လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

၁၆ စက်တင်ဘာ


မနက်ဖြန် သဘက်ခါလောက်ဆိုရင်ပဲ ကိုယ်က လေကြောင်းနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပကို နာရီပေါင်းများစွာ စီးနင်းလိုက်ပါရတော့မယ်၊ ဒါကလည်း ကိုယ့်ရဲ့ ပထမဆုံးအကြိမ် လေကြောင်းခရီးစဉ် ဖြစ်မယ်ဆိုရင် အနည်းနဲ့အများတော့ စိတ်လှုပ်ရှားနေမိမှာပါ။ အထူးသဖြင့် ကားမူးတတ်တဲ့ ရောဂါရှိတဲ့သူတွေဆိုရင် ပိုဆိုးမှာပေါ့။ ဒီလိုမဖြစ်ရလေအောင် ကျန်းမာရေးရှုထောင့်ကနေ ဦးစားပေးပြီး ပြင်ဆင်ထားသင့်တဲ့ အရာတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်ခင်ဗျ။


၁။ ကိုယ်သွားရမယ့် နိုင်ငံအကြောင်း လေ့လာပါ။


ကိုယ်က ပူနွေးစိုစွတ်တဲ့ နိုင်ငံကို သွားမှာလား၊ ဒါဆိုရင်တော့ အင်္ကျီချည်သား အပါးလေးတွေ၊ စွပ်ကျယ်၊ ချိုင်းပြတ်အင်္ကျီ၊ ဘောင်းဘီတိုတွေကို များများထည့်သွားသင့်ပါတယ်။ ဦးထုပ်ကတော့ ထည့်သွားလို့လည်း အဆင်ပြေပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ နိုင်ငံဆိုရင်တော့ အနွေးထည်၊ မာဖလာ၊ ကုတ်၊ ဂျာကင်စတာတွေကို အဓိကထည့်သွားပါ။


၂။ အချိန်ကို သေချာရွေးပါ။


ကိုယ်က အပျော်ခရီးသွားမှာဆိုရင်တော့ သွားမယ့်အချိန်ကို နွေ ဒါမှမဟုတ် ဆောင်းရာသီလိုအချိန်မျိုး သွားတာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့နိုင်ငံမှာက အဲ့အချိန်ဆို ပိတ်ရက်လည်းများတယ်။ ဒါ့အပြင် မိုးတွင်းမဟုတ်တော့ လေယာဉ်မောင်းရတာလည်း သက်တောင့်သက်သာဖြစ်စေတဲ့အတွက် အရမ်းမူးတာ၊ အော့အန်တာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။


၃။ ဆေးဝါးတွေကို မဖြစ်မနေယူသွားပါ။


ကိုယ်က ကားမူးတတ်တဲ့အကျင့်ရှိလား၊ ဒါဆိုရင်တော့ ကိုယ်ခရီးသွားရင် ယူနေကျ ကားမူးပျောက်ဆေး၊ ခေါင်းမူးပျောက်ဆေးတွေကို မဖြစ်မနေထည့်သွားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံရပ်ခြား၊ ကိုယ်နေထိုင်ရာ ဒေသမဟုတ်တာကြောင့် လိုရမယ်ရ လေဆေးတွေ၊ ဗိုက်အောင့်ဗိုက်နာ ပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေ ထည့်သွားသင့်ပါတယ်။ ကိုယ်ကရောဂါရှိလို့ ဆေးနဲ့ ထိန်းနေရတယ်ဆိုရင်လည်း ကိုယ့်ရောဂါပျောက်ဆေးတွေကို ထည့်ဖို့ မမေ့ပါနဲ့။


