လစ်လပ်ဝန်ကြီး(၂)ဦး ခန့်ထားရေးအဆိုနှင့် ကန့်ကွက်မှုများ ပြန်လည်ရုပ်သိမ်း

မကွေး  ၂၆  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသော ဝန်ကြီး (၂)ဦး ခန့်ထားရေးအတွက် အမည်စာရင်း အဆိုပြုမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်လွှာ တင်သွင်းမှုများရှိခဲ့ကာ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပသည့်  ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) တတိယနေ့တွင် အဆိုပြုသူနှင့် ကန့်ကွက်သူများက ယင်းတို့၏ သဘောထားများကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပသည့် အရေးပေါ် အစည်းအဝေး ပထမနေ့တွင် ဝန်ကြီးချုပ်က အဆိုပြုခဲ့မှုအပေါ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဖေဖော်ဝါရီ ၁၆ ရက် အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်ခဲ့ခြင်းဖြစ်ကာ အချိန်ယူစိစစ်ရန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ လွှတ်တော်ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

"ဒီနေ့ ဝန်ကြီးချုပ်က အဆိုရုပ်သိမ်းသွားတဲ့အပေါ်မှာ ပြည်သူ့ဆန္ဒကို အလေးထားတယ်လို့ မြင်လိုက်ရတယ် " ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က လူမှုကွန်ရက်များတွင် ဝန်ကြီး ၂ ဦး ခန့်ထားရေး ကိစ္စကန့်ကွက်မှုများ ရှိနေခြင်းအပေါ် ရည်ညွှန်းပြောဆိုခဲ့သည်။

 

လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာန ဝန်ကြီးနေရာနှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဌာနဝန်ကြီးနေရာတို့ လစ်လပ်လျက်ရှိပြီး ဝန်ကြီးချုပ် အဆိုပြုခဲ့သူ နှစ်ဦးမှာ ဦးအေးငွေ၊ ညွှန်ကြားရေးမှူး (ငြိမ်း၊ဆည်မြောင်း) အသက်(၆၉)နှစ် နှင့် ဦးအောင်ကျော်မိုး၊ အသက်(၆၇)နှစ်  တွဲဖက်ပြည်နယ် ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်သည်။

 

"အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့အခါမှာ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့၊ အဂတိတရားကင်းရှင်းဖို့  အဓိကဖြစ်တာကြောင့် ပြည်သူနဲ့ တစ်သားတည်း  နေတတ်ထိုင်တတ်တဲ့  ပုဂ္ဂိုလ်မျိုးကို  ရွေးလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်" ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းက သုံးသပ်ပြောကြားသည်။

 

ဇေယျတု(မကွေး)