လေဆိပ်-ဆူးလေ YBS AIRPORT SHUTTLE အမြန်ယာဉ်လိုင်း စတင်ပြေးဆွဲ

ရန်ကုန် ၂၂ ဇွန်

 

ရန်ကုန်မြို့ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘူတာကြီးအထိ မှတ်တိုင် ၁၃ ခုသာ ရပ်နားမည့် YBS Airport Shuttle အမြန်ယာဉ်လိုင်းကို ယနေ့တွင် စတင် ပြေးဆွဲခဲ့သည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲသည့် Airport Shuttle အမြန်ယာဉ်လိုင်းများ ပြေးဆွဲရန်အတွက် Omni Focus ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် YRTA မှ တာဝန်ရှိသူများ မေလဆန်းပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခု ယာဉ်လိုင်းသစ်ကို စတင်ပြေးဆွဲခြင်းဖြစ်သည်။

 

"ရန်ကုန် လေဆိပ်ကနေ ဆူးလေကို ယနေ့စတင်ပြေးဆွဲပါတယ်။ မနေ့ကတော့ ပြည်သူတွေသိအောင် အစမ်းပြေးဆွဲတာပေါ့။ ဒီနေ့လည်း ပြည်သူတွေသိအောင်လို့ အခမဲ့ပြေးဆွဲပေးပါတယ်။ တစ်နေ့တာအတွက် ပိုက်ဆံပေးစရာမလိုပါဘူး။ အခမဲ့စီးလို့ရပါတယ်။ ကားခကတော့ ပုံသေ ၅၀ဝ ကျပ်နဲ့ပြေးဆွဲမှာဖြစ်ပါတယ်။ လောလောဆယ် ယာဉ်စီးရေ ၃၅ စီးနဲ့ပြေဆွဲပါတယ်။ နောက်ပိုင်းမှာတော့ စီးရေ ၅၀ အထိ တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပါတယ် "ဟုယာဉ်မောင်း ဦးအောင်ကိုကိုက ပြောသည်။

 

အဆိုပါ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲမည့် Airport Shuttle အမြန်ယာဉ်လိုင်းကို Omni Focus ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

 

“လေဆိပ်မှာ ရှိနေတဲ့ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ပေါ့။ ပြီးတော့ လေဆိပ်က ဝန်ထမ်းတွေ သွားရေးလာရေး အဆင်ပြေစေဖို့ပေါ့။ အဲဒီအတွက်ကို ရည်ရွယ်ပြီး ပြေးဆွဲတာ ဖြစ်ပါတယ်။ ခရီးသည်ကတော့ သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ စောင့်ဆိုင်းစီးနင်းရင် စီးလို့ရပါတယ်။ ထိုင်ခုံစေ့ပဲဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ထိုင်ခုံက ၃၆ လုံး ပါပါတယ်။ စမ်းသပ်ပြေးဆွဲတဲ့အချိန်မှာ မနက်ပိုင်းအချိန်တွေက အသွားအပြန် တစ်နာရီခွဲပဲ ကြာတယ်။ ရုံးတက် ရုံးဆင်းအချိန်ကတော့ သတ်မှတ်ထားတဲ့ အချိန်ထက် ကြာနိုင်တယ်။ ရုံးဆင်းချိန်၊ ရုံးတက်ချိန်တွေမှာ ကားတွေ ဘယ်နေရာ ရောက်တယ်။ ဘယ်လိုမျိုးတွေ ဖြစ်နိုင်တယ်ဆိုတာတွေကိုလည်း ကြေညာပေးသွားမယ်” ဟု Omni Focus ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

 

၎င်း Airport Shuttle အမြန်ယာဉ်လိုင်း၏ ယာဉ်စီးခအနေဖြင့် ငွေကျပ် ၅၀ဝ သတ်မှတ်ထားပြီး ပြည်တွင်း၊ ပြည်ပ ခရီးသည်များ လေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့အတွင်းသို့ သွားလာရေး အဆင်ပြေစေရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Airport Shuttle အမြန်ယာဉ်လိုင်းသည် ခရီးစဉ်လမ်းကြောင်း အသွားမှတ်တိုင်များမှာ လေဆိပ်၊ ၈ မိုင်လမ်းဆုံ၊ နဝဒေး၊ ကမ္ဘာအေးဘုရားလမ်း၊ လမ်းနီ၊ ဟာမစ်တစ်၊ ရွှေဂုံတိုင်၊ ဗဟန်း(၃) လမ်း၊ ကျောက်တိုင်၊ ရောက်လမ်း၊ ဆူးလေတို့ဖြစ်ပြီး အပြန်မှတ်တိုင်များအနေဖြင့် ဆူးလေ၊ ဘူတာကြီး၊ တိရစ္ဆာန်ရုံ၊ ဗဟန်း(၃) လမ်း၊ ရွှေဂုံတိုင်၊ လမ်းနီ၊ ကမ္ဘာအေးဘုရားလမ်း၊ (၈)လမ်းဆုံနှင့် လေဆိပ်တို့ဖြစ်ကြောင်း သိရသည်။

 

YBS Airport Shuttle အမြန်ယာဉ် ပြေးဆွဲမည့် ဝန်ထမ်းများ လမ်းကြောင်းသိရှိစေရန်အတွက် ဇွန် ၂၁ ရက် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အထိ စမ်းသပ်ပြေးဆွဲခဲ့ရာ ရန်ကုန်လေဆိပ်မှ ရန်ကုန်ဘူတာကြီး ခရီးစဉ် တစ်လျှောက် ကြာချိန် နှစ်နာရီခွဲခန့်ရှိကြောင်း သိရသည်။

 

အဆိုပါ ယာဉ်လိုင်းသို့ စီးနင်းသူများအနေဖြင့် အကြံပြုခြင်း၊ တိုင်ကြားခြင်း၊ မိမိ ရောက်ရှိနေသည့် မှတ်တိုင်နှင့် အနီးဆုံးကားကို သိရှိလိုသူများအနေဖြင့် Omni Focus Control Center ဖုန်းနံပါတ် ဝ၉၄၂၁၂-၂၂၆၂၂၊ ဝ၉၄၂၁၂၂၂၈၂၂၊ ဝ၉၄၂၁၂၂၂-၉၂၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မြင့်မောင်စိုး