လောကကို သိပ္ပံပညာ၊ နည်းပညာများဖြင့် အလှဆင်ကြရာတွင်…

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

(ယမန်နေ့မှ အဆက်) 

၁၉ ရာစု - ၂၀ ရာစု နည်းပညာ

 ၁၉၀၈ ခုနှစ်မှာ အမေရိကန် ဟင်နရီဖို့ဒ် (Henry Ford) ဆိုသူဟာ မိုဒယ်တီ (Model T)  ဖိုဒ့်ကားကို  စတင်ထုတ်ခဲ့ပါတယ်။  ကားတစ်စီး ဒေါ်လာကိုးရာနဲ့  ရောင်းခဲ့ပါတယ်။  ပထမကမ္ဘာစစ်   မဖြစ်ခင်မှာ ထိုကားအမျိုးအစားကို ဒေါ်လာ ၄၉၀ နဲ့ ရောင်းနိုင်လာတဲ့ နည်းပညာ ဟာ မြင့်မားလာပါတယ်။ ၁၉၂၅ ခုနှစ် ရောက်လာသည့်တိုင် အိန္ဒိယနဲ့ တရုတ်နိုင်ငံကြီးတွေဟာ စက်မှုနိုင်ငံ မထူထောင်နိုင်ခဲ့သေးပါဘူး။ ၁၉၈ဝ-၉ဝ နှစ်တွေမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံပေါင်း ကုန်သွယ်မှုဟာ ၄ဝ ရာခိုင်နှုန်းမရှိတော့ဘဲ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ လွှမ်းခြုံပါတော့ တယ်။ နှစ်နိုင်ငံပေါင်းရဲ့သိပ္ပံနဲ့နည်းပညာ သုတေသနစွမ်းပကားဟာ လည်း ကမ္ဘာ့သုတေသန စာတမ်းပေါင်းရဲ့ ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိပါတယ်။ သိပ္ပံနဲ့နည်းပညာနယ်ပယ်ထဲက သုတေသနရလဒ်တွေဟာ သဘာဝတရားရဲ့   နိယာမတွေကို  ပိုနားလည်လာပြီး ဒီနေ့ လူ့အဖွဲ့ အစည်းအတွက်လည်း အင်အားကြီးမားစွာ ဖန်တီးနေပါတယ်။  လူသား ကောင်းကျိုးအတွက်လည်း အသုံးချနိုင်မှုတွေရရှိတာ ဖြစ်ပါတယ်။ 

၁၈၆၅-၁၈၇၃ ခုနှစ်အတွင်းမှာ  အဲလ်ဖရက်နိုဘယ်လ်  (Alfred Nobel) တီထွင်ထုတ်လုပ်ခဲ့တဲ့ ခဲယမ်းတွေဟာ မူလကသတ္တုသိုက်တွေ တူးဖို့၊   တောင်တွေထွင်းဖို့ဖြစ်ခဲ့ပေမယ့်   လူ့သမိုင်းသိရှိတဲ့အတိုင်း နောက်ပိုင်းမှာ   စစ်ပွဲကြီးနှစ်ခုမှာ   လက်နက်ခဲယမ်းမီးကျောက်တွေ အဖြစ်သုံးခဲ့ရင်း ကိုလိုနီနိုင်ငံတွေတည်ထောင် ဗိုလ်ကျစိုးမိုးရေး အချင်း ချင်း စစ်ခင်းတဲ့  ကမ္ဘာ့စစ်ပွဲကြီးတွေဖြစ်ခဲ့ပါတယ်။  သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေးပညာတွေ၊ ဥပဒေပညာတွေ  ထွန်းကားတိုးတက်တဲ့  နိုင်ငံ တချို့ဟာ   လောဘဇောတိုက်ကာ   နယ်ချဲ့လာတာတွေ့ရပါတယ်။ ၁၉ ရာစု တစ်ခုလုံး ၂၀ ရာစု အလယ်လောက်ထိ ဖြစ်ခဲ့ပါတယ်။    
      
ခေတ်ပြိုင် ၁၆၃၆ ခုနှစ် အမေရိကန်နိုင်ငံမှာ ဟားဗတ်တက္ကသိုလ်ကို ဖွင့်လှစ်တည်ထောင်ခဲ့တယ်။ ကျွန်တော်တို့က တက္ကသိုလ်ပညာရေးကို ၁၈၇၈ ခုနှစ်ရောက်မှ စတင်နိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရယ်လို့ သီးခြားတက္ကသိုလ်ဖြစ်တာ   ၁၉၂၀   ပြည့်နှစ်ဆိုတော့   ဟားဗတ် တက္ကသိုလ်နဲ့ယှဉ်ကြည့်ရင် နှစ်ပေါင်း နှစ်ရာကျော် နှစ်ပေါင်းသုံးရာနီးပါး တာထွက် နောက်ကျနေခဲ့ပါပြီ။ ဒီလိုနောက်ကျလို့ အထင်အမြင်သေး စရာ အားငယ်စရာအကြောင်း မရှိပါဘူး။ နှစ်ပေါင်းနှစ်ရာကျော်ကြာ အမေရိကန်နိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပ၊ ဂျာမနီနဲ့ ဂျပန် နိုင်ငံတို့ရဲ့ တက္ကသိုလ်တွေဟာ နိုင်ငံရဲ့တိုးတက်မှုအတွက်ကြိုးစားခဲ့ပါတယ်။ ၁၈၉ဝ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံမှာ  စက်မှုလယ်ယာကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဂျုံပြဿနာ

