လျှောက်သောလမ်းဖြောင့်ဖြူး၍ ပွင့်သောပန်းတိုင်း လန်းစေမည်

အမောင်(မြန်မာပြည်သား)၊ အေးကျော်(ရူပဗေဒ)

နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ရုရှားနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ အချိန် အလပ်အကြား မရှိ    ဟိုမှသည်ဆီ   သည်မှသည်လည်း ဟိုဆီသို့  ကူးချည်သန်းချည်ဖြင့် အလုပ် သဘောကို လုပ်အားဖြင့် သက်သေပြုရ သည်။ 

ချစ်ကြည်ရင်းနှီးမှု တည်ဆောက်မည့်အခြေအနေ

ရုရှားမြေသို့ ရောက်ရှိသည့် နေ့ရက် တွင်ပင်  ဝေးကွာလှသည့်  ခရီး၊ အချိန် များစွာ   စီးနင်းခဲ့ရသည့်  လေကြောင်း ခရီးစဉ်တို့ကို အလေးမမူနိုင်ဘဲ တွေ့ဆုံ ဆွေးနွေးမှုကို စတင်သည်။ ဦးစွာ တွေ့ဆုံ ဆွေးနွေးသည်က ရုရှား-မြန်မာ ချစ်ကြည် ရေးအသင်း     ဥက္ကဋ္ဌ    Mr. Dmitriev Mikhail Arkadievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်၊   တွေ့ဆုံသည့် နေရာက  ခေတ္တတည်းခိုနေထိုင်သည့် Metropol ဟိုတယ်၏ ဧည့်ခန်းမဆောင်၊ ရုရှား-မြန်မာ     ချစ်ကြည်ရေးအသင်း ဟူသော ဝိသေသအားဖြင့် အဓိပ္ပာယ် ပြည့်ဝလှသည့် ကိုယ်စားလှယ် အဖွဲ့တို့ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးမှုမှာ        လေးနက်လှသည်။ နွေးထွေးလှသည်။ အပြန်အလှန်သော ဆွေးနွေးမှုများတွင် နှစ်နိုင်ငံ၏ စီးပွား ရေးဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်မှု   မြှင့်တင်ရေးကိစ္စ၊ နိုင်ငံ အလိုက် ယုံကြည်ကိုးကွယ် ဆည်းကပ် သည့် ဘာသာများအလိုက် ချစ်ကြည် ရင်းနှီးမှု တည်ဆောက်မည့်အခြေအနေ၊ ထိုမှသည် ကမ္ဘာလှည့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား   အထောက် အကူပြုနိုင်မည့် အခြေအနေများပါသည်။ နိုင်ငံတည်ဆောက်ရေးတွင်  အရေးကြီး သည့်    အခန်းကဏ္ဍတွင်   ပါဝင်လျက် ရှိသည့် ပညာရေးကဏ္ဍလည်းပါသည်။

ပညာသင်များ စေလွှတ် ဆောင်ရွက်ရန် ဆွေးနွေး

ပညာရေးအရ ပူးပေါင်းဆောင်ရွက် ရေးတွင် စစ်ဘက်ပညာသင်များသာမက အရပ်ဘက်ပညာသင်များကိုပါ စေလွှတ် ဆောင်ရွက်ရန်       ဆွေးနွေးသည်။ အနာဂတ်        မြန်မာနိုင်ငံတော်ကြီး အား  ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအားဖြင့် တည်ဆောက်နိုင်မည့်    အခြေအနေမို့ ဝမ်းမြောက်ဖွယ် သတင်းစကားဆိုလျှင် မှားမည်မထင်ပေ။  အခြားသော  အရပ် ဘက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကဏ္ဍများအလိုက် မြှင့်တင်ဆောင်ရွက် နိုင်မည့်      အခြေအနေများကိုလည်း ဆွေးနွေးကြသေးရာ နယ်ပယ်အားဖြင့် မနည်းလှသည်ကို     သတိပြုမိသည်။ ခင်မင်ရင်းနှီးမှု၊  ပွင့်လင်းဖော်ရွေသော ပြောဆိုဆက်ဆံမှုများတွင်      နှစ်နိုင်ငံ ကိုယ်စားလှယ်များ၏ အပြုံးများက လှပ လွန်းလှသည်။ နှစ်နိုင်ငံအကြီးအကဲများ ၏ ယခုကဲ့သို့ တိုင်းကျိုးပြည်ပြု ဆွေးနွေး မှုများသည် စာရေးသူတို့၏နိုင်ငံအတွက် ခေတ်မီတိုးတက်လာမည့်၊ အခွင့်အလမ်း ပွင့်လန်းလာမည့်၊ မိတ်ကောင်းဆွေဖော် တိုးပွားလာမည့် အခြေအနေကောင်းများ အတွက်    ကြိုတင်အုတ်မြစ်ချသည့် အလားအလာကောင်းများ    ဖြစ်သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမိ သည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ 

နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက်မြင့်မားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့၏ အမိမြန်မာ နိုင်ငံတော်၏     အနာဂတ်အတွက် ရည်မျှော်သည့် ဒုတိယအကြိမ်ဆွေးနွေးမှု သည်    ရုရှား-အာဆီယံ   စီးပွားရေး ကောင်စီ  ဥက္ကဋ္ဌ    Mr. Ivan Polyakov ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့နှင့် ဖြစ်သည်။ တွေ့ဆုံဆွေးနွေးသည့် နေရာ မပြောင်းသကဲ့သို့ နိုင်ငံတော်၏ အကျိုး စီးပွားတိုးတက်မြင့်မားရေးနှင့် ပြည်သူ လူထုအတွက် ရှေးရှုသည့် ဆွေးနွေးမှုမှာ လည်း  မပြောင်းလဲ။  မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးမွေးမြူရေးကို အခြေတည်သည့် ခေတ်မီနိုင်ငံတစ်ခုအဖို့ ဆွေးနွေးမှုများက ရလဒ်ကောင်းတွေ      ထွက်လာတာ သတိပြုမိသည်။ ဆွေးနွေးခဲ့သည့်အချက် များကား စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များတင်ပို့ရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက်       လိုအပ်သည့် နည်းပညာလိုအပ်ချက်များ     ပူးပေါင်းဆောင်ရွက်ရေးတို့ပါသည်။ 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး 
ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ

နှစ်နိုင်ငံကြား ပို့ကုန်သွင်းကုန်ကဏ္ဍ များတွင်     လက်ရှိဆောင်ရွက်နေမှုများ မှ  ပိုမိုအဆင့်မြှင့်တင်နိုင်ရေးကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြရုံသာမက မြန်မာနိုင်ငံအတွက်       လိုအပ်ချက် ဖြစ်နေဆဲဖြစ်သည့်   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်      အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။ ကိုယ်စားလှယ် အဖွဲ့၏   မြန်မာနိုင်ငံအကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုများမှာ မြန်မာအတွက် “အား”ပါသည်။ မြန်မာအတွက် “ခါး” စေမည့်အရာ တစ်ခွန်းတစ်စလေးသော် မျှ မပါ။ ဤတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာတိုင်းရင်းသားများ၏ ဆီသုံးစွဲမှု များပြားခြင်းအပေါ်     စိုးရိမ်စိတ်ဖြင့် ဆီသုံးစွဲမှုလျှော့ချရေး တိုက်တွန်းချက် ကို    သတိပြုမိသကဲ့သို့   တိုင်းရင်းသား  ပြည်သူများ တောင်သူလယ်သမားများ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပိုမိုတိုးတက် ပြီး      ပြည်ပပို့ကုန်အဆင့်ဖြစ်စေရန် ကြိုးစား    ဆောင်ရွက်နေမှုများတွင် စေတနာ၏    ပြယုဂ်ကို    မြင်တွေ့နိုင် သည်။


