လဟယ်မြို့၌ Quarantine Center ၀င်သူ ၁၂ ဦးနှင့် ပိုးတွေ့လူနာ နှစ်ဦး ကျန်းမာရေး ကောင်းမွန်၍ အိမ်ပြန်ခွင့်ပြု

 

 

လဟယ် ဩဂုတ် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသလဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများနှင့် ပိုးတွေ့အရပ်မှ ပြန်လာသူများအား လဟယ်မြို့အားကစားခန်းမ Quarantine centre တွင် သီးခြားထားရှိပြီး RDT test kit ဖြင့် သုံးရက်ပြည့်သည့်နေ့တွင် တစ်ကြိမ်၊ တစ်ပတ်ပြည့်သည့်နေ့တွင် တစ်ကြိမ် swab နမူနာကို နှစ်ခါရယူစစ်ဆေးခဲ့ပြီး နှစ်ကြိမ်စလုံး Negative အဖြေထွက်ရှိသူ ၁၂ ဦးကို ယမန်နေ့ညနေပိုင်းက အိမ်ပြန်ခွင့်ပြု လိုက်သည့်အတွက် Quarantine ၀င်နေသူ ၁၈ ဦး ကျန်ရှိသေးကြောင်းသိရသည်။

 

အလားတူ လဟယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာနှစ်ဦးတို့မှာ ရောဂါလက္ခဏာ မပြတော့သဖြင့် သတ်မှတ်ရက်ပြည့်သောကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်များပေးအပ်ကာ အိမ်ပြန်ခွင့် ပြုလိုက်ပြီဖြစ်သည်။

 

လဟယ်မြို့တွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ခုနစ်ဦးရှိပြီး၊ ရောဂါကင်းစင်ပြီး ဆေးရုံဆင်းခွင့်ရသူ ခြောက်ဦးဖြစ်ကာ ကျန်ကိုဗစ်-၁၉ ပိုးတွေ့ လူနာ တစ်ဦးသည် လဟယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိိကြောင်း သိရသည်။

 

ရှားဆက်(လဟယ်)