၁၈၉၈ ခုနှစ် ဗရစ်စတိုမှာ သိပ္ပံပညာရပ်တိုးတက်ရေး ဗြိတိသျှ အသင်း နှစ်ပတ်လည်အစည်းအဝေးမှာ ဆာဝီလီယမ်ခရွတ်က “ဂျုံ ပြဿနာ” ခေါင်းစဉ်နဲ့ နိုက်ထရိတ် နိုက်ထရိုဂျင် ရရှိရေးကိစ္စကို သိပ္ပံ ပညာရှင်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ အကြောင်းရင်းက ကမ္ဘာ့ လူထု ငတ်မွတ်ခေါင်းပါးခြင်းဘေးက ကင်းလွတ်ဖို့ဆိုရင် ဂျုံနဲ့ ဆန်ရေ စပါးထုတ်ရမယ်။ အထွက်တိုးဖို့ဆိုရင် ဆိုဒီယမ်နိုက်ထရိတ်တန်ချိန် ၁၂ သန်းထုတ်ရမယ်လို့ တွက်ပြခဲ့ပါတယ်။ ဒီပမာဏအရဆိုရင် ချီလီ နိုင်ငံကထွက်တဲ့ ဆိုဒီယမ်နိုက်ထရိတ်နဲ့ ဖြည့်ဆည်းနိုင်ဖွယ်ရာ မမြင်တဲ့ အတွက် ၁၉၀၀ ပြည့်နှစ်မှာ ဒီပြဿနာကို ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်နဲ့၊ ကနေဒါနိုင်ငံ  ဓာတုဗေဒပညာရှင်တွေက  အသီးသီး ကြိုးစားဖြေရှင်းနိုင်ဖို့ အားထုတ်ခဲ့ပါတယ်။

ဒီသိပ္ပံပညာရှင်တွေထဲမှာ ဂျာမန်ဟာဗာ (Haber) ရဲ့ နည်းစဉ်ဟာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ လေထုထဲက နိုက်ထရိုဂျင်နဲ့ အမိုးနီး ယားထုတ်၊ ထပ်ဆင့်ပြောင်းလဲကာ ဓာတ်မြေဩဇာယူရီးယားကအစ နိုက်ထရိတ် ခဲယမ်းလုပ်နိုင်တဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။ ဆန်နဲ့ ဂျုံစပါးတွေလည်း အထွက်တိုးခဲ့ပါတယ်။ စစ်မက်အရေးတွေမှာ  သုံးခဲ့ သော်လည်း   ကမ္ဘာ့ငတ်မွတ်ခြင်းဘေးက   လွတ်ကင်းမယ့်လိုအပ်ချက်ကို ဖြည့်ဆည်းခဲ့တဲ့အတွက် ၁၉၁၈ ခုနှစ် ဓာတုဗေဒနိုဘယ်ဆုကို ဟာဗာ ဟာ ဆွတ်ခူးခဲ့ပါတယ်။ 

ကွမ်တမ် သီအိုရီ နဲ့ အိုင်းစတိုင်း

၁၉၀၀ ပြည့်နှစ်မှာ မက်စ်ပလန့်ဟာ အလွန်တရာသေးငယ်တဲ့ အီလက်ထရွန်ကို လေ့လာဖို့ ကွမ်တမ် သီအိုရီ (Quantum Theory) ကို ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ အဲလ်ဗတ် အိုင်းစတိုင်းဟာ အလင်း-လျှပ်စစ် သက်ရောက်မှု (Photoelectric Effect) ကို ရှင်းလင်း နိုင်ဖို့ ပလန့်ရဲ့ ကွမ်တမ်သီအိုရီကိုအခြေခံခဲ့တယ်။ ကွမ်တမ် သီအိုရီ ကို အကြောင်းပြုပြီး အက်တမ်များမှာရှိတဲ့ အီလက်ထရွန်တွေဟာ အမှုန် (Particle) ဘဝနဲ့ လှိုင်း (wave) ဘဝကို တစ်ပြိုင်တည်း တည်ရှိ နေနိုင်တယ်ဆိုတဲ့  သိရှိနားလည်မှု (Philosophic insight) ဟာ လူအများ     မယုံကြည်နိုင်လောက်တဲ့အဆင့်ထိ   ရောက်ခဲ့ပါတယ်။ ဒီအဆင့်ထိ သိရှိနားလည်နိုင်အောင် ဦးနှောက်ကိုသုံး စူးစူးစမ်းစမ်း ဆောင်ကြဉ်းပေးသူတို့ဟာ သိပ္ပံပညာရှင်တွေပဲဖြစ်ပါတယ်။

