လေဖိအားနည်းရပ်ဝန်းအခြေအနေ


(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က)လေဖိအားနည်းရပ်ဝန်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၁၈.၁၁.၂၀၂၁)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်- တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ 
(ခ) သတိပေးနှိုးဆော်ချက်   

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညမှ နောက်(၄၂)နာရီအတွင်းနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်ပါသည်။
(ဂ) အကြံပြုချက်


သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန