လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

ကျော်နိုင်ဦး(ပတ်ဝန်းကျင်)

 

ကျွန်ုပ်တို့လူသားအားလုံး အသက်ရှင်သန်ရန်အတွက် လေကိုမဖြစ်မနေ စက္ကန့်နှင့်အမျှ ရှူနေကြရပါသည်။ လူသားများသာမက သက်ရှိသတ္တဝါများ၏ နှာခေါင်းမှတစ်ဆင့် ရှူရှိုက်လိုက်သောလေကို ခန္ဓာကိုယ်အတွင်းရှိအဆုတ်က အသုံးချနိုင်သည်မှာ လေထဲတွင်ပါဝင်သော အောက်ဆီဂျင်သာဖြစ်ပါသည်။ ထို့ကြောင့် ရှူရှိုက်လိုက်သည့်လေတွင် သန့်ရှင်းမှုမရှိဘဲ ညစ်ညမ်းဓာတ်ငွေ့များ၊ ညစ်ညမ်းသည့်အမှုန်အမွှားများ ပါဝင်နေမည်ဆိုပါက အသက်ရှူ လမ်းကြောင်းနှင့် ဆက်နွှယ်သည့်ရောဂါဘယများ ဖြစ်ပေါ်လာမည်မှာ ဧကန်မုချဖြစ်ပါသည်။

 

နေ့စဉ်နှင့်အမျှ တိုးတက်လာသော ကမ္ဘာ့လူဦးရေနှင့် အဆိုပါလူသားများ၏ တီထွင်ကြံဆဆောင်ရွက်ချက်များ၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး သက်ရှိများနှင့် ပတ်ဝန်းကျင်အပေါ်တွင် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ညစ်ညမ်းသည့်လေများ နေ့စဉ်ရှူရှိုက်နေရပါက လူသားနှင့်သက်ရှိများ အရွယ်မတိုင်မီ အသက်သေဆုံးခြင်းများအထိဖြစ်ပေါ်နိုင်ပြီး ကောက်ပဲ သီးနှံများနှင့် သစ်တော၊ သစ်ပင်များကိုလည်း ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူသားများသာမက သက်ရှိအားလုံးကျန်းမာစွာ အသက်ရှင်သန် နေထိုင်ရန် သန့်ရှင်းသောလေကို ရှူရှိုက်ခွင့်ရရှိရေးသည် လွန်စွာအရေးကြီးလှပြီး လေထုသန့်ရှင်းရေးအတွက် ဦးစားပေးအနေဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။

 

လေထုအကြောင်း

 

စကြဝဠာအတွင်း သက်ရှိများရှင်သန်နေထိုင်နိုင်သည့် တစ်ခုတည်းသောကျွန်ုပ်တို့ ကမ္ဘာမြေကြီးကို လေထုကဝန်းရံထားပြီး အဆိုပါ လေထုသည် ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၃၀၀ (၅၀၀ ကီလိုမီတာ)ခန့်အထိ တည်ရှိနေပါသည်။ ထိုကဲ့သို့ ကမ္ဘာ့လေထုကြီးတည်ရှိနေခြင်းကြောင့်လည်း မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ လူသားများက ရှူရှိုက်နေကြသောလေသည် ကမ္ဘာ့မြေမျက်နှာပြင်အထက် ငါးမိုင်မှ ကိုးမိုင်အတွင်းရှိ လေထုအတွင်းမှ လေများဖြစ်ပါသည်။ ကမ္ဘာ့လေထုအတွင်း၌ ဓာတ်ငွေ့မျိုးစုံပါဝင်နေပြီး အဓိကပါဝင်သည့် ဓာတ်ငွေ့နှစ်မျိုးမှာ နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် ဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းပါဝင်၍ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ ဟီလီယန်၊ နီယွန်၊ အာဂွန် အစရှိသည့် အခြားဓာတ်ငွေ့များ၏ ပါဝင်မှု မှာ တစ်ရာခိုင်နှုန်းခန့်သာရှိပါသည်။ လေထုထဲ၌ အဆိုပါဓာတ်ငွေ့များ အပြင် ရေခိုးရေငွေ့နှင့် အမှုန်အမွှားမျိုးစုံလည်း ပါဝင်နေပါသည်။

