လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီး မီးခိုးထပ်မထွက်ရန် Biofoam ဓာတ်ငွေ့ရည်ကို ရေနှင့်ရော၍ အမြင့်တက်မီးသတ်ကားဖြင့် ငြှိမ်းသတ်မည်

၂၆ ဧပြီ

 

ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှု အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး လှိုင်သာယာ ထိန်ပင်အမှိုက်ပုံအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ချောင် (ဒဂုံမြောက်)၊ ကြူချောင်(ရွှေပြည်သာ)၊ ဆိပ်ကြီးခနောင်တို၊ ဒလ နှင့် မင်္ဂလာဒုံတို့ရှိ အမှိုက်ပုံများကို အလားတူ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအား သတင်းစဉ်က သွားရောက်တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

 

မေး။ ။ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှု အမြန်ဆုံး ငြှိမ်းသတ်နိုင်ဖို့ ဘယ်လိုစီစဉ် ဆောင်ရွက် ထားပါသလဲ။

 

ဖြေ။ ။ မီးလောင်မှုအတွက် အပိုင်းနှစ်ပိုင်းကို တစ်ပြိုင်တည်းလုပ်တယ်။ တစ်ခုကတော့ မီးငြှိမ်းသတ် တဲ့အပိုင်း၊ နောက်တစ်ခုကတော့ ကျန်းမာရေး စောင့်ရှောက် မှုအပိုင်း။ ဒါကတော့ လူမှုရေးအပိုင်း။ မီးငြှိမ်းသတ်ရေး အပိုင်းမှာတော့ မီးကို ၈ဝ ရာခိုင်နှုန်းနိုင်နေပြီ။ ပြဿနာက မီးခိုး၊ မီသိန်းကနေပြီးစတာ၊ နောက်ပြီးတော့ ပလတ်စတစ်ပါတယ်။ မီးခိုးထွက်တာက များတယ်။ အဲဒီအပိုင်းကို ငြှိမ်းသတ်ဖို့ စီစဉ်နေပါပြီ။ Biofoam ဓာတ်ငွေ့ရည်ကို ဂျပန်နဲ့ ပြင်သစ်က သုံးတယ်လို့ပြောတယ်။ ကံကောင်းစွာပဲ ထိုင်းကရမယ်လို့ ပြောတယ်။ လိုတာက ဂါလန် ၅ဝဝဝ လောက်လိုတယ်။ ရမှာက ဂါလန် ၁၈ဝဝ လောက်ရမှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရသလောက်ယူပြီး သုံးရမယ်။

 

ဓာတ်ငွေ့ထွက်တာ နည်းသွားအောင်လုပ်ပါမယ်
မီးငြှိမ်းသတ်တဲ့အပိုင်းမှာလည်း နှစ်ပိုင်းပေါ့။ တစ်ခုက ရေနဲ့ငြှိမ်းသတ်ပြီးတော့ ရေနဲ့ Biofoam ဓာတ်ငွေ့ရည်နဲ့ ထည့်ပြီးငြှိမ်းသတ်မယ်။ ရေကို source ကနေ တိုက်ရိုက်လွှတ်ပြီး ကန်ထဲကို အမှိုက်တွေ စိုသွားအောင် လုပ်မယ်။ စိုသွားတော့ “ ဓာတ်ငွေ့ထွက်တာ နည်းသွားအောင် လုပ်ပါမယ်။ လောင်နေတဲ့ အပိုင်းကျတော့ ထပ်ပြီး အောက်ဆီဂျင်ကိုဖြတ်တဲ့အနေနဲ့ Biofoam ဓာတ်ငွေ့ရည်နဲ့ သုံးမှာပါ။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးကျန်းမာရေး ဦးစီးရယ်၊YCDC ကျန်းမာရေးဌာနရယ်ပေါင်းပြီးတော့ ရပ်ကွက်တွေရော၊ ဆေးရုံတွေမှာရော အဆင်သင့်ထားပြီး ရပ်ကွက်တွေမှာတော့ လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်နေပါပြီ။

 

