လှိုင်သာယာမြို့နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းပုံရိပ်များ

articles_advs

ဖိုးဇင်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ လှိုင်သာယာမြို့နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဟူ၍ ခွဲခြားလိုက်ပြီ ဖြစ်သည်။ ဤသို့ နှစ်မြို့နယ်အဖြစ် ခွဲခြားမည်ကို ၂၀၁၉ ခုနှစ် နှစ်ဝက်လောက် ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ကြားသိနေခဲ့ရသည်။

 


ကြားနေရသောသတင်းကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၀၃၂/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၇ ရက်က အတည်ပြုသွားခဲ့ပြီး ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၁၃ ရက်က စတင် မြို့တည်ခဲ့သော လှိုင်သာယာမြို့နယ်မှာ မြို့နယ်တည်ပြီး နှစ်ပေါင်း ၃၁ နှစ်အကြာ၌ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)နှင့် လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ဟူ၍ အမည်နာမ နှစ်ခုဖြင့် အနာဂတ်ခရီးဆက်တော့မည် ဖြစ်သည်။

 


အိုးအိမ်ဌာနနှင့်ညှိနှိုင်း

 


လှိုင်သာယာမြို့နယ်ဟု အမည်နာမ ကမ္ပည်းမတင်ခင်က ယင်းနေရာကို ပိတ်စွယ်တော သို့မဟုတ် သာယာကုန်းကျေးရွာဟု ခေါ်ဆိုခဲ့ကြဖူးသည်။

 


“မြို့နယ်အနီးက ဖြတ်သန်းစီးဆင်းနေတဲ့ လှိုင်မြစ်ကို အစွဲပြုလို့ ‘လှိုင်’ ဆိုတဲ့ ပေါများ ခြင်းရယ်၊ ရှိရင်းစွဲ သာယာကုန်းကျေးရွာက အေးချမ်းသာယာခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်စေမယ့် ‘သာယာ’ ရယ် အဲဒီနှစ်ခုကို ပေါင်းစပ်လို့ ‘လှိုင်သာယာမြို့နယ်’ လို့ အမည် ပေးခဲ့တာပါ” ဟု အင်းစိန်မြို့နယ်တွင် မြို့နယ်အဆင့် ပါဝင်ခဲ့ဖူးသူ အဘတစ်ဦး၏ ပြောပြမှုအရ လှိုင်သာယာ၏ဋီကာကို သိခွင့်ရခဲ့သည်။
မြို့နယ်ဧရိယာ အကျယ်အဝန်းမှာ ၂၆ ဒသမ ၈၀ စတုရန်းမိုင်ဖြစ်ကာ မြို့ဧရိယာမှာ ၂၂ ဒသမ ၆၄ စတုရန်းမိုင်ဖြစ်သည်ဟု မြေပုံညွှန်းအရ သိရသည်။

 


မြို့နယ်အစ တည်ဆောက်စဉ်က ကမာရွတ်၊ နာနတ်တော၊ ကွမ်းခြံမှ မီးဘေးသင့် ပြည်သူများ၊ အခြားကျူးကျော်များကို မြေအကွက်ရိုက် ချပေးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း၌ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ လှိုင်၊ ဗဟန်း စသည့်မြို့နယ်တို့မှ မီးဘေးသင့် ပြည်သူများကိုပါ နေရာချပေးခဲ့ခြင်း ဖြစ်သည်။

 


လူဦးရေသောင်းချီမြင့်မားလာ

 


၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး၌ ရန်ကုန်မြို့တွင် တည်ဆောက်ရေး လုပ်ငန်းများ အားကောင်းလာခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ မုန်တိုင်းဒဏ် ခံကြရသူများ မြို့နယ်သို့ အခြေချ နေထိုင်လာခြင်း၊ စက်မှုဇုန်များ တည်ဆောက်ပေးနိုင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပေါများလာခြင်းဖြင့် မြို့နယ်အတွင်း တစ်နှစ်ထက်တစ်နှစ် လူဦးရေ သောင်းချီ မြင့်မားလာခဲ့ခြင်း ဖြစ်သည်ဟု လှိုင်သာယာမြို့နယ် စတည်ကတည်းက နေလာခဲ့သူ ဦးမြသောင်းက သူ့အတွေ့အကြုံ ကို ပြောပြခဲ့ဖူးသည်။