 

လေထုညစ်ညမ်းမှု

 

ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများစွာအနက် လေထုညစ်ညမ်းမှု ပြဿနာသည် တစ်နေ့တခြားပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ လေထုညစ်ညမ်းမှုကို ရိုးရှင်းစွာအဓိပ္ပာယ်ဖွင့်ဆိုရလျှင် လေထုအတွင်း မလိုလားအပ်သည့် ဓာတုပစ္စည်းနှင့်အခြားအရာများ ရောနှောပါဝင်နေ မှုကြောင့် လေအရည်အသွေးကျဆင်းခြင်းကို ခေါ်ဆိုပါသည်။ လေထု အတွင်းသို့ ဓာတုပစ္စည်းများ(Chemicals)၊ အလွန်သေးငယ်သောအမှုန် အမွှားများ (Particulate Matters-PM)နှင့် ဇီဝပစ္စည်းများ (Biological Materials) ရောက်ရှိနေခြင်းကြောင့် သက်ရှိများ ရောဂါဘယဖြစ်စေ ခြင်း၊ သေဆုံးခြင်းနှင့် သီးနှံကဲ့သို့သောဇီဝရုပ်များ(Living Organisms)အား ပျက်စီးစေခြင်း၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးစေ ခြင်းပင်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုကို ဖြစ်စေသည့်အရာများသည် အစိုင်အခဲအဖြစ်သော်လည်းကောင်း၊ အရည်အဖြစ်သော်လည်းကောင်း၊ အငွေ့အဖြစ်သော်လည်းကောင်း တည်ရှိနိုင်ပါသည်။

 

လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ

 

ေထုညစ်ညမ်းမှုသည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် တောမီးလောင်ကျွမ်းခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသည့်သဘာဝ ဖြစ်စဉ်များကြောင့်သော်လည်းကောင်း၊ လူသားတို့၏ လုပ်ဆောင်မှုများ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ မော်တော်ယာဉ်များ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်များပြားလာမှု ကြောင့် ထွက်ပေါ်လာသည့် အခိုးအငွေ့နှင့် အမှုန်အမွှားများကြောင့် သော်လည်းကောင်း ဖြစ်ပေါ်ရပါသည်။ ကမ္ဘာ့လေထုထဲတွင် လေထု ညစ်ညမ်းမှုကိုဖြစ်စေသည့် အရာပစ္စည်းများမှာ အမျိုးပေါင်း ၁၀၀ ခန့်ရှိနိုင်ပါသည်။ ၎င်းတို့အနက်မှ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အဓိကပစ္စည်းများမှာ ဆာလ်ဖာအောက်ဆိုက်များ (SOx)၊ နိုက်ထရိုဂျင် အောက်ဆိုက်များ(NOx)၊ ကာဗွန်မိုနောက်ဆိုက်(CO)၊ အလွန် သေးငယ်သည့်အမှုန်အမွှားများ(PM10 နှင့် PM2.5)၊ အငွေ့ပြန်လွယ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs)၊ ရေဒီယိုသတ္တိကြွ ညစ်ညမ်းပစ္စည်းများ၊ ခဲ၊ ပြဒါးကဲ့သို့သောအဆိပ်သင့်စေသည့် သတ္တုများ၊ အမိုးနီးယား (NH3)နှင့် စွန့်ပစ်ပစ္စည်းများ၊ မိလ္လာနှင့်အညစ်အကြေးများ၊ စက်မှု လုပ်ငန်းများမှ ထွက်ရှိသောအနံ့ဆိုးများ စသည်တို့ဖြစ်ကြပါသည်။ ထို့ပြင် ဆင့်ပွားညစ်ညမ်းမှုများဖြစ်သည့် မီးခိုးမြူများ(Smog)နှင့် မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့ (Ground Level Ozone) တို့သည်လည်း လေထုညစ်ညမ်းမှု အဓိကဖြစ်ပေါ်စေသည့် အရာများပင် ဖြစ်ပါသည်။ အဆိုပါ ညစ်ညမ်းစေသည့်ပစ္စည်း(Pollutants)များသည် စက်မှု လုပ်ငန်းအမျိုးမျိုး၊ ကျောက်မီးသွေး၊ ရေနံနှင့် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းသည့်အခါ (သို့မဟုတ်) အပြည့်အဝမလောင်ကျွမ်းခြင်း၊ မော်တော်ယာဉ်များ၏ အိတ်ဇောပိုက်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ တောမီးလောင်ကျွမ်းခြင်းများ စသည်တို့ကြောင့် ထွက်ရှိလာပြီး အန္တရာယ်ကြီးမားသည့် ကမ္ဘာ့လေထုညစ်ညမ်းမှုများကို စတင်ဖြစ်ပေါ် လာရပါသည်။