မေး။ ။Biofoamဓာတ်ငွေ့ရည်နဲ့ မီးငြှိမ်းသတ်မယ်ဆိုရင် ဘယ်လိုအကျိုးအာနိသင် ရှိလာနိုင်မလဲ။

 

ဖြေ။ ။Biofoam ဓာတ်ငွေ့ရည်ဆိုတာ အောက်ဆီဂျင် ဖြတ်ချလိုက်တာ။ အခုဟာက အတွင်းက လှိုက်လောင်တာ၊ အပေါ်က မီးရှို့တာ မဟုတ်ဘူး။ ဟိုးအတွင်းကနေပြီးတော့ ပူပြီးတော့ ဓာတ်ငွေ့သဘောနဲ့ Chemical Reaction ဖြစ်ပြီး လောင်တာဆိုတော့ အဲဒီမှာ ကျွန်တော်တို့က ရေနဲ့ငြှိမ်းလိုက်ရင် ဓာတ်ငွေ့နဲ့အတူ မီးစလေးက လိုက်လာတယ်။ အများကြီးလောင်တာလည်း မဟုတ်ဘူး။ တငွေ့ငွေ့လောင်တာ၊ မီးစလေးတက်လိုက်၊ အဲဒီမီးစလေး ငြှိမ်းလိုက်ရင် ဟိုဘက်ကိုတစ်ခါထပ်ပြီး မီးပွားလေးက တက်လာတယ်။ အဲဒီမီးပွားလေးငြှိမ်းလိုက်ရင် ဟိုဘက်ကို မီးတောက်ကလေးက တစ်ခါတက်ဆိုတော့ မီးက ပတ်ချာလည်နေတယ်။

 

ထိန်းပြီး မီးငြှိမ်းသတ်
Biofoam ဓာတ်ငွေ့ရည်က ဘာဖြစ်လဲဆိုရင် ဖျန်းလိုက်တာနဲ့ အောက်ဆီဂျင် ဖြတ်ချပြီးသားဖြစ်သွားတဲ့အတွက်ကြောင့် ထပ်မလောင်ဘူး။ ဂါလန် ၁၈ဝဝ လောက် ရမယ်ဆိုရင် မဆိုးဘူး။ အခုက မီးသတ်မှာလည်း အမြင့်တက်မီးသတ်ကား လေးစီး ရောက်နေပြီ။ မီးသတ်တွေကလည်း အချိန်ပြည့် ၂၄ နာရီ သွားနေပေမယ့် သူတို့အနေနဲ့ မီးခိုးကလည်း အရမ်းများတော့ ရှေ့သိပ် မတိုးရဲသေးဘူး။ အဲဒီမှာ ဘာရှိလဲဆိုတော့ မီးကျင်းတွေ ရှိတယ်။ ကျင်းထဲကျသွားလို့ရှိရင် လူက ဖုတ်ပြီးသားဖြစ်မယ်လို့ ပြောတယ်။ အောက်အပူခံထားတာဖြစ်တယ်။ အဲဒါကိုလည်း ကြောက်ရတဲ့အတွက် ထိန်းပြီး မီးငြှိမ်းသတ် ရတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်ခြည်မပြတ်အောင် မီးခိုးကရှိတော့ အရဲစွန့် မသွားရဲဘူး။ ရှေ့နောက်သွားပြီး ပက်ရတာ ရှိတယ်။ အ္တရာယ်က တော်တော်များပါတယ်။ အလုပ်လည်း ပင်ပန်းကြပါတယ်။ ကျွန်တော်တို့တောင် ဒီထဲမှာ ဝင်ထွက် သွားနေတာတောင် ညကျရင် မျက်လုံးစပ်ပြီး အိပ်မပျော်ဘူး။ နောက် ပြည်သူလူထုတွေလည်း ခံစားရမယ်ဆိုတာ သိပါတယ်။ သို့သော်လည်း ဒီဘေးအ္တရာယ်ကို ကျွန်တော်တို့ အပြစ်မပြောဘဲ ရသလောက် ဝိုင်းဝန်းငြှိမ်းရင် အောင်မြင်မှာပါ။ ပြီးမှာပါ။ ဒီလိုပဲ ပူးပေါင်းပြီးတော့ ဖြေရှင်းရမှာပဲ။

 

