Light Truck ယာဉ်တစ်စီး အမှိုက်ပုံချောက်အတွင်း ပြုတ်ကျ လူထိခိုက်မှုမရှိ

မကွေး ၂၈ ဇူလိုင် 

 

မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အောင်ပုံကျေးရွာအနီး မြို့ရှောင်လမ်းရှိ စည်ပင်အမှိုက်ပုံ၌ အမှိုက်ပစ်ရန်ရောက်လာသည့် ဘုန်းကြီးကျောင်းပိုင် Light Truck ယာဉ်တစ်စီးမှာ ပေ ၂၀ ခန့်နက်သည့် အမှိုက်ပုံချောက်အတွင်းသို့ ဇူလိုင် ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် ပြုတ်ကျခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။ 

 

“ အမှိုက်သွန်ဖို့အတွက် ကားကို ကျင်းဆင်ခြေလျှော ရပ်လိုက်တဲ့အချိန်မှာ မြေက ပျော့သွားတယ်။ မိုးကရွာနေတဲ့အခါကျတော့ လျှောပြီး ပေ ၂၀ လောက် ရှိတဲ့ချောက်ထဲကို ကားကကျတယ်။ လူတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူး။ ဒီကားကို ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ ပြန်ပြီးဆွဲတင်ပေးခဲ့ရတယ် ” ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာန ၊ တိုင်းဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က ရှင်းပြသည်။ 

 

ယာဉ်မောင်း ကိုမိုးဝင်း နှင့် အတူပါသူ ကိုကြံတိုင်းအောင်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ မကွေး၊ မြို့မဘုန်းကြီးကျောင်းပိုင် Light Truck ယာဉ်အား 191 ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး ၊ ပိုလန်မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် ကရိန်းများသုံးကာ ချောက်ထဲမှဆယ်တင်ပေးခဲ့ရကြောင်း  သိရသည်။ 

 

191 သို့ဆက်သွယ်ပါက ချက်ချင်းကူညီနိုင်ရန် ကယ်ဆယ်ရေးနှင့် မီးသတ်ယာဉ်များအား အဆင်သင့် ပြင်ဆင်ထားရှိလျက်ရှိကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။ 

 

ဇေယျတု(မကွေး)