မြန်မာနိုင်ငံ၏ စီးပွားရေး     ပိုမိုဦးမော့လာတော့မည့် အနေအထား


ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင် မှန်တို့၏ စိတ်သဘောထားကြီးမြတ်မှုကို ကွက်ကွင်းစွာ  သိမြင်ခွင့်ရသည်ဆိုလျှင် လည်း မှားမည်မထင်ပေ။ အမိမြန်မာ နိုင်ငံ၏   စားသောက်မှုပုံစံအရ  ကြော်၊ လှော်၊ ချက်၊ ပြုတ်စားသောက်ခြင်းကို ပြုကျင့်ကြသည့်အတွက် စားသုံးဆီသည် လည်း မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေး ထုတ်ကုန်တစ်မျိုး ဖြစ်ပေသည်။ စိုက်ပျိုး ရေးကို နည်းပညာနှင့် ပေါင်းစပ်အားဖြည့် စိုက်ပျိုးခြင်းဖြင့်      ကုန်ကြမ်းသာမက ကုန်ချောကိုပါ  အဆင့်အတန်းမြင့်မားစွာ၊ အခြားနိုင်ငံများနည်းတူ                  နည်းပညာ မြင့်မားစွာ  ထုတ်လုပ်လာနိုင်မည်ဖြစ် သည်။ စာရေးသူတို့ နိုင်ငံအတွက် လိုအပ် မည့်   လျှပ်စစ်ဓာတ်အားကဏ္ဍအပြင် ပို့ကုန်/သွင်းကုန်ကဏ္ဍများကိုပါ   မူလ ထက် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ဆွေးနွေးနေကြသည်မှာ မြန်မာ နိုင်ငံ၏စီးပွားရေး     ယခုလက်ရှိထက် ပိုမိုဦးမော့လာတော့မည့် အနေအထား များဖြစ်ကြောင်း ကြိုတင်တွေးမြင်နေမိ ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့်   ကိုယ်စားလှယ်အဖွဲ့၏   တွေ့ဆုံ ဆွေးနွေးမှုများတွင်    အမိမြန်မာနိုင်ငံ တော်အတွက်  ခြေတစ်လှမ်းမကသော လှုပ်ရှားကြိုးပမ်းမှုများကိုလည်း တွေ့မြင် နိုင်သေးသည်။ နျူကလီးယားစွမ်းအင် ဆိုသည်မှာ   သုံးတတ်လျှင်   ဆေးဖြစ်၍၊ မလိုသူတို့က အသုံးချလျှင် ဘေးဖြစ်နိုင် သည်။ 

နျူကလီးယားစွမ်းအင်ကို  ငြိမ်းချမ်းစွာ အသုံးပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ အတွက် နျူကလီးယားကို  ဆေးအဖြစ် အသုံးချနိုင်မည့်    အခြေအနေများကို စူးစမ်းခဲ့သည်။     လေ့လာခဲ့သည်။   ယခု အလုပ်သဘောခရီးစဉ်တွင် အသေးစိတ် ဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့က ရုရှားနိုင်ငံပိုင် အဏုမြူ ကော်ပို ရေးရှင်း Rosatom State Corporations ဖြစ်ပြီး အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်   ဆွေးနွေးခြင်း ဖြစ်သည်။      နျူကလီးယားစွမ်းအင် နည်းပညာ       ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံ ပြည်သူလူထု  အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်နိုင်မည့်    အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍  သိပ္ပံနှင့်သုတေသန စမ်းသပ် ခြင်း၊   ဆေးဝါးထုတ်လုပ်ခြင်း၊  စိုက်ပျိုး ရေး၊      မွေးမြူရေးနှင့်    စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြု ဆောင်ရွက်နိုင်မည့်    အခြေအနေများ ကို အကျယ်တဝင့်ဆွေးနွေးကြသည်။ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ တွင်       မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသိပ္ပံပညာရှင်များ၏ စိတ်ပါဝင်စား နေမှု၊ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်သည့်   ဆွေးနွေးမှုများတွင် အားရကျေနပ်မှု၊ မြန်မာအတွက် ကောင်း သတင်းများ ယူဆောင်ပေးနိုင်တော့မည် ဟူသော   ယုံကြည်ချက်တို့မှာ  မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်      မြန်မာသိပ္ပံ ပညာရှင်များ၏     မျက်နှာထက်တွင် အထင်းသားပေါ်လွင်နေသည်။ 

