လိဒ်စ်ကို ဂိုးပြတ်အနိုင်ယူပြီး အဆင့် (၄)နေရာ တက်လှမ်းနိုင်ခဲ့သည့် အာဆင်နယ်အသင်း

ပရီမီယာလိဂ်ပွဲစဉ်(၁၈)အဖြစ် ဒီဇင်ဘာ ၁၉ ရက် နံနက် အစောပိုင်းက လိဒ်စ်အသင်းနှင့် အာဆင်နယ် အသင်းတို့ လိဒ်စ်အိမ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုအနိုင်ပွဲကြောင့် ၁၈ ပွဲကစားပြီး ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၄) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

လိဒ်စ်အသင်းသည် ယခုပွဲစဉ်မတိုင်မီ မန်စီးတီးအသင်း၊ ချယ်လ်ဆီးအသင်းတို့နှင့် တွေ့ဆုံထားပြီး ဂိုးပြတ်ရှုံးနိမ့်ထားသလို ယခုပွဲစဉ်တွင် အာဆင်နယ်အသင်းကို ထပ်မံဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးသုံးပွဲတွင် သုံးပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ အာဆင်နယ်အသင်းက ယခုပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရရှိမှုကြောင့် နောက်ဆုံးသုံးပွဲတွင် သုံးပွဲစလုံး ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင် နိုင်ခဲ့သည်။

လိဒ်စ်အသင်းသည် ယခုပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် အာဆင်နယ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း ဂိုးကန်သွင်းမှု၊ ဂိုးပေါက်တည့်မတ်မှုတွင် အာဆင်နယ်အသင်းက အသာရယူနိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့ ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် လာကာဇက်၏ ဖန်တီးမှုမှ မာတင် နယ်လီက သွင်းယူပေးနိုင်ခဲ့သလို ဒုတိယဂိုးကိုလည်း ပွဲချိန် ၂၆ မိနစ်တွင် ရှာကာ၏ ဖန်တီးမှုမှ မာတင်နယ်လီကပင် သွင်းယူပေးနိုင်ခဲ့သည်။ လိဒ်စ်အသင်းသည် သွင်းဂိုးနှစ်ဂိုး ခွင့်ပြုပေးလိုက်ရပြီး နောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ အသင်းကစားသမားများ အဆုံးသတ်သေချာမှုကြောင့် ဝေးကွာခဲ့ရသည်။ အာဆင်နယ်အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၄၂ မိနစ်တွင် ဆာကာက သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းကို အာဆင်နယ်အသင်းက သုံးဂိုး-ဂိုး မရှိဖြင့် ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် လိဒ်စ်အသင်း ကစားအားတက်လာပြီး ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ အဆိုပါချေပဂိုးကို ပွဲချိန် ၇၅ မိနစ် တွင် ပယ်နယ်တီမှတစ်ဆင့် ရာဖင်ဟာက သွင်းယူပေးနိုင်ခဲ့ သည်။ သို့သော်လည်း ပွဲချိန် ၈၄ မိနစ်တွင် အာဆင်နယ်အသင်းက စတုတ္ထဂိုးရရှိခဲ့ရာ စမစ်ရိုဝီကသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် တွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသော ကြောင့် အာဆင်နယ်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လိဒ်စ်အသင်းသည် ယခု ပွဲစဉ်ရှုံးနိမ့်မှုကြောင့် ၁၈ ပွဲကစား ပြီးရမှတ် ၁၆ မှတ်ဖြင့် တန်းဆင်းဇုန် အထက်တွင် ရပ်တည်နေသည်။ ထို့အပြင် လိဒ်စ်အသင်းသည် တန်းဆင်းဇုန်အသင်းနှင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေသည့်အတွက် လာမည့်ရာသီ ပရီမီယာလိဂ်တွင် တင်ကျန်ရန် လက်ကျန်ပွဲစဉ်များကို နိုင်ပွဲရရှိရေး အားစိုက်ကစားရတော့မည်ဖြစ်သည်။လိဒ်စ်အသင်းသည် လာမည့်ပွဲစဉ်တွင် အသင်းကြီး လီဗာပူးအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြိုင်ဘက် အာဆင်နယ်အသင်းက လိဂ်ဖလား ပြိုင်ပွဲတွင် ဆန်းဒါးလန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်ဖြစ်သည့် နယူးကာဆယ်နှင့် မန်စီးတီးတို့ပွဲတွင် မန်စီးတီးက လေးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ မန်စီးတီးတို့ အဝေးကွင်းဖြစ်သော်လည်း နယူးကာဆယ်ကို ဖိအားပေးကစား နိုင်ခဲ့ပြီး အဖွင့်ဂိုးကို ၅ မိနစ် တွင် ဒိုင်ယက်က သွင်းယူပေးသည်။ ပွဲချိန် ၂၇ မိနစ်တွင် ကန်ဆယ်လိုက ဒုတိယဂိုးသွင်းယူကာ ပထမပိုင်းကို ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း မန်စီးတီးတို့ကပင် ဖိအားပေးကစားနိုင်ခဲ့ပြီး ၆၃ မိနစ်တွင် မာရက်ဇ်နှင့် ၈၆မိနစ်တွင် စတာလင်းတို့က သွင်းယူပေးကာ ပွဲအပြီး လေးဂိုးဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ပွဲစဉ် ၁၈ အပြီး ရမှတ် ၄၄ မှတ်ဖြင့် ဇယားထိပ်၌ မန်စီးတီးတို့ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ဝုလ်ဖ်နှင့် ချယ်ဆီးတို့ပွဲတွင် ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

အောင်ဇော်