 

လူသားတို့အပေါ် ကျန်းမာရေးဆိုင်ရာဆိုးကျိုးသက်ရောက်မှုများ

 

လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အဓိကပစ္စည်းများဖြစ်ကြသည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ (SO2)များသည် စူးရှ၍ မနှစ်မြို့ဖွယ်အနံ့ရှိပြီး ရှူရှိက်မိပါက နှာခေါင်းနှင့် လည်ချောင်းကို ယားယံစေခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ် တစ်ဝိုက် တင်းကျပ်သည့် ဝေဒနာခံစားရခြင်း စသည့်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့(NO2)များကို အချိန်ကြာမြင့်စွာရှူရှိုက်မိပါက ချောင်းဆိုးရင်ကျပ်ခြင်း၊ အဆုတ်၏လုပ်ငန်းစဉ်များကို ယုတ်လျော့စေခြင်း၊ ပန်းနာရင်ကျပ် ရောဂါအခံရှိသူများ ပိုမိုထိခိုက်ခံစားလွယ်ခြင်း၊ အရေပြားယားယံခြင်း စသည့်ဝေဒနာများ ခံစားရနိုင်ပါသည်။ ကာဗွန်မိုနောက်ဆိုက ဓာတ်ငွေ့များသည် ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အချိန်ကြာမြင့်စွာ ရှူရှိုက်မိပါက အသက်သေဆုံးခြင်း အထိပင် ဖြစ်စေနိုင်ပါသည်။ အလွန်သေးငယ်သော အမှုန်အမွှားများ (PM2.5 နှင့် PM10) သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်း ရောက်ရှိနိုင်ပြီး နှလုံးရောဂါနှင့် အဆုတ်ကင်ဆာရောဂါများအထိ ဖြစ်ပွားနိုင်ပါသည်။ မြေပြင်ရှိအိုဇုန်းဓာတ်ငွေ့များသည် အဆုတ်ကို ထိခိုက်စေနိုင်ပြီး ချောင်းဆိုး၊ ရင်ကျပ်၊ ပန်းနာ ဖြစ်ပွားလွယ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

UNEP ၏ အဆိုအရ ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ ၉၂ ရာခိုင်နှုန်း ခန့်သည် သန့်ရှင်းသောလေကို မရှူကြရကြောင်း၊ ညစ်ညမ်းသော လေကို ရှူရှိုက်နေကြရသဖြင့် အကြမ်းဖျင်းအားဖြင့် နှစ်စဉ် လူဦးရေ ခုနစ်သန်းခန့်သည် အရွယ်မတိုင်မီ သေဆုံးနေရကြောင်း၊ ၎င်းတို့အနက် အသက် ငါးနှစ်အောက် ကလေးငယ်များသေဆုံးမှုသည် ပိုမိုများပြား ကြောင်း သိရှိရပါသည်။ အရွယ်မတိုင်မီ သေဆုံးမှုများသည် နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည်ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားမှုကြောင့် သေဆုံးရခြင်းများ ဖြစ်ပါသည်။ အသက် ငါးနှစ်အောက်ကလေး ၁၀ ဦးတွင် တစ်ဦးသည် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားတတ်သည့် နမိုးနီးယားနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကြောင့် သေဆုံးကြရသဖြင့် လေထုညစ်ညမ်းမှုသည် ကလေးငယ်များ အတွက် အလွန်အန္တရာယ်များလှပါသည်။