လူ့ယဉ်ကျေးမှုကြီးတိုးတက်ခဲ့တာ စက်မှုထွန်းကားလို့ပဲ။ အင်္ဂလန် မှာ စက်မှုထွန်းကားလို့ အသစ်တီထွင်တဲ့ ရေနွေးငွေ့အင်ဂျင်စက်ဟာ လောင်စာအကြီးအကျယ် လိုအပ်တော့   သစ်တောတွေက   ထွက်တဲ့ ထင်း လွယ်လွယ်မရတော့တဲ့အချိန်မှာ ကျောက်မီးသွေးဟာ ပိုပြီးအသုံး တဲ့လာပါတယ်။ ၁၈၉၀-၁၉၁၀ ခုနှစ်အတွင်း သိပ္ပံနဲ့နည်းပညာ တီထွင် ဆန်းသစ်မှုရဲ့ရလဒ်၊   ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကို  သုံးခဲ့ပါ တယ်။ လျှပ်စစ်စွမ်းအားတွေ ထုတ်ခဲ့ပါတယ်။ အင်ဂျင်စက်တွေ တီထွင် ခဲ့ပါတယ်။
 ၁၉၀၁ ခုနှစ်မှာ ရိုက်ညီနောင် (Wright Brothers) တို့ဟာ နှစ်ထပ် ဂလိုက်ဒါ  (biplane gliders) ကို တီထွင်ခဲ့ပြီး ဝေဟင်လေပြင်မှာ ပျံသန်း နိုင်ခဲ့တာဟာ သိပ္ပံသဘောတရားကို အခြေခံပြီး စွန့်စားမှု၊ ဇွဲလုံ့လ ကြီးမားတဲ့ အားထုတ်မှုတွေကြောင့် ယနေ့ကမ္ဘာ့လူသားတို့အတွက် အကျိုးပြုလျက်ရှိသလို စစ်မက်ရေးရာမှာလည်း နိုင်ငံကာကွယ်ဖို့၊ နယ်မြေဝါဒတိုက်ပွဲတွေမှာလည်း သုံးနေတာတွေ့ရပြန်တယ်။

၁၉၂၈ ခုနှစ်မှာ အလက်ဇန္ဒါး ဖလင်းမင်းဟာ ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့တာကြောင့် ကမ္ဘာ့အဖျားရောဂါနဲ့ ကာလသားရောဂါများကို ကုသနိုင်ခဲ့ပါတယ်။

၁၉၃၈ ခုနှစ်က အာရှမှာလူတစ်ဦးချင်း အချမ်းသာဆုံးနိုင်ငံဟာ ဖိလစ်ပိုင် (Philippine) နိုင်ငံ ဖြစ်ခဲ့ပါတယ်။ မလေးရှားနဲ့စင်ကာပူတို့ဟာ လွတ်လပ်ရေးမရသေးတဲ့   နိုင်ငံငယ်လေးတွေပဲ။   လွတ်လပ်ရေးရဖို့ မြန်မာက ကြိုးပမ်းဆဲကာလ၊ ၉၁ ဌာန အုပ်ချုပ်ရေးရလို့ အိန္ဒိယက ခွဲထွက်ခွင့်ရကာ အင်္ဂလိပ်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်ခံ ဖြစ်ခဲ့ပါတယ်။ 
၁၉၃၈ ခုနှစ်တွေမှာပဲ ဂျာမန်လူမျိုး အော်တိုဟန် (Otto Hann) နဲ့ စထရတ်စ်မန်း(Strassmann) တို့ ဟာ ယူရေနီယမ်သတ္တုကို နှေးတဲ့ နယူထရွန်နဲ့ပစ်ပြီး စမ်းသပ်မှုပြုလုပ်တဲ့အခါ နျူကလီးယပ် နှစ်ခြမ်း ကွဲခြင်းကို တွေ့ရှိခဲ့ကြတယ်။ ၂၀၀ အမ်အီးဗွီ (200 MeV) ထွက်မည် ဖြစ်ကြောင်း၊ ဒီပမာဏဟာ ထူးထူးခြားခြား  ကြီးမားကြောင်း  သိပ္ပံ သုတေသီတို့သိရှိတဲ့အတွက် အထူးသတိထားပြီး သုတေသနကို ခရီး ဆက်ခဲ့ပါတယ်။
 