၄။ အကြောက်လွန်တတ်တဲ့ အကျင့်ရှိလား။


လေယာဉ်ကို ပထမဆုံးစီးမယ့်သူ တော်တော်များများက ကြောက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်ရဲ့အထက် ကီလိုပေါင်း သောင်းနဲ့ချီတဲ့ အမြင့်မိုးကောင်းကင်ထက်မှာ ရောက်နေတာကိုး။ ပုံမှန်မကြောက်တတ်တဲ့သူတွေတောင် ဒီအချိန်ဆို ဘုရားစာတွေရွတ်ပြီး အဆင်ပြေပြေ အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားဖို့ ရင်တမမနဲ့ ဆုတောင်းနေကြတာပဲမဟုတ်လား။ ဒီတော့ကြောက်တာက ပုံမှန်ဆိုပေမယ့် အကြောက်မလွန်ပါနဲ့။ စိတ်ကို ငြိမ်အောင်ထားပါ။ အကောင်းဆုံးက လေယာဉ်မထွက်ခင်ကတည်းက အိပ်ဆေးသောက်ပြီး အိပ်တာ၊ နားကျပ်တပ်ပြီး သီချင်းနားထောင်တာမျိုးလုပ်ပါ။ အပြင် ပြတင်းပေါက်လိုက်ကာကို ချထားပါ။ လေယာဉ်စထွက်ပြီဆိုရင် ကိုယ့်စိတ်ကို အရမ်းမတင်းထားပါနဲ့။ တင်းထားရင် စိတ်ကပေါက်ကွဲထွက်ဖို့ ပိုလွယ်ပါတယ်။


၅။ ခရီးထွက်မယ့် နေ့မတိုင်ခင် စောစောအိပ်ထားပါ။


နောက်နေ့ခရီးသွားရမယ်၊ လေယာဉ်အချိန်က မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အဲ့ဒီနေ့မတိုင်ခင်မှာ အိပ်ရေးကို ဝနေအောင် အိပ်ထားပါ။ စိတ်လှုပ်ရှားလို့ဆိုပြီး အိပ်ရာမှာ လူးလိမ့်နေရင် ပိုဆိုးပါလိမ့်မယ်။ အိပ်ချိန် အနည်းဆုံး ၇ နာရီကနေ ၈ နာရီထိ ရအောင်အိပ်စက်အနားယူပါ။


၆။ အစာကို ဗိုက်ပြည့်နေအောင် မစားပါနဲ့။


ခရီးမထွက်ခင် ညနဲ့ ခရီးထွက်မယ့် မနက်အစောပိုင်းမှာ အစာကို ပြည့်နေအောင် မစားပါနဲ့။ ရင်ပြည့်စေမယ့် အစားအစာတွေ ရှောင်ပါ။ ရေလောက်ပဲ သောက်ပါ။ မုန့်အနေနဲ့ အဆာပြေ ပေါင်မုန့်၊ သစ်သီး ဒါတွေလောက်ပဲ စားပေးပါ။


၇။ ရေအငတ်မခံပါနဲ့။


လေယာဉ်ပေါ်ကို ရေမသယ်ရဘူးဆိုတိုင်း ရေအငတ်ခံစရာမလိုပါဘူး။ လေယာဉ်ပေါ်မှာရှိတဲ့ ဝန်ထမ်းတွေကို အကူအညီတောင်းလို့ရပါတယ်။ များသောအားဖြင့် ရေ၊ လိမ္မော်ရည်၊ ကော်ဖီတွေကို လေယာဉ်ပေါ်မှာ စိတ်ကြိုက်တိုက်တာမို့ ကိုယ်ရေငတ်တဲ့အထိ၊ လေယာဉ်ဆိုက်တဲ့အထိ မစောင့်ပါနဲ့။ ရေသောက်ပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ လေယာဉ်စီးရင် ပိုပြီး မူးတတ်ပါတယ်။


ဒါဆိုရင် မကြာခင်မှာ လေကြောင်းခရီး လိုက်ပါစီးနင်းရတော့မယ့် ခရီးသည်တွေအနေနဲ့ ခုပြောပြခဲ့တဲ့ အချက်တွေကို သေချာလိုက်နာရင်း ခုလိုအေးမြတဲ့ရာသီမှာ ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးလိုက်ကြရအောင်နော်။


ရေးသားသူ - Ye Myo Myat


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”