လိုအပ်ချက်များကို ဖြည့်ဆည်းယှဉ်ပြိုင်မည့် သတိုးအောင်

၂၆ မေ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပပြုလုပ်မည့် Mr & Miss Culture World ပွဲသို့ မကြာမီသွားရောက် ယှဉ်ပြိုင်မည့် သတိုးအောင်က ပြိုင်ပွဲအတွက်ပြင်ဆင်မှုများ စတင်နေပြီ ဖြစ်သည်။

သူသည် Mr. Culture World Myanmar အဖြစ် နေပြည်တော်ကိုယ်စားပြုယှဉ်ပြိုင်ရာမှ ရွေးချယ်ခံရသူဖြစ်သည်။

“ပြိုင်ပွဲက ဩဂုတ်လမှာပါ၊ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ဖို့အတွက် ရွေးချယ်ခံရတယ်လို့ထင်ပါတယ်၊ အင်္ဂလိပ်စာကတော့ ကိုယ့်နိုင်ငံရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် လိုအပ်ချက်တွေရှိသွားမှာတော့ စိုးရိမ်မိပါတယ်၊ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုတွေကို ကမ္ဘာကသိလာအောင် အကောင်းဆုံးချပြသွားချင်ပါတယ်၊ အင်္ဂလိပ်စာက မိခင်ဘာသာစကားမဟုတ်လို့ လိုအပ်ချက်တွေ ရှိသွားခဲ့ရင်ချစ်တဲ့စိတ်နဲ့ ဖြည့်စွက် ကြည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ကျွန်တော့်အနေနဲ့ပြည်တွင်းမှာပြုလုပ်တဲ့ Mister Culture World Mya nmar 2018 ပြိုင်ပွဲမှာ Winner ဆုနဲ့ ကျွန်တော်အလိုချင်ဆုံး Best Catwalk ဆုကိုရရှိပြီး Smart idol ဆုကို ထပ်မံ ရရှိခဲ့ပါတယ်” ဟု Mister သတိုးအောင်က ပြောသည်။

၎င်းသည် ပြိုင်ပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုမှစတင်၍ အခြားလိုအပ်သည့် အရာများကိုလည်း ဖြည့်ဆည်းလေ့ကျင့်နေကြောင်း၊ ဝတ်စုံများကလည်း ဒီဇိုင်နာများနှင့်တိုင်ပင်ကာ မိမိတို့နိုင်ငံယဉ်ကျေးမှုနှင့်ထပ်တူကျမည့် ဝတ်စားဆင်ယင်မှုများကိုဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့သဘာဝဓလေ့စရိုက်များကို အဓိကထားလေ့လာနေပြီး ခေတ်အဆက်ဆက်ပြောင်းလဲမှုများကိုလည်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း