အဏုမြူဓာတ်ပေါင်းဖိုနဲ့အဏုမြူဗုံးပရိုဂျက်

ဒီသိပ္ပံတွေ့ရှိချက်ကို စစ်ရေးမှာသုံးဖို့ ရည်ရွယ်ချက်နဲ့ ၁၉၄၂ ခုနှစ် ဩဂုတ်လ ၁၃ ရက်မှာ အမေရိကန်နိုင်ငံ မင်ဟက်တန်ပရိုဂျက် (Man-hattan Project) လျှို့ဝှက်အမည်နဲ့ အဏုမြူဗုံးတည်ဆောက်ရေးဟာ ထိပ်သီးခေါင်းဆောင် ၁၂ ဦးမှအပ အများမသိဘဲပေါ်ပေါက်ခဲ့ပါတယ်။ သုံးနှစ်ကြာတဲ့အခါ  ဒီပရိုဂျက်ဟာ  အကောင်အထည်ပေါ်ခဲ့ပါတယ်။ ၁၉၄၂ ဒီဇင်ဘာလ ၂ ရက်နေ့ကတော့ ချီကာဂိုတက္ကသိုလ် အားကစား ကွင်းမှာ အီတလီပြည်ဖွား အင်ရီကိုဖာမီ (Enrico Fermi) ဦးဆောင်တဲ့ သိပ္ပံပညာရှင် ၃၉ ဦးဟာ အဏုမြူဓာတ်ပေါင်းဖိုကို  တည်ထောင်ခဲ့ပါ တယ်။ ဥရောပမှာ စစ်ရိပ်တွေ၊ ယမ်းငွေ့တဝေဝေနဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေဆဲ ကာလထဲမှာ သိပ္ပံပညာရှင်တို့ဟာ သူ့အလုပ်နဲ့သူ ကျားကုတ် ကျားခဲ သဲသဲမဲမဲဆောင်ရွက်တာ သိရှိရတော့ သိပ္ပံအရာမှာ တာဝန်ကျေ သူတွေအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နဲ့ဂျပန်နိုင်ငံတို့ဟာ အဏုမြူ ဓာတ်ပေါင်းဖို တွေ တည်ထောင်၊  လျှပ်စစ်ဓာတ်အားထုတ်၊ အမေရိကန်နဲ့ ရုရှားနိုင်ငံ တို့ဟာ   ကမ္ဘာ့အင်အားကြီး  နိုင်ငံဖြစ်ဖို့  လျှပ်စစ်သာမက အဏုမြူ လက်နက်တွေ ထုတ်တဲ့အဆင့်အထိ တိုးမြှင့်ခဲ့တာ သမိုင်းစာမျက်နှာ တွေမှာ တွေ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ 

အမေရိကန်သမ္မတ ထရူးမင်းလက်ထက် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက် သောကြာနေ့နံနက်ခင်းတွင် ပထမအဏုမြူဗုံးကို ဟီရိုရှီးမားမြို့ ပေါ်၊ ဩဂုတ်လ ၉ ရက် တနင်္လာနေ့တွင် ဒုတိယအဏုမြူဗုံးကို နာဂါစကီ မြို့ပေါ် ချခဲ့ရာ လူနေအိမ်ခြေပေါင်းများစွာနဲ့ စုစုပေါင်း လူတစ်သိန်း ကျော် သေဆုံးခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် ဂျပန်ဟာ လက်နက်ချကြောင်း   ကြေညာခဲ့ပါတယ်။   ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးခဲ့ပါတယ်။

နှစ်ပေါင်း ၁၀၀ ဂျပန်နိုင်ငံရဲ့သမိုင်းပြောင်းလဲလာပုံ 

သမိုင်းကို ပြန်လည်ကောက်ရရင် ၁၈၅၃ ခုနှစ်မှာ ကိုမိုဒိုမက်သရူး ပယ်ရီဟာ  ဂျပန်ကျွန်းကိုရောက်၊  ၁၉၄၁  ခုနှစ်မှာ  ဂျပန်နိုင်ငံဟာ ပုလဲဆိပ်ကမ်းကိုဗုံးကြဲကာ ဒုတိယကမ္ဘာစစ်ထဲဝင်ခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ဂျပန်စစ်ရှုံး ခဲ့တယ်။ ဂျပန်အတွက် ခံပြင်းစရာပါပဲ။ ပထမ ကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ လူ့သမိုင်းမှာ ပြောလို့မကုန်၊ ကြီးမားတဲ့ အမည်းစက်ကြီးအဖြစ် ထင်ကျန်ရစ်ခဲ့ပါတော့ တယ်။ 

ဂျပန်ဟာ   ပြာပုံဘဝကထ၊    စစ်လျော်ကြေးပေးရဖို့   ကိစ္စဟာ တွေးကြည့်ရင်   အလွန်လေးလံတဲ့   ဝန်ထုပ်ဝန်ပိုးကြီးပဲ။  ဂျပန် တစ်မျိုးသားလုံးရဲ့အရေး၊ ကမ္ဘာကလိုချင်တဲ့ တန်ဖိုးမြင့်ကုန်ချောတွေ ထုတ်ရောင်းချတဲ့နည်းပဲ ရှိတော့တယ်လို့ ဘုရင်မင်းမြတ်ကအစ ဂျပန် အစိုးရက   ဆင်ခြင်သုံးသပ်ခဲ့တယ်။    သိပ္ပံနဲ့နည်းပညာတွေကို ကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေထဲက စီးပွားဖြစ်အောင် မီးကုန်ယမ်းကုန်   ရှာဖွေခဲ့ပြီး   ပြာပုံထဲက ထခဲ့ပါတယ်။ ဂျပန်တို့ရဲ့ မျိုးရိုးဗီဇနဲ့ ရေခံမြေခံကောင်းလို့ပဲ။ ဉာဏ်အမြော်အမြင်နဲ့ ကံဉာဏ် ဝီရိယကြောင့် ကမ္ဘာ့အလယ်မှာနေရာရနေခြင်းပဲ။

အဲလ်ဖရက် နိုဘယ်လ်   (Alfred Nobel)   တီထွင်ထုတ်လုပ်ခဲ့တဲ့ ခဲယမ်းတို့ ဒီလုပ်ငန်းကရတဲ့  အကျိုးအမြတ်နဲ့  နိုဘယ်လ်ဆုကို သိပ္ပံ ပညာရှင်၊ စီးပွားရေးပညာရှင်များနဲ့ ငြိမ်းချမ်းရေး အားကြိုးမာန်တက် ဆောင်ကြဉ်းခဲ့သူတွေကို  ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ၂၀၂၁ ခုနှစ် တိုင် နိုင်ငံအသီးသီးက သိပ္ပံ၊ စာပေ၊ စီးပွားရေး၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် အရေအတွက်အရ အမေရိကန်နိုင်ငံက လူ ၄၀၀  နဲ့ ယနေ့ထိ ဦးဆောင်လျက်ရှိတာကို တွေ့ရပါတယ်။

နိုင်ငံ    နိုဘယ်လ်ဆုရရှိသူအရေအတွက်

ယူကေ    ၁၃၈
ဂျာမနီ    ၁၁၂
ပြင်သစ်    ၇၁
ဆိုဗီယက်ရုရှား    ၃၂
ဆွီဒင်    ၃၂
ဂျပန်    ၂၉

ဒုတိယကမ္ဘာစစ်ကြီးအပြီး လေးနှစ်အကြာ ၁၉၄၉ ခုနှစ်မှာ ဂျပန်ဟာ ရူပဗေဒပညာရပ် နိုဘယ်လ်ဆုကို စတင်ဆွတ်ခူးနိုင်ခဲ့တယ်။ ဂျပန် လူမျိုးထဲက နိုဘယ်လ်ဆုရှင် ၂၉ ဦးရှိခဲ့တာဟာ လွန်စွာထူးခြားပါတယ်။ အရေအတွက်ကိုကြည့်ရင် ဂျပန်လူမျိုးတို့ဟာ အံ့ဩလောက်အောင် ထူးချွန်တာတွေ့ရပါတယ်။ ဂျပန်ဟာ နှစ်ပေါင်း ၇၀ အတွင်း ရူပဗေဒမှာ ၁၂ ဦးအထိ နိုဘယ်လ်ဆုဆွတ်ခူးနိုင်ခြင်းမှာ ဥရောပရူပဗေဒပညာရှင် များကဲ့သို့ ထူးချွန်ကြောင်း သက်သေပဲဖြစ်ပါတယ်။ 

၁၉၈၃ ခုနှစ်ကလည်း ဂျပန်နိုင်ငံရဲ့စီးပွားရေး တစ်ရှိန်ထိုးတိုးတက် လာမှုကို   အကြောင်းပြုပြီး    ဂျပန်နိုင်ငံရဲ့   ပညာရေးအခြေအနေကို အမေရိကန်တို့ ဆန်းစစ်ချက်ပြုခဲ့ကြရတယ်။ အဲဒီလို ဆန်းစစ်ချက် တွေအရ အမေရိကန်နိုင်ငံရဲ့ တုန်လှုပ်ဖွယ်အခြေအနေကိုဖော်ပြတဲ့ “The Nation at Risk” ဆိုတဲ့ စာအုပ်ပေါ်ထွက်ခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ဂျပန်ဟာ သိပ္ပံပညာရပ်ထွန်းကားရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးတွေ ကအစ ဝင်ဆံ့နေတာကို တွေ့ရပါတယ်။         
  

ဒါတွေကို မြန်မာတို့ ရှုမြင်သုံးသပ်ခြင်းအားဖြင့် ဘက်ပေါင်းစုံက အားထုတ်ကြရမယ်ဆိုတာ ပြောဖွယ်ရာ မလိုပြီ။ ကိုယ့်ရဲ့အားနည်းချက် ကိုပြင် နည်းပညာရဖို့ ကိုယ်တိုင်လုပ်ရပါလိမ့်မယ်ဆိုတဲ့သင်ခန်းစာ ရလာပါတော့တယ်။

ဂျပန်နိုင်ငံရဲ့ သူမတူထူးခြားအောင်မြင်မှု

ဂျပန်နိုင်ငံရဲ့ သူမတူထူးခြားအောင်မြင်မှုရဲ့ အရင်းခံဟာ ဂျပန် လူထုပဲ၊   လူထုဟာ  အဓိကကျပါတယ်။  ဂျပန်တို့ဟာ  ဉာဏ်ရည် ကောင်းသူတွေဖြစ်ကြတယ်။ အလုပ်ကြိုးစားလုပ်သူတွေဖြစ်တယ်။ ခေါင်းဆောင်ကောင်းကိုချည်း မျှော်လင့်သူတွေမဟုတ်။ သယံဇာတ ကောင်းကောင်းရှိဖို့ မိုးကိုချည်းပဲ မျှော်လင့်နေသူ မဟုတ်ကြပေဘူး။ ရေမရှိရင် ရေရအောင်လုပ်မယ့်သူတွေ၊ လျှပ်စစ်မရှိရင် ရှိအောင်ကြံဖန် လုပ်တတ်တဲ့ လူမျိုးဟု ခန့်မှန်းနိုင်ပါတယ်။ အဏုမြူဗုံးဒဏ်ခံရတဲ့ နိုင်ငံဖြစ်ပေမယ့် လျှပ်စစ်စွမ်းအင်ရဖို့ အဏုမြူဓာတ်ပေါင်းဖိုပေါင်း ၅၀ ကျော်ကို တည်ဆောက်အသုံးပြုနေပါတယ်။ ဂျပန်နိုင်ငံဟာ မြေငလျင် ကျော၊ ငလျင်စက်ကွင်းထဲမှာ ရှိနေတာတောင် အဏုမြူဓာတ်ပေါင်းဖို ၅၀ ကို စွန့်စွန့်စားစား တည်ဆောက်တဲ့သတ္တိဟာ အဘယ်မှာရှိနိုင် မလဲ။ ဒါတွေဟာ ဂျပန်ရဲ့ အောင်မြင်ခြင်းတရားတွေ ဖြစ်တယ်။ 