 


သို့အတွက် အုပ်ချုပ်ရေးယန္တရား လက်လှမ်းမီနိုင်စေရေးအတွက် ၁၉၉၅ ခု မတ် ၃၀ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက ရပ်ကွက်ကြီး ၂၀၊ ကျေးရွာအုပ်စု ကိုးအုပ်စုဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။

 


မြို့နယ်အတွင်းရှိ လူဦးရေမှာ မြို့နယ် စာရင်းကောက်ယူရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ တရားဝင် ကောက်ယူထားမှုမှာ ခုနစ်သိန်းကျော်ရှိသည်ဟု ဆိုထားသည်။

 


ကျူးကျော်တန်းတစ်ခုတွင် နေထိုင်သူ ဦးဘသန်းက “ခုနစ်သိန်းဆိုတာ အနိမ့်ဆုံး ပြောတာ၊ သေသေချာချာ စစ်စစ်ပေါက်ပေါက် ကောက်ရင် ရှစ်သိန်းနီးပါးအထိ ရှိနိုင်တယ်” ဟု ပြောသည်။

 


အရေးကြီးဆုံးလိုအပ်ချက်


မြို့နယ်အတွက် အဓိကအရေးကြီးဆုံး လိုအပ်ချက်မှာ အုပ်ချုပ်ရေးဖြစ်သည်။ နေ့စဉ်၊ လစဉ်နှင့်အမျှ တိုးပွားနေသော လူဦးရေကို စနစ်တကျ အုပ်ချုပ်နိုင်ရေးမှာ ရှိပြီး ရဲတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းတို့မှာ အချိုးအဆ မြောက်မြားစွာ ခြားနားနေမှုက မြို့နယ်အတွက် လိုအပ်ချက်တစ်ခုဖြစ်နေသည်ဟု ဥပဒေ အရာရှိတစ်ဦးက သုံးသပ်ပြောကြားမှုလည်း ရှိထားဖူးသည်။

 


အများဆန္ဒနှင့်အညီ ဖြစ်ပေါ်လာ

 


ထိုလိုအပ်မှုများအနက် အလုံးစုံမဟုတ်သည့်တိုင် အတိုင်းအတာ တစ်ခုအထိ သို့မဟုတ် ထို့ထက်ပိုသော ပြည့်စုံမှုတစ်ခုမှာ အများဆန္ဒနှင့်အညီ ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။ ကြီးမားလွန်းသော မြို့နယ်ကို နှစ်ပိုင်းခွဲ၍ စီမံခန့်ခွဲ အုပ်ချုပ်နိုင်စေရန်အတွက် လှိုင်သာယာမြို့နယ်အား အရှေ့ပိုင်းနှင့် အနောက်ပိုင်း ခွဲခြားရေးကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပေးသကဲ့သို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကလည်း မှတ်တမ်းတင်ခဲ့ပြီဖြစ်သည်။

 


လှိုင်သာယာမြို့နယ်အား အရှေ့ပိုင်းနှင့် အနောက်ပိုင်းခွဲခြားသော် အရှေ့ပိုင်းသည် စတုရန်းမိုင် ၁၃ မိုင် ကျော်ရှိသည်ဖြစ်၍ အနောက်ပိုင်းမှာ စတုရန်းမိုင် ၁၂ မိုင်ကျော်ရှိသည်ဟု သိရသည်။ အရှေ့ပိုင်းတွင် ကျေးရွာအုပ်စု ငါးအုပ်စုဖြင့် ရပ်ကွက်ပေါင်း ကိုးရပ်ကွက် ပါဝင်မည်ဖြစ်ပြီး အနောက်ပိုင်းတွင် ကျေးရွာအုပ်စု လေးအုပ်စုဖြစ်ကာ ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက် ပါဝင်သွားမည်ဖြစ်သည်။ လူဦးရေမှာလည်း အရှေ့ပိုင်းတွင် လေးသိန်းကျော်နှင့် အနောက်ပိုင်းတွင် သုံးသိန်းကျော်ရှိနေမည်ဟု တာဝန်ရှိသူတစ်ဦး၏ ပြောပြမှုအရ သိခွင့်ရခဲ့သည်။

 


အရေးတကြီးလိုအပ်လာ

 