 

သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ

 

စ်ညမ်းသောလေထုတွင်ပါဝင်သည့် အမှုန်အမွှားများ၊ မြေပြင် အိုဇုန်းများသည် အပင်များ၏ အရွက်များအပေါ် ဖုံးအုပ်ခြင်းကြောင့် အပင်များအနေဖြင့် အလင်းမှီစုအစာချက်လုပ်ခြင်း (Photosynthesis) လုပ်ငန်းများတွင် အဓိကလိုအပ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှု လျော့နည်းလာရပါသည်။ ထိုအခါ အပင်များကြီးထွားမှုကို အဟန့် အတားဖြစ်စေပြီး အထူးသဖြင့် ပျိုးပင်များ၏ ရှင်သန်ကြီးထွားမှုကို ယုတ်လျော့လာစေကာ ပိုးမွှားရောဂါနှင့် မှိုရောဂါများ ကျရောက်လာကြ ရပါသည်။ ထို့ကြောင့် သီးနှံအထွက်နှုန်းကျဆင်းမှု၊ သစ်တောထွက် ပစ္စည်းများ အထွက်နှုန်းကျဆင်းမှုတို့ ဖြစ်ပေါ်လာရပါသည်။ ညစ်ညမ်း ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် မြေပြင်အနီးရှိ အိုဇုန်းဓာတ်ငွေ့များ တဖြည်းဖြည်းတိုးမြင့်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အဓိကသီးနှံများအထွက်နှုန်းသည် ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းသွား နိုင်ကြောင်း WHO နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များ၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

 

ရုပ်ကြွင်းလောင်စာများသုံးစွဲသော စက်ရုံ၊ အလုပ်ရုံနှင့် မော်တော် ယာဉ်များက ထုတ်လွှတ်လိုက်သည့် ညစ်ညမ်းပစ္စည်းများတွင် ပါဝင်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်(SO2)နှင့် နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်(NO2)များသည် လေထုအတွင်းသို့ရောက်ရှိသွားပြီး တိမ်တိုက်များ၏ ရေမော်လီကျူးများ(H2O)နှင့် ပေါင်းစပ်မိသည့်အခါ ဆာလ်ဖြူရစ်အက်စစ်(H2SO4)နှင့် နိုက်ထရစ်အက်စစ် (HNO3)များ အဖြစ် ပြောင်းလဲသွားပါသည်။ အဆိုပါတိမ်တိုက်များမှ မိုးရွာချသည့် အခါ မိုးရေထဲ၌ အက်စစ်ဓာတ်များ ပါလာသည့်အတွက် အက်စစ်မိုး (Acid Rain)ဟု ခေါ်ဆိုပြီး အဆိုပါအက်စစ်မိုး၌ pH5 ဝန်းကျင်၌သာ ရှိပါသည်။ အက်စစ်မိုးကြောင့် ရေနေသတ္တဝါများနှင့် အပင်ကြီး၊ အပင်ငယ်အားလုံးကို ထိခိုက်သေကျေပျက်စီးနိုင်ပါသည်။ pH5 အဆင့်ရှိသည့် မိုးရေသည် ငါးဥများ မပေါက်ဖွားနိုင်ကြတော့ဘဲ pH 5.5 ထက်နည်းပါက ငါးမျိုးစိတ်အချို့ သေကျေပျက်စီးဆုံးရှုံး ကြရပါသည်။ အက်စစ်မိုးရွာသွန်းခံရသည့်ဒေသရှိ သစ်ပင်များသည် မှိုနှင့် ပိုးမွှားရောဂါများ ပိုမိုဖြစ်ပေါ်ပြီး သစ်ရွက်များ အညိုရောင်ပြောင်းသွားခြင်း၊ သစ်ရွက် သစ်ကိုင်းများ ခြောက်သွေ့သွားခြင်း၊ အချို့ သစ်တော၊ သစ်ပင်များ သေဆုံးခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။

 