 ဒီလိုအောင်မြင်ဖို့ဆိုရင် ဂုဏ်ဒြပ်ရှိတဲ့မိသားစုထဲ ရောက်နေရမယ်၊ ချမ်းသာတဲ့သူ အာဏာရှိတဲ့ သူထဲမှာ မွေးဖွားရမယ်။ မိတ်ကောင်း ဆွေကောင်းတွေ  အမှီကောင်းတွေရှိမှလို့   တချို့ကပြောကြတယ်။ တကယ်တော့ ဒါတွေဟာလိုအပ်ချက်တွေ မဟုတ်ပါဘူး။

ရှေးယခင်ကတည်းက    ဂျပန်ခေါင်းဆောင်တွေ၊  စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဆင်းရဲတဲ့မိသားစုတွေက မွေးဖွားလာကြတာ ဖြစ်ပါတယ်။ တန်းစဉ်ပညာရေး အနည်းငယ်သာရှိတဲ့သူတွေလည်း ဖြစ်ကြတာ  တွေ့ရပါတယ်။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စိတ်ကူးတွေရှိကြ တယ်။ အဲဒီစိတ်ကူးတွေကို လက်တွေ့အောင်မြင်သည်အထိ အကောင် အထည် ဖော်နိုင်တဲ့သူတွေဖြစ်တယ်။ 

ဂျပန်ဟာ စက်မှုအလွန်ထွန်းကားတဲ့ နိုင်ငံဖြစ်နေတာတောင် ထူးခြားချက်တစ်ခုက လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လက်မလွှတ် ဘဲ ထိန်းထားတာဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဟာ အကြောင်းရင်း ပဲလို့ ထင်မြင်စရာရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးဟာ ကုန်ကျစရိတ် မြင့်မားတဲ့ လုပ်ငန်းဖြစ်တယ်။ အမေရိကန်နဲ့ ထိုင်းနိုင်ငံက ဆန်ကို ဈေးသက်သက်သာသာနဲ့   ဝယ်စားနိုင်ပေမယ့်   သွင်းကုန်အဖြစ် လက်မခံဘူး။ စစ်ရေးအရ ကိုယ့်အားကိုယ်ကိုးနိုင်ရမယ့်  သဘောလည်း ပါမယ်။ မိရိုးဖလာသဘောမျိုး လုပ်နေတာလည်း မဖြစ်နိုင်လောက်ဘူး။ ပညာခေတ် ပညာပါတဲ့ စိုက်ပျိုးရေးပညာကို အခြေပြုတဲ့ လူမှုစီးပွား ဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသို့ လှမ်းတာပဲဖြစ်မယ်။ ဂျပန်နိုင်ငံရဲ့ လယ်ယာခွင်လုပ်ငန်းတွေဟာ ပိုပြီးအလားအလာကောင်းတဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်လာပါမယ်။ ဂျပန်လယ်သမားတွေဟာ ဒီအတွက် တာစူနေပုံရပါတယ်။ နည်းပညာအခြေခံတဲ့စိုက်ပျိုးရေး (Knowledge based Agriculture) ကို ပို၍ပို၍ လှမ်းနေတယ်လို့ ခန့်မှန်းရပါတယ်။ 

ဂျပန်လူမျိုးတို့ရဲ့ စိတ်ဓာတ်ဟာ အံ့မခန်းစရာကောင်းလှပါတယ်။ ဂျပန်စိတ်ဓာတ်၊ အနောက်တိုင်းပညာ၊ အနောက်ယဉ်ကျေးမှုနဲ့ သင်ယူ မှု၊ ဒီနှစ်ချက်ဟာဦးနှောက်အတွက်ပဲ၊ နှလုံးသားက ဂျပန်ပဲ၊ အပြောင်း အလဲမရှိ၊ ပကတိအတိုင်းဂျပန်ပဲ။ ဒါကြောင့်ပဲဖြစ်မယ်၊ ဂျပန်အရာရှိကြီး များဟာ   နိုင်ငံခြားအတွေးအခေါ်တွေကြောင့်   သာမန်ဂျပန်တို့ရဲ့ ဦးနှောက်ကို ပုန်ကန်ထကြွ အကြမ်းဖက်မှုဖြစ်မှာကို စိုးရိမ်ပူပန်ကြ တယ်လို့ ဆိုပါတယ်။

သိပ္ပံသမိုင်းစာမျက်နှာ

သိပ္ပံသမိုင်းစာမျက်နှာကို      ပြန်ကောက်ရရင်   ဂူတင်ဘတ် (Gutenberg) ဟာ  ပုံနှိပ်စက်ကို  တည်ဆောက်ခဲ့တယ်။ ကော့ပါး နီးကပ်စ် (Copernicus)  ကနေအဝန်းအဝိုင်းကို  လေ့လာခဲ့လို့ နေနဲ့ ဂြိုဟ်များရဲ့   အနေအထားကို   ဖော်ထုတ်ခဲ့ပါတယ်။   ၁၉ ရာစုမှာ ဒြပ်တို့ရဲ့အခြေခံအသေးငယ်ဆုံးအက်တမ်ကိုတွေ့ခဲ့ပြီး ၂၀ ရာစုအစမှာ အက်တမ်ကို ခွဲခြမ်းစိတ်ဖြာကာ ပို၍နားလည်ခဲ့ပါတယ်။ လေယာဉ်နဲ့ ကောင်းကင်ထိ ပျံသန်းနိုင်ခဲ့တယ်။ နှိုင်းရယေဘုယျ သီအိုရီ (General Theory of Relativity) ကို သိရှိနားလည်လို့ အာကာသသွားလာ စူးစမ်းရေးအတွက် အထောက်အပံ့ ဖြစ်ခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်များမှာ လကမ္ဘာကို လူသားများ စတင်ဆင်းသက်နိုင်ခဲ့ပါတယ်။ 

ရှေးယခင်က သဘာဝသိပ္ပံ  ဇီဝသိပ္ပံများကို အထူးလိုက်စားခဲ့တဲ့ လူးဝစ်ပါစချာ၊ နယူတန်၊ ဂရီဂိုမင်ဒယ်လ်၊ ဒါဝန်၊ ဂျွန်ဒေါ်လတန်၊ ဂျိမ်းစ်ဝပ်(တ်)ဆန်၊ ဖရန်စစ်ခရစ်(က်) အက်ဒီဆင်၊ အိုင်းစတိုင်း၊ ရိုက်ညီ နောင်တို့ ကဲ့သို့သော ပုဂ္ဂိုလ်များဟာ ကမ္ဘာကို စံနမူနာတွေပြခဲ့ကြ ပါတယ်။   ထိုသူတို့တစ်ဦးချင်းဆီရဲ့    သုတေသနတွေ့ရှိချက်တွေ၊ ထပ်ဆင့်တည်ဆောက်မှုတွေ၊           တီထွင်ဆန်းစစ်မှုတွေဟာ လူ့ယဉ်ကျေးမှုကြီးဖြစ်ပေါ်ပုံမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။ နေစကြဝဠာအတွင်းက ဗီးနပ်နဲ့ အင်္ဂါဂြိုဟ်များဆီသို့ ယာဉ်ငယ်များ လွှတ်တင်ကာ လေ့လာမှုတွေ လုပ်လာပါတယ်။ သူတို့ထံက သင်ကြား မှုတွေ   လက်ဆင့်ကမ်းရရှိလာတဲ့   အသိပညာအမွေအနှစ်တွေဟာ အကျိုးရှိရှိ ပညာပါပါသုံးတတ်တဲ့အတွက် လူသားတို့ရဲ့ အသုံးအဆောင် တွေ ဖြစ်လာခဲ့ပါတယ်။   လူတို့ရဲ့ဘဝ   အစိတ်အပိုင်း ဖြစ်တဲ့လူတွေ အလုပ်လုပ်ကြပုံ၊   အသက်မွေးဝမ်းကျောင်း  ပြောင်းလဲလာပုံတွေ အနာဂတ်အရေး စဉ်းစားတွေးခေါ်ပုံအထိ ရိုက်ခတ်ခဲ့တာအမှန်ပဲဖြစ် ခဲ့ပါတယ်။ ဂျီနှုန်းနည်းပညာဟာလည်း မကြာမတင်မှာပဲ ဒီသဘော ဆောင်ပါလိမ့်မယ်။ ၁၉၅၃ ခုနှစ်နောက်ပိုင်းမှာတော့ မျိုးရိုးဗီဇဂျီနှုန်း (Heredity Genome) ခေတ်ကြီးထဲ ဝင်ရောက်လာတာကို ယခုအခါမှာ ပို၍တွေ့မြင်လာရပါတယ်။

မျိုးရိုးဗီဇခေတ်  

၁၉၅၃ ခုနှစ်မှာ အမေရိကန်သိပ္ပံပညာရှင် ဂျိမ်းစ်ဝပ်(တ်)ဆန်နဲ့ ဗြိတိသျှ   ပါမောက္ခ   ဖရန်စစ်ခရစ်(က်)  တို့ဟာ    မျိုးရိုးဗီဇအခြေခံ  ဒီအောက်ဆီရိုင်ဗိုနျူကလီးယစ်အက်စစ် (Deoxyribonucleic Acid) ဒီအင်န်အေ (DNA) ကို တွေ့ရှိခဲ့တာဟာ   တိုးတက်မှုကြီးပဲ။ သိပ္ပံနဲ့နည်း ပညာလမ်းကြောင်းပေါ်က  DNA  ဟာ  အနာဂတ်အပြောင်းအလဲ ကြီးဖြစ်နိုင်တော့ ၂၁ ရာစုဟာ မျိုးရိုးဗီဇခေတ် (Genome) ဂျီနှုန်းခေတ် ပဲ။ ၂၁ ရာစု သိပ္ပံအရာမှာဆိုရင် ဂျီနှုန်းခေတ်ပဲ။ စီးပွားရေး၊  လူမှုရေးနဲ့ ဆက်စပ်ယှက်နွှယ်နေတဲ့ ပညာရေးဟာလည်း ဟန်ချက်ညီညီ ပြုပြင် ပြောင်းလဲရမှာ ဖြစ်ပါတယ်။

