လားရှိုးမြို့တွင်ပြုလုပ်မည့် မြန်မာ+တရုတ်(လန်ချန်း)ကုန်စည်ပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လားရှိုး ၅ နိုဝင်ဘာ

 

လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် မြန်မာ+တရုတ်(လန်ချန်း) စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်၊ မွန်းလွဲ(၁)နာရီက လားရှိုးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

 

 မြန်မာ+တရုတ်(လန်ချန်း)စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ဒု-ဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားသည်။

 

မြန်မာ+တရုတ်(လန်ချန်း)စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီ တွဲဘက်အတွင်းရေးမှူး ၊ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန်းက ကုန်စည်ပြပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေသည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြပြီးနောက် လားရှိုးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးအာကာလင်းက လုပ်ငန်းဆောင်ရွက်ချက်များကို ဖြည့်စွက်ဆွေးနွေးအကြံပြုတင်ပြခဲ့သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်း(NSSCCI)မှ ဒုဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြန်မာ+တရုတ်ချစ်ကြည်ရေးအသင်း(လားရှိုး)မှတာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်းရှင်များ အသင်းဥက္ကဌတို့တက်ရောက် ခဲ့ကြပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင်  ကုန်စည်ပြပွဲ အဆင်ပြေချောမွေ့စွာ၊ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဖွင့်ပွဲ အခမ်းအနားနှင့် ဖျော်ဖြေရေးအခန်း ကဏ္ဍများ၊ ပြခန်းတည်ဆောက်ရေးနှင့် အခန်းနေရာချထားရေးကိစ္စရပ်များ၊ ပြပွဲတွင် ခင်းကျင်းရောင်းချမည့် ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ယူရေးကိစ္စရပ်များ၊ တရုတ်ဘက်ခြမ်းမှ လာရောက်မည့် ကုန်သည်များ ဝင်/ထွက်သွားလာ မှုအဆင်ပြေစေရေး ကိစ္စရပ်များ အပါအဝင်  လုပ်ငန်းစဉ်ကဏ္ဍများကို အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

 

 အဆိုပါ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီပေါင်း(၇၉)ခုမှ ကုန်ပစ္စည်း အမျိုးပေါင်း(၁၁)မျိုးဖြင့် ပြခန်း(၈၀)ခန်းပါဝင်ပြသရန် ညှိနှိုင်းလျက်ရှိနေပြီး မြန်မာနိုင်ငံမှ ပြခန်း(၅၀) ပြသရန် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

ယင်းကုန်စည်ပြပွဲကို လားရှိုးမြို့၊ မိုးလုံလေလုံအားကစားခန်းမ နှင့် အားကစားလေ့ကျင့်ရေး ခန်းမများတွင်လာမည့် နိုဝင်ဘာ(၂၁)ရက်မှ(၂၄)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနှင့် တရုတ်နှစ်နိုင်ငံမှ ကုန်သည်၊ လုပ်ငန်းရှင်များ မှ ပြခန်းပေါင်း(၁၃၀)ခန့်ဖြင့် ပါဝင်ပြသ သွားမည်ဟုသိရပြီး လားရှိုးမြို့ရှိ  တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(၈)ဖွဲ့နှင့် တရုတ်နိုင်ငံမှ ယဉ်ကျေးမှု(၈)ဖွဲ့ တို့က ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက်ကပြ ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)