ီးခိုးမြူငွေ့ညစ်ညမ်းမှုများသည်လည်း လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လေထုထဲတွင် အလွန်သေးငယ်သော အမှုန်အမွှားများ (PM2.5 နှင့် PM10)၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန် မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့၊ ရေငွေ့များနှင့် အခြားအဆိပ်ဓာတ်ငွေ့များ ရောနှောပါဝင်နေသည့် ဖြစ်စဉ်တစ်ခုပင်ဖြစ်ပါသည်။ ယခုအခါ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများပါ ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ရပ် ဖြစ်နေပါသည်။ သဘာဝအလျောက် တောမီးလောင်ကျွမ်းခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့မှထွက်ရှိသော အခိုးအငွေ့များ၊ စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်နှင့် ဒီဇယ်/ဓာတ်ဆီ အင်ဂျင်များမှ ထွက်ရှိသော အခိုးအငွေ့များ၊ အမှိုက်ပုံကြီးများ မီးလောင်ခြင်းနှင့် စွန့်ပစ်အမှိုက်များ မီးရှို့ခြင်းတို့မှထွက်ရှိသော အခိုးအငွေ့များ၊ ရွှေ့ပြောင်းတောင်ယာ အတွက် တောခုတ်မီးရှို့ခြင်း၊ ရိုးပြတ်များ၊ ကောက်ရိုးများအား မီးရှို့ ခြင်း၊ ရွက်နုထွက်စေရန်မီးရှို့ခြင်း၊ မြေသြဇာအတွက် စပါးခွံများအား မီးရှို့ခြင်း စသည်တို့မှထွက်ရှိသည့် အခိုးအငွေ့များကြောင့် မီးခိုး မြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်လာရ ပါသည်။ ညစ်ညမ်းမှုဖြစ်ပေါ်နေ သော ပတ်ဝန်းကျင်တွင် အပင်နှင့် တိရစ္ဆာန်များ အသက်ရှင်သန်ရပ် တည်နိုင်ရန် ခက်ခဲခြင်း၊ မီးခိုးမြူငွေ့များအုံ့ဆိုင်းနေပါက မြင်ကွင်း မရှင်းလင်းသည့်အတွက် ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်နိုင် ခြင်းနှင့် လေယာဉ်များဆင်းသက်ရန် ခက်ခဲခြင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်ချိန်တွင် နေအိမ်အတွင်း၌သာ နေထိုင်ကြရပြီး ကျောင်းများ၊ စျေးများ၊ ဟိုတယ်များ ပိတ်ထားရသဖြင့် ပညာရေး၊ စီးပွားရေးထိခိုက် ရခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ တောမီးရှို့ခြင်းတို့ကြောင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ပျောက်ဆုံးလာပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှားပါးလာကာ သဘာဝဂေဟစနစ်ကို ထိခိုက်လာစေခြင်းနှင့် စားနပ်ရိက္ခာများရှားပါးလာခြင်း စသည့်ပြဿနာ အမျိုးမျိုး ကြုံတွေ့လာကြရပါသည်။

 

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ် မတ်လ ၅ ရက်နေ့ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ သဘောတူညီချက်အရ ကျွန်ုပ်တို့နိုင်ငံသူ နိုင်ငံသားများသည် တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့ကြောင့် ဖြစ်ပေါ်လာသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုပြဿနာများကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ထိန်းချုပ် လျှော့ချရန် တာဝန်ရှိပါသည်။

 

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု

 

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် တိုက်ရိုက်ဆက်နွှယ်နေပါသည်။ လေထုညစ်ညမ်းမှုသည် သက်ရှိနှင့် လူသားတို့ အတွက် အန္တရာယ်ရှိရုံသာမက ရာသီဥတုပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းမှ ထုတ်လွှတ်လိုက်သည့် လေထုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၊ နိုက်ထရပ်အောက်ဆိုက်၊ မီသိန်းနှင့် အခြားမှန်လုံအိမ်ဓာတ်ငွေ့များ သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး အကျိုးဆက်အဖြစ် ကမ္ဘာ့အပူချိန်မြင့်တက်လာကာ ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါသည်။ လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံများအားလုံးသည် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကို ဟန့်တားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လေထုညစ်ညမ်းမှုဖြစ်စေသည့်အရာများအား လျှော့ချနိုင်ရေးသည် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။

