လာမည့်အပတ်အတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးရန် ရုရှားသမ္မတ ပူတင် ညွှန်ကြား

မော်စကို၊ ၃ ဒီဇင်ဘာ

           

ရုရှားနိုင်ငံရှိ ကျေးလက်ဒေသအချို့တွင် ကျန်းမာရေးစနစ် ပြိုကျလုနီးပါး အခြေအနေရောက်ရှိနေသောကြောင့် အစုလိုက်အပြုံလိုက် ကိုဗစ်ကာကွယ်ဆေးထိုးရန် သမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားခဲ့သည်။

           

ရုရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်တာအတွင်း လူ ၅၈၉ ဦး စံချိန်တင် သေဆုံးခဲ့ပြီး နေ့စဉ် ကိုဗစ် အတည်ပြုကူးစက်မှုသစ် ၂၅၀၀၀ ကျော် ရှိလာခဲ့သည်။

           

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဆိုက်ဘေးရီးယားဒေသရှိ ကျေးလက်ဆေးရုံများတွင် လူနာများ ပြည့်နှက်နေပြီး ခန်းမဆောင်များအတွင်းထား၍ လူနာများကို ကုသပေးနေရကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။

           

ကျေးလက်ဒေသများ၌ ဆေးရုံသစ်များ ဖွင့်လှစ်ရန်နှင့် အစိုးရက ကျန်းမာရေးစနစ် တိုးချဲ့လုပ်ကိုင်ရန် သမ္မတ ပူတင်က အွန်လိုင်းမှပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ညွှန်ကြားခဲ့သည်။

           

လာမည့်အပတ်မှစ၍ ကျန်းမာရေးလုပ်သားများ၊ ပညာရေးဝန်ထမ်းများအတွက် သြဂုတ်လအတွင်း အစိုးရက အတည်ပြုခဲ့သည့် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး အစုလိုက်အပြုံလိုက် ထိုးနှံမှုစတင်ရန်လည်း ၄င်းက ညွှန်ကြားခဲ့သည်။

           

အမေရိကန် ဆေးဝါးကုမ္ပဏီ ဖိုက်ဇာကထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့်အပတ်အတွင်း  စတင်ထိုးနှံမည်ဟု ဗြိတိန်အစိုးရက ဒီဇင်ဘာလ ၂ ရက်တွင် ကြေညာပြီးနောက် ရုရှားနိုင်ငံက ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးရန် စီစဉ်ခြင်းဖြစ်သည်။

 

ကိုးကား-NHK