လေထုသန့်ရှင်းခြင်းဖြင့် ကျန်းမာခြင်းကိုထောက်ကူ

၂၄  မတ်

ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်နေရသည်။ ထိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးဘဲ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြသည်။ COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး ထိတွေ့မှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်ရှူမှုနှင့်ပတ်သက်၍ လေထုသန့်ရှင်းရေးတို့ကို သတိထားရမည် ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံ ၁၈၅ နိုင်ငံအထိ ဖြစ်ပွားလာသော်လည်း မြန်မာနိုင်ငံ၌ ကူးစက်ဖြစ်ပွားမှု မရှိသေးသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ သို့သော် အခြားရောဂါဝေဒနာများကြောင့် စောင့်ကြည့်လူနာများအနက် အသက်သေဆုံးမှုအချို့ဖြစ်ပွားသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်တွင် COVID-19 ရောဂါ ကူးစက်ခြင်းမရှိအောင် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သလို နာတာရှည်ရောဂါဖြစ်ပွားစေနိုင်သော အခြားအချက်များကိုလည်း သတိပြုဆင်ခြင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

ယခုကာလတွင် လူဦးရေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် တိုင်းတာရေးစက်များဖြင့် ရှာဖွေဖော်ထုတ်မှုအရ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။ လေထုညစ်ညမ်းမှုသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကို အားပေးသည့်အပြင် နာတာရှည် ရောဂါများကို ဖြစ်ပေါ်စေသည့် အကြောင်းအချက်များဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် စီးပွားရေးမြို့တော်၌ လေထုအရည် အသွေးအညွှန်းကိန်းများ မြင့်တက်နေသည်ကိုတွေ့ရသည်။

လေထုအရည်အသွေး အညွှန်းကိန်းအဆင့်သတ်မှတ်ရာတွင် ရလဒ် ဝ မှ ၅၀ အထိသည် ကောင်းမွန်သည့် (အစိမ်းရောင်)အခြေအနေ၊ ၅၁ မှ ၁၀၀ အထိသည် အလယ်အလတ်အဆင့်(အဝါရောင်)အခြေအနေ၊ ၁၀၁ မှ ၁၅၀ အထိသည်ထိလွယ်ရှလွယ်သည့်ပုဂ္ဂိုလ်များတွင်ကျန်းမာရေးသတိထားရမည့် (လိမ္မော်ရောင်)အခြေအနေ၊ ၁၅၁မှ၂၀၀အထိသည်ကျန်းမာရေးနှင့်မညီညွတ် သည့် (အနီရောင်) အခြေအနေ၊ ၂၀၁ မှ ၃၀၀ အထိသည် အလွန်ဆိုးရွားသည့် အဆင့် (ခရမ်းရောင်)အခြေအနေ၊ ၃၀၁,၅၀၀ အထိသည်အန္တရာယ်များသည့် အဆင့် (အနီရင့်ရောင်)အခြေအနေဟု ခြောက်ဆင့်သတ်မှတ်ထားသည်။

လေထုအရည်အသွေးတိုင်းတာခြင်းကို မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ကတိုင်းတာပြီး ယခုနောက်ပိုင်း ရန်ကုန်မြို့၏ နေရာအချို့တွင် လေထုအရည်အသွေးအဆင့်တက်လာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ ယာဉ်အသုံးပြုချိန်များသည့် ရုံးတက်၊ ရုံးဆင်းချိန် နံနက်ပိုင်းနှင့် ညဦးပိုင်းတွင် လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်သည်။ ယခု ကာလတွင် အညွှန်းကိန်းမှာ အဝါရောင်အဆင့်မှ လိမ္မော်ရောင်အဆင့်ဖြစ်ပြီး ရံဖန်ရံခါ အနီရောင်အဆင့်သို့ရောက်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။

လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်းမှာ စက်မှုလုပ်ငန်းနှင့် ယာဉ်သုံးစွဲမှု များပြားလာခြင်း၊ အမှိုက်နှင့် ပလတ်စတစ်များမီးရှို့ခြင်း၊ မြို့ပြဧရိယာ ချဲ့ထွင်လာခြင်း၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုများပြားခြင်း၊ သစ်ပင်များ လျော့နည်းလာခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ အညှော်နံ့များထွက်ခြင်း၊ လုပ်ငန်းခွင်များမှ အမှုန်အမွှားများထွက်ရှိခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။ ထို့အပြင် လုပ်ငန်းခွင်မှထွက်သော အမှုန် အမွှားဓာတ်များကို ကြာရှည်ရှူရှိုက်ရပါက ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ပြည်သူတစ်ဦးချင်းအနေဖြင့် ယခုလက်ရှိတွင် အရေးတကြီး ကာကွယ်နေရသော COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်၍ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသော လေထုညစ်ညမ်းမှု ကိုပါ သတိပြုရမည်ဖြစ်သည်။ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို ရှောင်ရှားခြင်းအပြင် နှာခေါင်းစည်းများတပ်ဆင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထားလိုက်နာ ရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