မျိုးရိုးဗီဇဆိုတဲ့အတိုင်း  ဘိုးဘေးဘီဘင်တွေဆီက မျိုးဗီဇဂျင်းတွေ ဟာ အဘိုးအဘွား၊ မိဘ သားသမီးတွေ အထိ စီးဆင်းပါလာလေ့ရှိတာကို မန်ဒဲလ်ကစတင်ပြီး နားလည်ခဲ့ပါတယ်။ ယနေ့ စားသုံးနေတဲ့ဆန်၊ ဂျုံနဲ့ ပြောင်းတို့ဟာ ရှေးယခင်နှစ်ပေါင်းများစွာက စားလို့မရလောက် အောင် မာကျောခဲ့ပါတယ်။ နှစ်ပေါင်းများစွာက ခရမ်းချဉ်သီးတွေဟာ သေးသေးငယ်ငယ် ဘယ်ရီသီးတွေပဲ၊ ယနေ့ ပန်းအလှတို့ဟာလည်း ရှေးရှေးတုန်းကလို မဟုတ်တော့ဘဲ မျိုးစပ်ထားတာကြောင့်လှနေ ကြတာ၊ ရောင်စုံဖူးပွင့်ကြတာဖြစ်တယ်။ ယနေ့ အိမ်မွေးခွေးများဟာ ရှေးယခင်က ဝံပုလွေ မျိုးနွယ်တွေဖြစ်ခဲ့တယ်။ မျိုးရိုးဂျီနှုန်းတို့ဟာ သဘာဝအလျောက်ကို  ပြောင်းလဲနေတာ ဖြစ်ပါတယ်။ နှစ်ပရိစ္ဆေဒ ကြာအတွင်း သဘာဝတရားကြီးက ရွေးချယ်မှုလုပ်ပေးတာသည်ပင် ကမ္ဘာကို  အလှဆင်ပေးသလို အံ့ဖွယ်ရာတွေ ဖြစ်ခဲ့ပါတယ်။ အဓိက ကတော့ အပင်လောကထဲက ဒီအင်န်အေ မျိုးရိုးဗီဇတွေကို ပြောင်းလဲ ဖြတ်တောက်၊ သင့်သလို ပြန်လည်ပေါင်းစပ်ပြီး ဥပမာ လူ့အတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေထုတ်ပေးတဲ့နည်းတွေ တွေ့ရှိလာနိုင်ပါ တယ်။ အသစ်ဖန်တီးမယ့်  ဒီနည်းပညာကို   စနစ်တကျနဲ့   ဖွံ့ဖြိုး အောင်မြင်လာဖို့ လိုအပ်ပါတယ်။ ကြက်၊ ဝက်၊ ငှက်၊ ငါး၊ တီကောင် အပါအဝင် လူတွေရဲ့ အသက်ဖြစ်စဉ် (Life Processes) တွေမှာ ဆဲလ် (cell) တစ်ခုချင်းထဲက DNA ဟာ လျှို့ဝှက်စကားတွေနဲ့ အလုပ်လုပ် နေတယ်ဆိုတာ သိလာရပါတယ်။ 

“ခရစ်နှစ် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ခင်ဗျားဟာ အင်တာနက်ကောင်းကောင်း သုံးနိုင်ပြီဆိုရင် ကမ္ဘာ့မြေပုံကိုမြင်ရသလို ဗက်တီးရီးယားကအစ လူရဲ့ဂျီနှုန်းကို ကျွန်တော်တို့ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်”လို့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့မှာ  ဂျီနှုန်းနဲ့ ပတ်သက်ပြီး ချီးမွမ်း စကားကိုပြောခဲ့ပါတယ်။ “ကျွန်တော်တို့တစ်တွေဟာ ဘုရားသခင် ဖန်ဆင်းတဲ့ အသက် (Life) ရဲ့  လျှို့ဝှက်ကုတ်စကားကို  လေ့လာသင်ယူ နေပြီဖြစ်ပါတယ်။  ဒီကိစ္စဟာ   ယုံမှားသံသယဖြစ်စရာ အကြောင်းမရှိ၊ အလွန်အံ့ဖွယ်ကောင်းတဲ့     ဂျီနှုန်းမြေပုံကြီးကို     လူသားတို့က ဖော်ထုတ်ပြသနိုင်တာဖြစ်ပါတယ်” လို့ အနှစ်ချုပ်ကို ပြောခဲ့ပါတယ်။ 

(ဆက်လက်ဖော်ပြပါမည်)