လီဆူတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

တောင်ကြီး   ၂၅   ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာလီဆူ တိုင်းရင်းသားများ ကြီးမှူးကျင်းပသော (၅၃)ကြိမ်မြောက် လီဆူ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံ ကွင်း၌ ကျင်းပကြောင်း သိရသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ရှမ်းပြည်နယ်အတွင်း တိုင်း ရင်းသားလူမျိုးပေါင်းစုံ ၅ ဒသမ ၅ သန်းကျော် နေထိုင်ပြီး ခရိုင် ၁၃ ခုရှိ ၃၂ မြို့နယ်တို့တွင် လီဆူတိုင်းရင်းသား အနေဖြင့် အိမ်ခြေ ၇၈၉ အိမ်ခန့်၊ အိမ်ထောင်စု ၇၉၀ ခန့်၊ လူဦးရေ သုည ဒသမ ဝ၃ သန်း ကျော်နေထိုင်ပြီး ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၇၅ ရာခိုင်နှုန်း နေထိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လီဆူတိုင်းရင်းသားပေါင်း သုည ဒသမ ၅ သန်းကျော် မှီတင်းနေထိုင်လျက်ရှိကာ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၉၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော လီဆူတိုင်းရင်းသားလူမျိုးစုများအပါအဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးကလည်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဥမကွဲ၊ သိုက်မပျက် စည်းလုံးညီညွတ်စွာနေထိုင်ကြရန် ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ (၅၃)ကြိမ်မြောက် လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေကျပ်သိန်း ၂၀ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ခဲ့သည်။

 

ယင်းနောက် (၅၃)ကြိမ်မြောက် လီဆူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းနှင့် ကျေးဇူးတင်စကားကို လီဆူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ တာဝန်ရှိသူ ကိုယ်စားလှယ်တစ်ဦးက ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လီဆူတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)