လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဖုန်း/ဆိုင်ကယ်များ ခိုးမှု/လုယက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ

ရန်ကုန်  ၂၆  ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂ ရက်နေ့ က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ခိုးမှု/လုယက်မှုများကျူးလွန်ထားကြောင်း ကြိုတင် သတင်းရရှိထားသူ မင်းသူ(ခ)ကရင်၊ တင်ကိုကို(ခ)နေလင်း နှင့် နွေဦး တို့(၃)ဦးကို KENBO-125 အမျိုး အစား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါဆိုင်ကယ်အား ဇွန်လပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးခွက်ဈေးအောက်ထိပ် ကားမှတ်တိုင်အနီးမှ ခိုးယူလာခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူ မင်းသူ(ခ)ကရင်၊ တင်ကိုကို(ခ)နေလင်း နှင့် နွေဦး တို့(၃)ဦးကို အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ နေအိမ်အသီးသီးနှင့် လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး(၁၀)စီးအား ခိုးယူခဲ့ကြောင်း၊ ထို့ပြင် ဆိုင်ကယ်ဖြင့်သွားလာ၍ ခရီးသွားပြည်သူများထံမှ ဖုန်းအမျိုးမျိုး(၁၉)လုံးအား လုယူခဲ့ကြောင်း၊ ခိုးယူ/လုယူရရှိသည့် ဖုန်းနှင့်ဆိုင်ကယ်များကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ဒိုင်စုကျေးရွာနေ အောင်ဇော်(ခ)ပလာတာ ထံ ရောင်းချခဲ့ရာ အောင်ဇော်(ခ)ပလာတာ က ခိုးရာပါပစ္စည်းများအား လက်ခံဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှသက်သေခံပစ္စည်း ဖုန်း(၁၉)လုံးနှင့် ဆိုင်ကယ်(၁၀)စီးကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှု/လုယက်မှုကျူးလွန်သူ မင်းသူ (ခ)ကရင် ပါ(၃)ဦးနှင့် ခိုးရာပါပစ္စည်းများအား လက်ခံဝယ်သူ အောင်ဇော်(ခ)ပလာတာ တို့ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MDN