လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၅ အသင်း မန္တလေးမြို့၌ လေ့ကျင့်

ရန်ကုန် ၈ သြဂုတ်


သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ ကျင်းပမည့် ဥရောပနှင့် အာရှအသင်းများပါဝင်သည့် လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အသင်းသည် သြဂုတ် ၈ ရက် ညနေပိုင်းမှစ၍ မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။


 မြန်မာ ယူ-၁၅ အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး သြဂုတ် ၇ ရက် ညနေပိုင်းတွင် စတင်လေ့ကျင့်ကာ သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၃ ဦးကို အခြေခံကာ ဟံသာလင်း၊ ကောင်းခန့်ကျော်နှင့် မင်းခန့်သူတို့ကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။ 


 မြန်မာ ယူ-၁၅ အသင်းတွင် အုပ်ချုပ်သူ-ဦးညီညီလတ်၊ နည်းပြချုပ်-ဦးမင်းသူ၊ လက်ထောက်နည်းပြ- ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြ- ဦးဇော်လင်းအောင်၊ ကစားသမားများအဖြစ် ဂိုး- ထက်အာကာဝင်း၊ အောင်ကျော်ဖြိုး၊ အောင်စည်သူ၊ ဟံသာလင်း၊ နောက်တန်း-ထွန်းထွန်းဝင်း၊ ထူးမြတ်ခန့်၊ အောင်ကိုမင်း၊ လတ်ဝေဖုန်း၊ မိုးခန့်၊ ဝေယံလင်းသူ၊ ကောင်းခန့်ကျော်၊ အလယ်တန်း- ကောင်းထက်ပိုင်၊ ကောင်းခန့်၊ အောင်ကျော်မင်း၊ ထက်မြတ်လွင်၊ သန်းတိုးအောင်၊ ကျော်မင်းခန့်၊ ထက်အောင်ဝင်း၊ ကောင်းဇော်လင်း၊ ရှေ့တန်း- ရန်နိုင်ထွန်း၊ ဇင်မျိုးအောင်၊ စိုင်းစိုင်းအံထူး၊ ဝေဖုန်းမြင့်ကျော်၊ မင်းသူ၊ ဟိန်းထက်ဇော်ဝင်း၊ မင်းခန့်သူတို့ ပါဝင်ကြသည်။ 


လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ မွန်တီနီဂရိုး၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားအသင်း တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ်၏ အကူအညီဖြင့် ကျင်းပခြင်းဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ 


သတင်း - ညီမြတ်သော်တာ


ဓာတ်ပုံ - စိုးညွန့်