လောင်မြိုက်မှုကို ငြိမ်းအေးစေဖို့

မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်လိုက်သော ပါမောက္ခချုပ် ဆရာတော်ကြီး၏တရားကို နာရသည့်အခါ နိုင်ငံသားတို့ ညီညွတ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ဆက်စပ်မှုကို ကွက်ကွက်ကွင်းကွင်း သိမြင်ရပါသည်။ ကျေးဇူးကြီးမြတ်လှပါသည်။

မြတ်စွာဘုရား၏ ပိဋကတ်တော်လာဓမ္မများကို ကိုးကားပြီး နိုင်ငံသားတို့အချင်းချင်းကြား ဆန့်ကျင်မှုများပြားခြင်း၊ မညီညွတ်ခြင်းတို့၏ အပြစ်များကို ဟောပြောခဲ့သည်မှာ မြန်မာ့ လူမှုအဖွဲ့အစည်းအတွက် မှတ်သားနာယူဖွယ်ဖြစ်ပါ၏။

နှစ်ဆယ်ရာစုအကုန်၊ နှစ်ဆယ့်တစ်ရာစုအကူးတွင် တစ်ရှိန် ထိုး ပြောင်းလဲလာသော ခေတ်မီနည်းပညာတို့၏ တိုးတက်မှုက လူမှုအဖွဲ့အစည်းအတွင်း ဆက်သွယ်ရေးအရှိန်ကို အံ့မခန်း မြင့်မားလျင်မြန်လာစေပါသည်။ ထိုကဲ့သို့ ဆက်သွယ်ဆက်ဆံရေး လျင်မြန်လာသည်နှင့်အမျှ မိမိတို့သဘောထားနှင့် တိုက်ဆိုင် လျှင် တိုက်ဆိုင်သလို၊ မိမိတို့လိုလားလျှင် လိုလားသည့် အလျောက်၊ ဆန့်ကျင်လျှင် ဆန့်ကျင်သည့်အလျောက် ချစ်စကား၊ ခင်စကား၊ လက်တွဲစကား၊ ပူးပေါင်းရေးစကား၊ မုန်းစကား၊ တွန်းတိုက်စကား၊ ရန်စကားအမျိုးမျိုးတို့ကို တစ်မုဟုတ်ချင်း ဆိုသလို ဖော်ထုတ်နိုင်လာကြ၊ နာကြားနိုင်လာကြရလေသည်။

ယခုနှစ်အနည်းငယ်အတွင်းတွင် မည်သည့်အချိန်က မည်သို့မည်နှယ် ရုတ်ခြည်းပြောင်းလဲသွားသည်ကို မမှတ်မိ၊ မခန့်မှန်းနိုင်တော့လောက်အောင်ပင်အမုန်းစကားတို့၏ ရုန့်ရင်း ကြမ်းတမ်းမှုအသုံးအနှုန်းတို့ ပြင်းထန်လွန်းလှသည်ကိုလည်း သတိပြုမိပါသည်။ တစ်စုံတစ်ဦး၏ အဆိုစကားရပ်တစ်ခုကို မိမိနှင့် သဘောထားချင်း မတိုက်ဆိုင်ကာမျှနှင့် မိုးမွှန်သွားသည့် ကန့်ကွက်ငြင်းဆိုသံများ၊ ဝေဖန်ပြစ်တင်သံများ ပေါ်ထွက်လာပါတော့သည်။

ကာယကံမြောက် မကျူးလွန်ဘူးဆိုလျှင်သော်မှ မနောကံ၊ ဝစီကံတို့ဖြင့် လူအချင်းချင်း အဆုံးစွန် ပြုမူတော့မည်ကဲ့သို့သော အကုသိုလ်ဖိစီးမှုက ရှေ့တန်းရောက်လာနေမည်ဆိုလျှင် မိမိတို့တစ်ဦးချင်းစီ၏ ရင်တွင်းငြိမ်းချမ်းမှုသည်လည်းကောင်း၊ အေးချမ်းသာယာမှုဆိုသည်လည်းကောင်း၊ လူမှုအဖွဲ့အစည်း၏ ငြိမ်းချမ်းသာယာမှုဟူသည်လည်းကောင်း တည်ဆောက်ရန် ခက်ခဲနေပေတော့မည်။

လူတို့တွင်ရှိသည့် မိမိ၏အားသာမှုကို မှီ၍လည်းကောင်း၊ မိမိမှန်ကန်သည်ဟု စွဲသောယုံကြည်မှုကို မှီ၍လည်းကောင်း၊ မိမိတွေးထင်မှုသည်သာ အလုံးစုံကောင်း၏ဟူ၍လည်းကောင်း စသည်ဖြင့် မိမိ၏သန္တာန်တွင် ထိပ်ဆုံးသို့တက်ကာ တည်နေ တတ်သည့် မာန်များ၊ ဓာနများက ကွဲလွဲမှုကို လက်သင့်မခံနိုင် ဖြစ်တတ်ချေ၏။ မိမိနှင့်ဆန့်ကျင်ခြင်းကို သည်းမခံနိုင်အောင် ဖြစ်တတ်၏။

ထိုလက်သင့်မခံနိုင်ခြင်း၊ ဆန့်ကျင်လိုခြင်းကို အေးချမ်းစွာ မဆွေးနွေးနိုင်၊ မညှိနှိုင်းနိုင်၊ မစေ့စပ်လိုဖြစ်ကာ အပြင်းထန်ဆုံး တုံ့ပြန်မှုကိုသာ ရွေးချယ်ချင်ဖြစ်လာသည်က လောကကို ပူပြင်းလောင်မြိုက်စေတော့မည်။

ဤသည်တို့က အမျက်ဒေါသမီးကို ပိုမိုလောင်မြိုက်စေ၏။ ထိုအမျက်ဒေါသမီးကပင် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိ၏ ပတ်ဝန်းကျင်ကိုလည်းကောင်း၊ မိမိ၏ လူ့အဖွဲ့ အစည်းကို လည်းကောင်း၊ လောကကိုလည်းကောင်းလောင်မြိုက်စေတော့ မည်တည်း။ ပူပြင်းစေတော့မည်တည်း။

ဓမ္မပဒ ကောဓ၀ဂ္ဂ လာ

အမျက်ကို စွန့်ရာ၏။

မာနကို လုံးဝစွန့်ရာ၏ဟူသကဲ့သို့ မာန်မာနတက်လွန်းမက တက်လွန်းနေခြင်းကိုလည်းကောင်း၊ အမျက်ဒေါသကြီးမားလွန်းခြင်းကိုလည်းကောင်း စွန့်ရန်ကြိုးစားကာ ညှိနှိုင်းလိုစိတ်၊ ငြိမ်းချမ်းလိုစိတ်၊ ညီညွတ်လိုစိတ်ကို မွေးမြူးအားထုတ်ကြ ခြင်းဖြင့်သာ ငြိမ်းချမ်းမှုဆီသို့ ရောက်မည့်လမ်းဖြစ်ပေလိမ့်မည် ဟု နှိုးဆော်လိုက်ရပါကြောင်း။ ။

ူငည