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကိုယ်စားလှယ်အဖွဲ့များ၏   အပြန် အလှန်သော  နားလည်မှု၊  ဆွေးနွေးမှု၊ ညှိနှိုင်းတိုင်ပင်မှုတို့           အပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သိပ္ပံနှင့်      နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ      Rosatom State Corporations တို့သည်နားလည်မှု စာချွန်လွှာတစ်ရပ်ကို       အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အမိမြန်မာ နိုင်ငံအတွက် နျူကလီးယားကို အေးချမ်း စွာ အသုံးပြုခြင်း၊ အကျိုးရှိစွာအသုံးပြု ခြင်းတို့ကိုအပြင် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကိုလည်း ဆွေးနွေး နိုင်ခဲ့ကြသည်မှာ     အားရကျေနပ်ဖွယ် ကောင်းလှပါတော့သည်။ 

လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်စေလိုသည့်စိတ်

မျက်မှောက်ခေတ်သည်    သိပ္ပံနှင့် နည်းပညာကို အခြေပြုတည်ဆောက်နေ သည့် ခေတ်ဖြစ်သည်။ ကျယ်ပြောလှ သည့်  သိပ္ပံနှင့်နည်းပညာ အခန်းကဏ္ဍ သည်   မျက်စိတစ်မှိတ်၊  လျှပ်တစ်ပြက် အတွင်းမှာပင်     တိုးတက်ထွန်းကား လျက်ရှိပေသည်။    မျက်ခြည်မျှင်မျှ ပြတ်လျှင်ပင်    လိုက်မမီလောက်သည် အထိ    တိုးတက်နေသည့်ကာလတွင် မိမိတို့နိုင်ငံသည်လည်း     နောက်တွင် ကျန်နေခဲ့ခြင်းမှာ မဖြစ်စကောင်း။ လူမျိုး တိုင်း၊  နိုင်ငံတိုင်းအနေဖြင့်    Moving Forward ဆိုသည့်အတိုင်း အတိတ်ကို ပြန်လှည့်ကြည့်နေခြင်း၊ ရပ်နေခြင်းမရှိဘဲ ရှေ့ကို ဆက်လက်လျှောက်လှမ်းနေကြ ခြင်းဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ကျန်နေခြင်းမှာ   မဖြစ်သင့်။    Moving Forward ဟူသည့်အတိုင်း  အမြဲရှေ့သို့ လျှောက်လှမ်းနေရမည်   ဖြစ်ပါသည်။ မိမိတို့   ဦးဆောင်နေသည့်ကာလတွင် နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအား အရင်း အမြစ်များကို တိုးတက်စေလိုသည့်စိတ်၊ ထွန်းကားစေလိုသောဆန္ဒကို    အကြီး အကဲအနေဖြင့် သတိပြုမိသည်။ 

သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

ထို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့်    ကိုယ်စားလှယ်အဖွဲ့ သည်      တစ်လှမ်းမကသော     ခြေလှမ်း အတွက်   State  Space Corporation “Roscosmos”မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံကာ အနာဂတ် မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးကြီး သည့် အခန်းကဏ္ဍတစ်ခုဖြစ်သည့် သိပ္ပံ  နှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုလည်း    ဆွေးနွေးနိုင်ခဲ့ သည်။ 