 

လေထုညစ်ညမ်းမှုလျှော့ချရေး

 

ယခုအချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် လေထုညစ်ညမ်းမှုကိုလျှော့ချရေးနှင့် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရေးအတွက် အရေးတကြီး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကာ လူသားအားလုံး ၏လုပ်ဆောင်ချက်များကို ဆင်ခြင်သုံးသပ်သင့်သောအချိန်အခါသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အဓိကဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်မှာ ရုပ်ကြွင်းလောင်စာများသုံးစွဲနေမှုအစား ပြန်ပြည့်မြဲစွမ်းအင်(Renewable Energy)များနှင့် အစိမ်းရောင်နည်းပညာ (Green Technology)များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုရေးပင်ဖြစ်သည်။ ပြန်ပြည့်မြဲစွမ်းအင်ဆိုသည်မှာ စဉ်ဆက်မပြတ်ရရှိနိုင်သော စွမ်းအင်များဖြစ်ပြီး ပတ်ဝန်းကျင်နှင့်သဟဇာတ ဖြစ်ကာ လေထုညစ်ညမ်းစေသည့်ပစ္စည်းများနှင့် မှန်လုံအိမ်ဓာတ်ငွေ့များ တိုက်ရိုက်ထုတ်လွှတ်မှုမရှိသော စွမ်းအင်များဖြစ်ပါသည်။ ဥပမာ ရေအားစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်နှင့် ဘူမိအပူ စွမ်းအင်များဖြစ်ကြပြီး အဆိုပါစွမ်းအင်များသည် လေထုညစ်ညမ်း စေသည့်အရာများနှင့် မှန်လုံအိမ်ဓာတ်ငွေ့များ လေထုအတွင်း တိုက်ရိုက်ထုတ်လွှတ်မှုမရှိကြပါ။ အစိမ်းရောင်နည်းပညာဆိုသည်မှာ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် နည်းပညာများဖြစ်ပါ သည်။ ဓာတ်ဆီ၊ ဒီဇယ်သုံးစွဲသော မော်တော်ယာဉ်များအစား လျှပ်စစ် ယာဉ်များ တီထွင်အသုံးပြုသည့် နည်းပညာများ၊ လေသန့်စင်သည့် နည်းပညာများ၊ သုံးစွဲပြီးသော စက္ကူများ၊ ပလတ်စတစ်များ၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ထုတ်လုပ်သည့်နည်းပညာများ စသည်တို့သည် အစိမ်းရောင်နည်းပညာများပင်ဖြစ်ပါသည်။

 

လေထုညစ်ညမ်းမှုလျှော့ချနိုင်ရေးအတွက် ဒုတိယလုပ်ငန်းစဉ်မှာ သစ်တောသစ်ပင်များ တိုးမြှင့်စိုက်ပျိုးခြင်းဖြစ်သည်။ သစ်တောသစ်ပင်များသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူပြီး နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ကာ ကျွန်ုပ်တို့ လူသားများအသက်ရှင်ရေးအတွက် အဓိကလိုအပ်သော အောက်ဆီဂျင် ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးပါသည်။ ကာဗွန်ဒိုင်‌အောက်ဆိုက်ဓာတ်ငွေ့သည် မှန်လုံအိမ်ဓာတ်ငွေ့များအနက် အဓိကကျသည့် ဓာတ်ငွေ့တစ်မျိုးဖြစ်ရာ သစ်တောသစ်ပင်များ ပြုစုစိုက်ပျိုး ထိန်းသိမ်းခြင်းသည် လေထုကို သန့်ရှင်းစေရုံသာမက မှန်လုံအိမ်အာနိသင်ကို လျှော့ချပြီးသား ဖြစ်ကာ ကမ္ဘာကြီးပူနွေးလာမှုနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန် မှုကို ဟန့်တားတိုက်ဖျက်နိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ အနေဖြင့် သဘာဝအတိုင်းတည်ရှိနေသော သစ်တောကြီးများကို ထာဝစဉ်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်အပြင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် လမ်းဘေးဝဲ၊ ယာနှင့် အများပိုင်နေရာများ၊ စာသင်ကျောင်းများ၊ ရုံးများ၌ သစ်ပင်များကို အင်တိုက်အားတိုက် နှစ်စဉ်စိုက်ပျိုးကြရပါမည်။

