လောကကို စောင့်သည့်တရား

လောကလူ့ရွာ လူ့ကမ္ဘာမှာ လူအဖြစ်ဖြင့် လူ့ဘဝကိုရရှိလာကြသူတို့သည် လောက၏ လှပသာယာငြိမ်းချမ်းဖွံ့ဖြိုးမှုကို ဆွတ်ခူးခံစားခြင်းနှင့်အတူ လောကကို စောင့်ရှောက်ခြင်းဟူသည့် တာဝန်သည် လည်းကောင်း၊ ပိုမို လှပသာယာငြိမ်းချမ်းဖွံ့ဖြိုးစေရန်အလို့ငှာ မိမိတတ်စွမ်းသမျှ ပါဝင်စိုက်ပျိုးဆောင်ရွက်ခြင်းဟူသည့် ဝတ္တရားတို့သည် လည်းကောင်း တွဲလျက် ပါဝင်နေသည်ဟု မြင်ပါသည်။ ရှေ့လူတို့ စိုက်ပျိုးခဲ့သည့် အသီးအပွင့်တို့ကို ခူးယူစားသုံးခြင်း၏ နောက်အနာဂတ်အတွက် မိမိတို့က တစ်ပြန်တစ်လှည့် ပျိုးထောင်စိုက်ပျိုးခြင်းဟု ဆိုရပါမည်။

 

လူမှုအဖွဲ့အစည်းအတွင်း၌ အချို့က နည်းနည်းခူးယူစားသုံးပြီး များများ ပြုစုစိုက်ပျိုး၊ အချို့က များများခူး များများစိုက်၊ အချို့က များများခူး နည်းနည်းစိုက် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ တွေ့မြင်ကြရပါ၏။ သည်လိုထဲတွင် ရသလောက် ဆွတ်ခူးစားသုံးပြီး အပင်တို့ကို ဖျက်ဆီး ချိုးဖြတ်အမြစ်လှန်ကြသူတို့သည်လည်း ရှိချေ၏။ ထိုသူတို့သည်ကား လှူအဖွဲ့အစည်း၏ စိတ်ပျက်ဖွယ်ရာသူများဟု သတ်မှတ်ရမည်ထင်၏။

 

ဤသို့ပြုခြင်းဖြင့် မိမိကိုယ်တိုင်အပါအဝင် လူ့အဖွဲ့အစည်းကို ထိခိုက်စေမည်၊ ပျက်စီးစေမည်ကိုလည်း မသိ။ လောက၏ အလှအပကို နားမလည်။ လောက၏ သာယာငြိမ်းချမ်းမှုကို သဘောမပေါက်။ လူမှုအဖွဲ့အစည်းကို၊ အလှအပကို၊ သာယာငြိမ်းချမ်းမှုကို ဖျက်ဆီးရာရောက် သည်ကိုလည်း ရှက်ရမည်၊ ကြောက်ရမည်ဟူသည့် စိတ်သဘောထား မရှိသူတို့ များလာသည့်အခါ လောကသည် အကျည်းတန် ပျက်စီးရ တော့မည်။

 

အမှန်တော့ လူမှုလောက၏ အလှအပကို ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ လူမှုအဖွဲ့အစည်းအတွင်းရှိ လူအားလုံးတွင် တာဝန်ရှိသည် မဟုတ်ပါလော။ လူအများကပင် မိမိတို့၏ လောကကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည် မဟုတ်ပါလော။

 

လောကပါလတရားဟူသည့် လောကကို စောင့်ရှောက်သည့် တရားနှစ်ပါးအဖြစ် ဟိရိနှင့်ဩတ္တပ္ပဟူ၍ ရှိပါ၏။ မကောင်းမှုပြုရမည်ကို ရှက်ခြင်း။ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း။

 

ထို မကောင်းမှုနှင့်ကောင်းမှုကို ခွဲခြားသိမြင်နိုင်ရန်လည်း လိုပါမည်။ မကောင်းမှုဆိုသည်က ဘာနှင့် ကောင်းမှုဆိုသည်က ဘာဆိုသည်ကို ခွဲခြားသိမြင်ခြင်းမှာ အသိဉာဏ်ပညာဖြစ်၏။ အသိဉာဏ်ပညာနည်းသူ တို့သည် ကောင်းမှု၊ မကောင်းမှုကို ခွဲခြားမသိမြင်။ ထို့ကြောင့် ရှက်စရာ ကောင်းသည်ကို ရှက်ရမှန်းမသိ။ ကြောက်ရမည့် အကုသိုလ်ကို ကြောက်ရ မည်မှန်းမသိ။ အရှက်မရှိ အကြောက်မရှိသည့်အခါ လောကကို ဖျက်ဆီးဖို့ ဝန်မလေးတော့။

 

လူများစုက လောကကိုစောင့်ရှောက်နိုင်မှသာလျှင် လှပသာယာ ငြိမ်းအေးချမ်းသာသည့် လောကတွင် ရှင်သန်နိုင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် မည်သည်က ကောင်းမှုကုသိုလ်၊ မည်သည်က မကောင်းမှု အကုသိုလ်ဆိုသည်ကို ကလေးဘဝ အရွယ်ကစ၍ ခွဲခြားနားလည်နိုင်ရန် လိုအပ်ပါမည်။ ထိုသို့ ခွဲခြားနားလည်နိုင်သည့် အသိပညာနှင့် လူမှုကျင့်ဝတ်ကို ဂဃနဏ နားလည်အောင် သင်ကြားပေးနိုင်သည့် အခြေခံ ပညာရေးစနစ်ဖြင့်သာ ယဉ်ကျေးသည့်၊ တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံကို တည်ဆောက်နိုင်စွမ်းရှိသူတို့ ပေါ်ထွန်းလာကြမည်ဖြစ်ပါ၏။

 

ယဉ်ကျေးသည့် စိတ်ထား၊ သူတစ်ပါးကို ထောက်ထားစာနာ နားလည် နိုင်သည့် နှလုံးသား၊ လောကကို ချစ်ခင်မြတ်နိုးမှုဖြင့် စောင့်ရှောက် ထိန်းသိမ်းလိုသည့် သဘောထား၊ အနာဂတ်အတွက် ရည်ရွယ်စောင့် ရှောက်ရင်း ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းလိုသည့် စွမ်းအား စသည်တို့ဟူသည် အခြေခံပညာရေးစနစ်ကောင်းတို့ဖြင့်သာ အများဆုံး ပြုစုပျိုးထောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း