လီဆူရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ပူတာအိုလီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ နှစ်(၆ဝ)ပြည့်ပွဲတော် ကျင်းပ

နေပြည်တော် ၁၇ ဇန်နဝါရီ

 

လီဆူရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ပူတာအိုမြို့နယ် လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ နှစ်(၆ဝ)ပြည့်ပွဲတော် မုခ်ဦးဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကချင်ပြည်နယ် ပူတာအိုမြို့ လီဆူရိုးရာကွင်း၌ ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လီဆူတိုင်းရင်းသား လူမျိုးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ လီဆူအနုပညာရှင်များက ''ငြိမ်းချမ်းရေးသီချင်း''ဖြင့် ဖျော်ဖြေပြီး လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ကချင်ပြည်နယ် ယဉ်ကျေးမှု အဖွဲ့တို့က ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား လီဆူရိုးရာခေါင်းပေါင်း၊ အင်္ကျီနှင့် ဒူးလေးတို့ကို လက်ဆောင်ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လီဆူတိုင်းရင်းသားများအနေဖြင့် ယခုလို ကြီးကျယ်ခမ်းနားသော လီဆူရိုးရာ (ခေါ့ရှိ) နှစ်သစ်ကူးပွဲတော်နှင့် ပူတာအိုလီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ နှစ်(၆ဝ)ပြည့် အခမ်းအနားကို ကျင်းပနိုင်ခြင်းအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားတို့၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုအခါတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် ညွှန်ကြား ရေးမှူးရုံး ခြောက်ရုံး တည်ဆောက်နေပြီ ဖြစ်သကဲ့သို့ ရုံးခွဲများကိုလည်း ဖွင့်လှစ်၍ လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း၊ တိုင်းရင်းသားတို့နေထိုင်ရာဒေသ အချို့တို့မှာ နယ်စွန်နယ်ဖျားတွင်ရှိကြရာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုသည် ငြိမ်းချမ်းရေးပေါ်တွင် အဓိက တည်မှီနေရာ ငြိမ်းချမ်းရေး အတွက် အလေးအနက်ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိရာ လီဆူတိုင်းရင်းသားတို့သည်လည်း တစ်တပ်တစ်အား ပါဝင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် လီဆူရိုးရာ ကွင်းကျောက်တိုင်ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်