မေး။ ။ မနေ့ညက မြို့နယ်တော်တော်များများကို မီးခိုးညှော်နံ့တွေ ရတယ်လို့ပြောကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

 

ဖြေ။ ။ ညကျတော့ အေးသွားတယ်။ အေးသွားတော့ မီးခိုးအပေါ် မတက်တော့ဘူး။ မီးခိုးအပေါ် မတက်တော့ မီးခိုးက အိုင်ပြီးတော့ လှည့်ပတ်သွားတဲ့အခါ ကျတော့ ညှော်နံ့ရတာဖြစ်ပါတယ်။ အသက်ရှူကျပ်လောက် အောင်တော့ မဟုတ်ဘူး။ မီးခိုးနံ့ ရတာပေါ့လေ။ မီးခိုးနံ့ ရတော့ ဘာနံ့ကြီးလဲဆိုပြီး ကြည့်မြင်တိုင်ဘက်လည်း ရှိတယ်။ အလုံဘက်လည်းရှိတယ်။ မှန်ပါတယ်။ သို့သော် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အပြစ်ရှောင်ချင်လို့တော့ မဟုတ်ပါဘူး။ နည်းနည်းပူလာတဲ့ အခါကျရင် မီးခိုးက အပေါ်ပျံတက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ အဓိကက မီးခိုးနံ့ပဲ၊ မီးခိုးကိုပြတ်အောင် လုပ်ရမယ်။

 

မေး။ ။ ထိန်ပင်အမှိုက်ပုံအပါအဝင် ကျန်အမှိုက်ပုံတွေကိုလည်း နောင်ဒီလိုမျိုး မဖြစ်အောင် ဘယ်လိုမျိုး ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါသလဲ။

 

ဖြေ။ ။ အရင်က မလွှကုန်းအမှိုက်ပုံလည်း ရှိတတ်တယ်။ ဒီလိုပဲ လောင်တတ်တယ်။ ရက်ရှည်ပြီးတော့ တငွေ့ငွေ့နဲ့လောင်တာ၊ အလုံမှာလည်း ဒီလိုပဲ တငွေ့ငွေ့လောင်တာ။ သို့သော်လည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ မကောင်းဘူး။ ဘာလဲဆို အ္တရာယ်ရှိတယ်။ အရင်တုန်းက ဘယ်လိုလောင်ခဲ့လောင်ခဲ့ ရအောင်ငြှိမ်းရပါမယ်။ သို့သော် ကျွန်တော်တို့ရဲ့ ပစ္စည်း မစုံမလင်တဲ့ ပြဿနာပါ။ နောက်တစ်ခုက ဒီအမှိုက်ပုံတွေကို ရှင်းဖို့အတွက် အလေအလွင့်စွမ်းအင် ဆုံးရှုံးမှုတွေကို စီမံကိန်းဆွဲနေတယ်။ တင်ဒါတွေလည်း ခေါ်နေတယ်။ ပြန်လည် အသုံးပြုဖို့ လုပ်နေတယ်။ ကြားထဲမှာ ဖြစ်ချင်တော့လည်း ဒီကနေ ၂၁ ရက်မှာ နေ့လယ်ပိုင်းက အပူချိန် တော်တော်တက်တယ်။ ၄၂ ဒီဂရီလောက်တက်တယ်။ အပေါ်ကလည်းပူတယ်။ အောက်မှာလည်း အောင်းပြီးတော့ ဓာတ်ငွေ့လည်း တက်တယ်ဆိုတော့ အောက်ကစပြီး အတွင်းဘက်က စပြီးလောင်တာ။ လောင်တာ မသိလိုက်ဘူး။ ဘာတက်လဲ ဆိုတော့ အမှိုက်ကြားက မီးညွန့်တက်လာတယ်။ မီးညွန့်တက်မှ မီးလောင်တာ အဲဒီမှာစပြီးတော့ မီးစ ငြှိမ်းပါတယ်။ ဒီဘက်က မီးငြိမ်းတော့ ဟိုဘက်က တက်လာတယ်။ အထဲကအောင်းပြီး လှိုက်လောင်တာ။ အဲဒါကိုထိန်းဖို့ အောက်ဆီဂျင်ဖြတ်မှရမယ်။ အောက်ဆီဂျင် ရှိတဲ့နေရာတွေ မီသိန်းနဲ့ပေါင်းပြီး လောင်တယ်။ အပူများတယ်ခေါ်မှာပေါ့။ မီးသတ်သမားဝေါဟာရတွေပေါ့။

