လောက်ကိုင်မြို့နယ်၌ တောင်ပြိုကျမှုကြောင့် ယာဉ် ၃ စီးပျက်စီးပြီး ၂ ဦးဒဏ်ရာရ

နေပြည်တော် ၃၀   ဇူလိုင် 

ရှမ်းပြည်နယ်၊  လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း-လောက်ကိုင် ကားလမ်း “တောင်ညီနောင်” စစ်ဆေးရေးဂိတ်အနီး၌ ဇူလိုင် ၂၉ ရက်  နံနက်ပိုင်းက တောင်ပြိုကျမှုကြောင့် မော်တော်ယာဉ် ၃ စီးပျက်စီးပြီး အမျိုးသား  ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်နေရာ၌ တောင်ပြိုကျမှုကြောင့် ပေ(၂၀x၁၉) ခန့်ရှိ ကျောက်တုံးတစ်တုံး လမ်းပေါ်သို့ ပြုတ်ကျခဲ့ပြီး အဆိုပါလမ်းအတိုင်း လောက်ကိုင်မြို့ဘက်မှ ရန်လုံကျိုင်းကျေးရွာ ဘက်သို့ သွားလာနေသည့် ရန်လုံကျိုင်းကျေးရွာနေ လီချင်းရန် မောင်းနှင်သော KK/xxxx Vigo Hilux ယာဉ်နှင့် ဆူဟိုင်းရင် မောင်းနှင်သော KF/xxxxx Howo ယာဉ်အပြင် ဝူးကျင်းရောင်(၃၀)နှစ် မောင်းနှင်သော KKA/xxxx(LKS) ယာဉ်တို့အား ထိမှန်ခဲ့သဖြင့် ၎င်းယာဉ် ၃ စီးမှာ ပျက်စီးခဲ့ပြီး လီချင်းရန်(ခ)လီဖျင်အန်းနှင့် ဆူဟိုင်းရင်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ ရန်လုံကျိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့မှ သွားရောက် ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်များပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)