လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ပြည်သူများထံသို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ    ၂၉   ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ပထမအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မကြာခဏ မေးလေ့ မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါ သလား အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များတွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက် အတွင်း မိမိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သင့်အမည် ပါ/မပါ၊ မဲပေးနိုင်ဖို့ အတွက် သင့်အမည်ဟာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရမယ်၊ အမည်စာရင်းမပါပါက ပုံစံ(၃)ကိုဖြည့်စွက်၍ လည်းကောင်း၊ ကိုယ်ရေးအချက်အလက်များ မဲဆန္ဒရှင်စာရင်းတွင် မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားရပါမယ် စသည့် အချက်များပါဝင်သော ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ဝေသော ပိုစတာနှင့်လက်ကမ်းစာစောင်များကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ(၈၅)အုပ်စုတို့တွင် ကပ်ပြထားရှိနိုင်ရေးနှင့် ဖြန့်ဝေနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံသို့ ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)