လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏ မဖြစ်အောင် ဒါလေးတွေ သတိထားပါ

ဗိုက်ထဲနေလို့ မကောင်းသလိုပဲ။ လေပွနေသလို ဗိုက်ကယ်နေတာ၊ ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင် လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။


ဘာလို့ ဗိုက်ကယ်တာလဲ


သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီး နေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့ အစားအသောက် အမျိုးအစားနဲ့ ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။


ဒီလိုနေရခက်တာတွေ ခဏခဏမဖြစ်အောင် ဘာတွေသတိထားရမလဲ


(၁) လေပွစေနိုင်တဲ့ အစားအသောက်တွေရှိတယ်


ပဲတွေက အမျှင်ဓာတ်နဲ့အသားဓာတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာ raffinose ဆိုတဲ့ဓာတ်ပစ္စည်းတစ်မျိုးပါဝင်လို့ လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီး လေလည်ကြတာ ပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလို လေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်တို့မှာလည်း raffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ ဖြစ်လာရင် လေကြေဆေးတွေသောက်ပါ။


(၂) ဖြည်းဖြည်းစားပါ


အစားအသောက် မြန်မြန်စားလေ၊ ဗိုက်ထဲကို လေတွေ မျိုချမိလေပါပဲ။ အစာအိမ်ထဲမှာ လေတွေရှိနေတဲ့အခါ ဖောင်းလာတတ်ပြီး တစ်ခါတလေ အူတွေထဲကို ရောက်ရှိသွားတတ်ပါတယ်။ နောက်တစ်ချက်က မြန်မြန်စားချတဲ့အခါ ဗိုက်ပြည့်မှန်းမသိ ပိုစားမိတတ်ပါတယ်။


(၃) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ


ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ၊ ဆိုဒါတို့ကို သောက်လိုက်တဲ့အခါ လေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲ ရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကို လေတက်လိုက်ရင် ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက်ရွေ့လျားနေနိုင်တယ်။ တဂွီဂွီဖြစ်လိုက်၊ လေထိုးလိုက်ပေါ့လေ။


(၄) အငန်လျှော့စားပါ


အငန်စားတာများရင် ခန္ဓာကိုယ်မှာ ရေဓာတ်ပိုများစေနိုင်လို့ လေပွစေနိုင်ပါတယ်။ ကျောက်ကပ်ပြဿနာတွေနဲ့ သွေးတိုးတက်တာတွေလည်းဖြစ်စေနိုင်တယ်။ လျှာမှာမငန်တာနဲ့ပဲ အငန်ဓာတ်နည်းတယ်လို့ယူဆလို့မရပါဘူး။ တစ်ခါတလေ အငန်ဓာတ်များနေမှန်းမသိတဲ့ အပြင်စာတွေ၊ ရယ်ဒီမိတ်အစားအစာတွေကို သတိထားရပါမယ်။


(၅) ဝမ်းချုပ်တတ်လား


ဝမ်းကပုံမှန်မသွားတာနဲ့ပဲ လေထိုးလေအောင့်က စဖြစ်ပါလေရောပဲ။ ရေများများသောက်၊ အမျှင်ဓာတ်များတာ စားပေးပြီး ကိုယ်လက်လှုပ်ရှားမှုလည်းလုပ်ဖို့လိုပါတယ်။


(၆) ဝိတ်လည်း ထိန်းပါ


လူကဝိတ်တက်လာပြီလား။ အထူးသဖြင့် ဗိုက်ပတ်လည်မှာ ဝိတ်တက်လာတာနဲ့ အစာအိမ်အတွက် ကျုံ့ချဲ့အစာခြေဖို့ နေရာကျဉ်းသွားစေတာကြောင့် လေထိုးလေအောင့်ဖြစ်စေတတ်ပါတယ်။


ရေးသားသူ-Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”