 

လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြရာ ကျွန်ုပ်တို့ နိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ချင်းစီအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ကိုယ်စီကိုယ်င တာဝန်သိသိဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ကျွန်ုပ်တို့လူသားများ၏ ပယောဂများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို လူသားများ၏လုပ်ရပ်ဖြင့်ပင် ထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်ပါသည်။ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် စွမ်းအင်များကို ချွေတာသုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုများကို တတ်နိုင်သမျှလျှော့ချသုံးစွဲခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ ရယူသုံးစွဲခြင်း၊ အမှိုက်များ စည်းကမ်းမဲ့မီးရှို့ခြင်းကို ရှောင်ကြဉ်ခြင်း၊ Reduce ၊ Reuse ၊ Recycle ဟူသည့် 3R စနစ်ကို လိုက်နာကျင့်သုံးခြင်း နှင့် သစ်ပင်များ ပြုစုစိုက်ပျိုးခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့

 

တိုးတက်လာသောခေတ်ရေစီးကြောင်းအတိုင်း လူသားတို့၏ တီထွင်ကြံဆဆောင်ရွက်ချက်များမှ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ် စေလျက်ရှိရာ လေထုညစ်ညမ်းမှုသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုများနှင့်လည်း ချိတ်ဆက်နေသဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင် မည်ဆိုပါက သက်ရှိများနှင့် ပတ်ဝန်းကျင်အပေါ်တွင်များစွာအကျိုး ဖြစ်ထွန်းလာစေမည်ဖြစ်ပါသည်။ ဤအချက်ကို တပ်လှန့်နှိုးဆော် သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄) ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၇၄/၂၁၂ အရ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများ၊ အကျိုး သက်ရောက်မှုများနှင့် လေထုအရည်အသွေးကို တိုးတက်လာစေ မည့် ဖြေရှင်းနည်းများကို ပိုမိုသိရှိနားလည်စေရန်အတွက် နှစ်စဉ် စက်တင်ဘာလ ၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထု နေ့ (International Day of Clean Air for Blue Skies)အဖြစ် သတ်မှတ် ခဲ့ကြပါသည်။ လေထုညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်များကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် အသိပညာပေးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံး၌ အထိမ်းအမှတ်လှုပ်ရှားမှုများ ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ ယခုလာမည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်း သောလေထုနေ့၏ ဆောင်ပုဒ်မှာ “The Air We Share” “လေထု သန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”ဟူ၍ ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုသော် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ မြို့တစ်မြို့ချင်း၊ နိုင်ငံတစ်နိုင်ငံချင်းအလိုက်ဖြစ်စေ အထူးဦးစားပေး၍ ကြိုးပမ်းဆောင်ရွက် ကြမှသာ ကျွန်ုပ်တို့လူသားများ ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံအနေဖြင့်လည်း စက်မှု လုပ်ငန်းများအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လေထုညစ်ညမ်းမှုပြဿနာများ ဆိုးရွားစွာ မဖြစ်ပေါ်စေရေးအတွက် လေထုညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များကို အထူးအလေးထား ကြိုတင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် “လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ လူသားနှင့်သက်ရှိအားလုံးအတွက် အလွန် အရေးကြီးသော လေထုကောင်းမွန်သန့်ရှင်းရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ဟု အလေးအနက် တိုက်တွန်း တင်ပြလိုက်ပါသည်။

 

Reference ;

(၁) Environmental Conservation Department - ECD facebook page

(၂) ဝင်းချစ်(အမျိုးသားစာပေဆုရ)၏ ရေအကြောင်း၊ လေအကြောင်း တစေ့တစောင်းဆောင်းပါး

(၃) Internetn