 

တစ်ယောက်နဲ့ တစ်ယောက် ချိတ်ချိတ်ပြီး မီးငြှိမ်းရ
မီးငြှိမ်းတဲ့အခါ သတိထားငြှိမ်းရတယ်။ အောက်မှာ မီးကျင်းတွေရှိတယ်။ သွားတာ လမ်းလျှောက်တာကအစ အောက်မှာ ဘယ်လောက်ထိ လှိုက်လောင်နေမှန်းမသိဘူး။ တော်တော်သတိထားရတယ်။ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ချိတ်ချိတ်ပြီး မီးငြှိမ်းရတယ်။ ဒါတွေလုပ်ဖို့ဆို နိုင်ငံခြားမှာဆိုရင် မီသိန်းဓာတ်ငွေ့တွေကို ပိုက်တွေထည့် ပြီးတော့ အောက်ကရေဆိုးကို တစ်ခါသန့်တယ်။ ဓာတ်ငွေ့တစ်ခါထုတ်တယ်။ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး စနစ်တစ်ခုလုပ်ဖို့ စဉ်းစားနေပါတယ်။ စရိတ်စက အတော်ကြီးတယ်။ ပိုက်တွေချရတာတို့၊ ဓာတ်ငွေ့ System လုပ်ဖို့လိုအပ်တဲ့အရာတွေ များတယ်။ ဒါပေမယ့် လုပ်ရမှာပေါ့။ အမြတ်ရတဲ့လုပ်ငန်းမဟုတ်ဘူး။ ဒါပေမယ့် လူမှုရေးအရ လိုအပ်တယ်။ အကယ်၍ လုပ်နိုင်တဲ့ အချိန်ကျရင် လုပ်ကိုလုပ်ရမှာပေါ့။

 

မေး။ ။ လက်ရှိ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေမှုအပေါ် ရှင်းပြပေးပါ။

 

ဖြေ။ ။ စငြှိမ်းတုန်းက YCDC ပေါ့။ YCDC ပြီးတော့ ပူးပေါင်းပါဝင်တာ မီးသတ်ပါ။ မနေ့ကဆိုရင် တပ်မတော် ပါလာပြီ။ အခု ဆည်မြောင်းပါ ပါလာပြီ။ လေးဌာနပေါ့။ YCDC ရယ် ၊ မီးသတ်ရယ်၊ တပ်မတော်ရယ်၊ ဆည်မြောင်းရယ် ပါလာပြီ။ တပ်မတော်ဆိုရင် တော်တော် အင်အားများတယ်။ လူရော၊ ပစ္စည်းအင်အားရော ဝင်ပြီး မီးလောင်အားကလည်း ကျသွားတဲ့အခါကျတော့ ဝိုင်းပြီးထိန်းသိမ်းထားနိုင်တယ်။ အမှိုက်တွေစိုအောင် ရှိသမျှ ကန်ထဲကရေတွေ စုပ်ပြီးတော့ မီးသတ်ကားနဲ့ မဟုတ်ဘူး၊ ပိုက်နဲ့ထည့်ပြီး အမှိုက်ပုံထဲကို ရေလွှတ်နေမယ်။ ရေစိုသွားအောင် လုပ်တာဖြစ်တယ်။ နောက်တစ်ခုက မီးလောင်တဲ့နေရာကို မီးခိုးထပ်မထွက်အောင် Biofoam ဓာတ်ငွေ့ရည်နဲ့ ရေနဲ့ရောပြီး အမြင့်တက်မီးသတ်ကားနဲ့ ပက်မယ်။ ဒီနေ့ စမှာပြီး မနက်ဖြန်ရောက်မယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း ကူညီပေးပါတယ်။ ကျေးဇူးတင်ပါတယ်။ 

 

တွေ့ဆုံမေးမြန်း - ဥမ္မာသန့်