စိပ်စိပ်သောခြေလှမ်း၊  သွက်လက် သော   လှုပ်ရှားမှုတို့သည်   ရုရှားနိုင်ငံ ရောက် ကိုယ်စားလှယ်အဖွဲ့၏ လှုပ်ရှားတွေ့ဆုံဆွေးနွေးမှုများက   သက်သေပြု နေသည်။ နိုင်ငံတော်အား တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ သာယာမှုများအပါအဝင် ပညာ ရေး၊   စီးပွားရေးနယ်ပယ်များအလိုက် ဆွေးနွေးတွေ့ဆုံမှုများ၊      နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှုများနှင့် ပြီးပြည့်စုံသည်လို့တော့ မယူဆနိုင်သေး။ ထိုထိုသော      အကြောင်းခြင်းရာများ ပြီးပြည့်စုံစေရေး    အရှိန်အဟုန်မပျက် ဆက်လက်      ဆောင်ရွက်နိုင်ရေးတို့ အတွက်  ကာကွယ်ရေး  စွမ်းအားသည် လည်း အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ထို့အတွက် ကာကွယ်ရေး ကဏ္ဍအတွက်   တွေ့ဆုံဆွေးနွေးမှုများ လည်း    ဆောင်ရွက်ရဦးမည်ကို   အကြီး အကဲ ကောင်းစွာနားလည်သည်။


ထိုကာကွယ်ရေး     ကဏ္ဍအတွက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်း နိုင်ရန်           ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး  Army General Sergey  Kuzhugetovich  Shoigu  နှင့် အလွတ်သဘော       တွေ့ဆုံဆွေးနွေးရန် စီစဉ်ပြီးဖြစ်သော်လည်း      ဝန်ကြီး၏ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ယင်းကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ        ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌       အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးစဉ် နှစ်ဖက်ခေါင်းဆောင်များ၏ ကျယ်ပြန့် သောအမြင်ဖြင့်  နှစ်နိုင်ငံ  တပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု နှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို       ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့်   အခြေအနေများ၊ မြန်မာနိုင်ငံ၏       နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်း  ဆောင်ရွက်သွားမည့် အခြေအနေများ အား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။ 

ထို့ပြင်   မကြာမီကာလတွင်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ        တာဝန်ယူ ဆောင်ရွက်မည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ      ပြိုင်ပွဲများနှင့် လေ့ကျင့်ရေး    ဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်နိုင် ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက် ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြ သည်။ ဤအပိုင်းတွင် ယခင်နှစ်ပြိုင်ပွဲ များ၌   ပါဝင်ယှဉ်ပြိုင်ခဲ့သည့်   မြန်မာ့ တပ်မတော်ကိုယ်စားပြုအသင်း   အဖွဲ့ အသီးသီးကိုလည်း ဖော်ပြလိုတာရှိသည်။ ကိုယ်ခန္ဓာအချိုးအစား     ဖွဲ့စည်းပုံအရ ပါဝင်ယှဉ်ပြိုင်ရသည့်   ပြိုင်ပွဲတိုင်းတွင် အခက်အခဲတော့    ရှိခဲ့ကြသည်ချည်း ဖြစ်သည်။         အရိုးရှင်းဆုံးဆိုရလျှင် မနိုင်ဝန်ထမ်းရသည့် အခြေအနေဟုပင် ဆိုနိုင်လောက်သည့်    အခြေအနေဖြစ် သည်။   သို့သော်    မြန်မာ့တပ်မတော် ကိုယ်စားပြု  ယှဉ်ပြိုင်ခဲ့သည့်  အရာရှိ၊ စစ်သည်များ၏ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကြောင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံများနှင့် တာဝန်ယူ ကျင်းပခဲ့သည့် ရုရှားနိုင်ငံတို့က အလေးအနက်အထားချီးကျူးစကားဆိုခဲ့ရသည်ကို   တွေ့ခဲ့ရ သည်။

ယခု   ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှု များ၏ အသီးအပွင့်များသည် အချိုပေါ် သကာလောင်းသည့်နှယ် ရှိမည်ကိုလည်း အငြင်းစကား        ထွက်မည်မထင်ပါ။ တပ်မတော်အင်အားရှိမှ    တိုင်းပြည် အင်အားရှိမည်ဆိုသည့်အတိုင်း အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက် ရေးအတွက်        အကူအညီကောင်း၊ အထောက်အပံ့ကောင်း      ဖြစ်စေမည့် ဆွေးနွေးတွေ့ဆုံမှု   ဖြစ်သည့်အတွက်  ဝမ်းသာအားရနှင့်ကို ကြိုဆိုမိပါသည်။ 
(ဆက်လက်ဖော်ပြသွားပါမည်။)