လစ်လပ်လျက်ရှိသော အဆိုပြုတင်သွင်းထားသည့် ဝန်ကြီးနှစ်ဦးအမည်စာရင်းအား ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ရွေ့ဆိုင်း

မကွေး ၁၆ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးနှစ်နေရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုထားတဲ့ ဝန်ကြီးနှစ်ဦး အမည်စာရင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ နှင့် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ တို့အရ ကန့်ကွက်ကြောင်း အဆိုပြုချက်ကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။

 

ယင်းကန့်ကွက်ကြောင်း အဆိုပြုချက်တင်သွင်းလာမှုနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ/မညီ အချိန်ယူ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) ဒုတိယနေ့တွင် ကြေညာခဲ့ပါတယ်။

 

လစ်လပ်လျက်ရှိသော ဝန်ကြီးနှစ်နေရာအတွက်  ဦးအေးငွေ (ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး-ငြိမ်း)နှင့် ဦးအောင်ကျော်မိုး (တွဲဘက်ပညာရေးမှူး-ငြိမ်း) တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

ထိုသို့ “ ဝန်ကြီးနှစ်ဦး အဆိုပြုတင်သွင်းခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ဖြစ်ပြီး အဆိုပြု တင်သွင်းလာတဲ့အပေါ်မှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့အညီ အဆုံးဖြတ်ရယူမယ့် သဘောပါပဲ” ဟု တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အရေးပေါ် အစည်းအဝေး ပထမနေ့တွင် ပြောပါတယ်။

 

ပြန်လည်ဆွေးနွေးမည့် နေ့ရက်အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

 

မျိုးထက်ဦး(MDN).