လျှာထုံရွက်(ပိစပ်ရိုးရိုးရွက်)ဟင်းလျာ ရခိုင်ချက်

၃ နိုဝင်ဘာ

 

အခုချက်ပြုတ်မယ့် ဟင်းလျာကတော့ လူတိုင်းသိကြမှာပါ။ အိမ်နံဘေးတွေ၊ လယ် ကန်သင်းတွေ၊ ယာတွေမှာ များသောအားဖြင့် တွေ့နိုင်တဲ့ အရွက်တစ်မျိုးပါ။ အဲဒီအရွက်ကတော့ လျှာထုံရွက်(ပိစပ်ရိုးရိုးရွက်)ပဲ ဖြစ်ပါ တယ်။ ထိုအရွက်မှာ မြက်ပင်၊ ပေါင်းပင်ကဲ့သို့ အလေ့ကျပေါက်လေ့ရှိပါတယ်။ တချို့ကတော့ ပေါင်းပင်၊ မြက်ပင်ဟုပင် ထင်မိကြမှာပါ။ ဈေးထဲမှာလည်း တစ်ခါတလေတွေ့ရ တတ်ပါတယ်။

 

တကယ်လို့တွေ့ရရင်တော့ ချက်စားကြည့် စေချင်ပါတယ်။ ထမင်းမြိန်သည်မှာ အမှန်ပါ။ပိစပ်ပင်တွင် ပိစပ်ရိုး ရိုးနဲ့ ပိစပ်(တော)ခေါ် ဇာမဏီဟူ၍ နှစ်မျိုးရှိပါတယ်။ ပိစပ်ရိုးရိုးမှာ အပင်ငယ်မျိုး၊ ခုဟင်းချက် မယ့်မျိုးဖြစ် ပါတယ်။ ပိစပ်ရိုးရိုးအရွက်ကို တို့စရာအဖြစ်စားနိုင်သည့် အပြင် ငါးနဲ့ကြော်ချက်စားနိုင်ပါတယ်။ ပိစပ် ရိုးရိုးပင် တွင် အပွင့်မှာ အဝါရောင်ဖြစ်ပါတယ်။

 

ရခိုင်လိုချက်ကြည့်မယ်

 

လျှာထုံရွက်(ပိစပ်ရိုးရိုးရွက်)ကို ရခိုင်လို ချက်မယ်ဆိုရင် စိမ်းစားငါးပိ၊ ဆား၊ ဟင်းချို မှုန့်၊ ငရုတ်သီးခြောက် အတောင့်တွေ လိုအပ်ပါ တယ်။ ပြင်ဆင်စရာ အမည်စုံရင်တော့ ထိုအရွက်ကို ရေစင်အောင် ဆေးကြောပေးပါ။ ရေဆေးပြီးလျှင် လျှာထုံရွက် (ပိစပ်ရိုးရိုးရွက်) ဆိုသည့်အတိုင်း လျှာထုံစေသောကြောင့် အထုံဓာတ်လျော့စေရန် ဆားအနည်းငယ် ယူပြီး ထိုအရွက်ထဲတွင်ထည့်ကာ ခပ်ဖွဖွနယ် ပေးပါ။ အရွက်ညှိုးသွားပြီး အစိမ်းရောင် အရည်များ ထွက်သွားမှာပါ။ ပြီးရင် ရေပြန်ဆေးပေးပါ။ ထိုအရည် အရွက်ထဲတွင် မရှိသည်အထိ လက်ဖြင့်ဖိညှစ်ပေးပါ။ ရေစင်သွားပြီးဆိုရင်တော့ ရခိုင်ချက်ဆိုသည့်အတိုင်း စိမ်းစားငါးပိ၊ ဆား၊ ရေ၊ ဟင်းချို မှုန့်တို့ကို အတော်အသင့်ထည့်ကာ ချက်နိုင်ပါပြီ။

 

ဆားကိုတော့ လျှော့ထည့်ရမှာပါ။ ဟင်းရွက်ကို ဆားနဲ့နယ်ထားသောကြောင့် အငန်ဓာတ်မပို စေရန်ဖြစ်ပါတယ်။ ရေဆူလာလျှင် ဇွန်းနဲ့ မမွှေဘဲ စုပ်တံ အရှည်(ရခိုင်ရိုးရာဟင်းချက် ရန် ဝါးဖြင့်ပြုလုပ်ထားသော ပစ္စည်းတစ်မျိုး)နဲ့ မွှေပေးရင် ပိုကောင်းပါတယ်။ ဇွန်းနဲ့ မမွှေ ရခြင်းမှာ ဟင်းရွက်များပုံစံ ပျက်မသွားအောင် ဖြစ်ပါတယ်။ စုပ်တံအရှည်မရှိရင် ခက်ရင်းနဲ့ မွှေပေးလည်းရပါတယ်။ ထိုဟင်းလျာ အရည်အနည်းငယ်ခန်းလာရင် အပေါ့၊ အငန်မြည်းစမ်းပါ။ ပြီးရင် အရည်ခန်းသည် အထိ ချက်ရင်းခပ်ဖွဖွလေးမွှေပေးပါ။ အရည် ခန်းပြီဆိုရင် အသင့်ကင်ထားသော ငရုတ်သီး ခြောက်တောင့်ကို ခြွေထည့်ပေးပါ။ ထိုအခါ ငရုတ်သီးကင်နံ့မွှေးမွှေးနဲ့ စားကောင်းတဲ့ ထမင်းမြိန်စေမယ့် လျှာထုံရွက်(ပိစပ်ရိုးရိုးရွက်)ဟင်းလျာရခိုင်ချက်ကို စားနိုင်ပါပြီ။

 

ညီချေ(မြို့ဟောင်း)