လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာ၌ ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

လွိုင်ကော် ၂ မတ်

 

ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများ၏ (၆၉)နှစ်မြောက်၊ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကို မတ် ၁ ရက် နံနက် ၈ နာရီခွဲက လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ပွဲတော်ကွင်း၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူ ၅၀ဝ ဦးခန့် တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ပအိုဝ်းအမျိုးသား အလံတော်အား အလေးပြုခြင်းများကို ဆောင်ရွက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ (၆၉)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ပအိုဝ်းတိုင်းရင်းသူ ဒေါ်နန်းခမ်းဦးက ဖတ်ကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ပေးပို့သော သဝဏ်လွှာအား ပအိုဝ်းစာပေ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးခွန်ဟန်ဆောင်က ဖတ်ကြားပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့သော သဝဏ်လွှာအား ပအိုဝ်းတိုင်းရင်းသား ဦးခွန်ရွှေထီးက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ (၆၉)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး (အဂ္ဂမဟာသီရိသုဓမ္မ မဏီစောတဓရ ဝဏ္ဏကျော်ထင်) ဦးအောင်ခမ်းထီ ပေးပို့သော သဝဏ်လွှာအား ပအိုဝ်းစာပေ ယဉ်ကျေးမှု ဒုတိယ ဥက္ကဋ္ဌ ဦးခွန်မောင်ပန်းက ဖတ်ကြားကာ ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကို ပေးပို့လာသော သဝဏ်လွှာအား ဦးခွန်ချစ်လှိုင်က ဆက်လက်ဖတ်ကြားသည်။

 

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းအမျိုးသားနေ့ ကျင်းပရာတွင် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ ၁၀ သိန်းကျပ် ထောက်ပံ့ပေးအပ်ရာ ဦးခွန်ဟန်ဆောင်က လက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက အလှူငွေ ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုင်း (လွိုင်ကော်)

 

 

 

SHARE THIS ON SOCIAL MEDIA