လိပ်သို ၃ ဇန်နဝါရီ
ကရင်ပြည်နယ်၊ လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၅ နာရီခွဲမှ စတင်ကာ မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများသို့လည်း ၂၄ နာရီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုကျေးရွာ (၁၃)ရွာအနက် အလယ်ချောင်းအောက်ကျေးရွာ၌ ၁၁/ဝ.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးနှင့် ၁၁ ကေဗွီလိုင်း (ဝ.၆၇)မိုင်အား ခန့်မှန်းကုန်ကျငွေ ၃၅ သန်းဖြင့်လည်းကောင်း ဝ.၄ ကေဗွီလိုင်း ပေ ၃၆၀၀ အား ဒေသခံပြည်သူ ထည့်ဝင်ငွေ ၁၀ သန်းတို့ဖြင့် ပထမဆုံး စတင်ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် တို့က အမှာစကားပြောကြားပေးပြီး မြို့လျှပ်စစ်ဦးစီးမှူး ဦးချစ်ကိုကိုက လျှပ်စစ်မီးသုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များ ဟောပြောပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လျှပ်စစ်ဓာတ်အား (၂၄)နာရီဖြန့်ဖြူးပေးခဲ့သဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး များစွာ အထောက်အကူပြုနိုင်မည့်အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းကြောင့် သဘာဝ သစ်တော လေလွင့်ပြုန်းတီးမှု ထိန်းသိမ်းနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်သောကြောင့် ဒေသခံများက ဝမ်းသာပီတိ ဖြစ်ကြောင်း ကြားသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)