာရောက်လေ့လာသူ နှစ်ထောင်ကျော် ရှိတယ်။ ဒီနှစ်ထဲတော့ ဘယ်လောက်ရှိလာမလဲ မသိသေးဘူး“ ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ (၂၀၆၂) ဦးနှင့်နိုင်ငံတကာ (ပြည်ပ) ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ (၃၁၂)ဦး ရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ 

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် လစ်လပ်မဲဆန္ဒနယ်များကို  မေလ ၈ ရက် နေ့တွင်လည်းကောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားလုပ်ငန်းစဉ် အချိန်စာရင်းကို မေလ ၂၅  ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ 

 

ပြည်တွင်း စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာ စာအမှတ် (၁/၂၀၁၆) နှင့် နိုင်ငံတကာ(ပြည်ပ)ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆) တို့ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က (၃၁.၁၀.၂၀၁၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ official website ဖြစ်သည့် http:// uecmyanmar.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် Download ရယူနိုင်ကြောင်း သိရသည်။ 

 

MDN