မူလပထမ မြို့နယ်တည်ဆောက်မှုအရ ယခု ခွဲခြားလိုက်သော အရှေ့ပိုင်းသည် ဌာနဆိုင်ရာ အဆောက်အအုံများ အများဆုံးရှိရာ အပိုင်းဖြစ်နေသည်။ အနောက်ပိုင်းအတွက် လိုအပ်နေသော ဌာနဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ပေးရန် အရေးတကြီး လိုအပ်လာတော့မည်ဖြစ်သည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က “လှိုင်သာယာမြို့နယ် စတည်ဆောက်ကတည်းက အခု အရှေ့ပိုင်းလို့ သတ်မှတ်တဲ့ နယ်မြေမှာ ဌာနဆိုင်ရာ အဆောက်အအုံတွေက အတော်များများ ရှိနေပြီးသား၊ အနောက်ပိုင်းအတွက် လိုအပ်တဲ့ ရုံး အဆောက်အအုံတွေကတော့ ပြန်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေလည်း လိုအပ်လာမှာပေါ့” ဟု ရှင်းပြခဲ့သည်။

 


စီးပွားရေးအားဖြင့် မြို့နယ်အတွင်း မွေးမြူရေးဇုန်အပါအဝင် ၁၃ ဇုန်ရှိရာ ခွဲခြားမှုအရ အရှေ့ပိုင်းမြို့နယ်အတွင်း စက်မှုဇုန် (၁) မှ (၇) အထိ အပြင် ရွှေလင်ဗန်းစက်မှုဇုန်တို့ ပါဝင်သွားမည်ဖြစ်သည်။ အနောက်ပိုင်းတွင် မွေးမြူရေးဇုန်၊ ငွေပင်လယ်၊ ရွှေသံလွင်၊ အနော်ရထာ၊ မြစိမ်းရောင် စက်မှုဇုန်များ ကျန်ရစ်ခဲ့မည်ဖြစ်သည်။

 


အဦးဆုံးကျန်းမာရေးစောင့်ရှောက်မှု

 


ကျန်းမာရေးနှင့်ပတ်သက်၍ အရှေ့ပိုင်းတွင် ကျေးလက်ကျန်းမာရေး ဌာနတစ်ခု၊ ဒေသန္တရ ဆေးခန်းတစ်ခုနှင့် များမကြာမီက တည်ဆောက်ခဲ့သော ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးတို့က အထင်းသား ရှိနေမည်ဖြစ်သည်။ အနောက်ပိုင်းမြို့နယ်ရှိ ပြည်သူများအတွက် အဦးဆုံး ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်လာမည်ဖြစ်သည်။

 

mdn


ပညာရေးကဏ္ဍအားဖြင့် အရှေ့ပိုင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်း ရှစ်ကျောင်း၊ အလယ်တန်းကျောင်း ငါးကျောင်း၊ မူလတန်းကျောင်း ၁၄ ကျောင်း ရှိထားနှင့်ပြီးဖြစ်ကာ အနောက်ပိုင်းမြို့နယ် အတွက်မှာမူ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ မူလတန်းကျောင်း ၁၇ ကျောင်းအပြင် အဆင့်မြင့်နည်းပညာ တက္ကသိုလ်တစ်ခု ရှိထားမည် ဖြစ်ရာ ပညာရေးအတွက် ကွာဟချက်မှာ အထူးအထွေ ခြားနားမှုမရှိနိုင်ဟု ဆိုကြသည်။

 


လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အရှေ့ပိုင်း၊ အနောက်ပိုင်းတို့၌ ရဲစခန်း တစ်ခုစီ ရှိပြီးသားဖြစ်သည်။ ယင်းသို့ ခွဲခြားလိုက်ခြင်းအားဖြင့် စခန်းအပိုင်၊ နယ်မြေအပိုင် စိုးမိုးမှုမှာ ပိုမိုထိရောက် မြန်ဆန်သွားနိုင်မည့်အပြင် ရဲတပ်ရင်းတစ်ခုမှာ အနောက်ပိုင်းတွင် ရှိနေသည်ဟု သိရသည်။


နယ်မြေကျယ်ပြန့်မှု၊ အိမ်ခြေများပြားခြင်းကြောင့် မီးဘေးအန္တရာယ်အတွက်မူ အရှေ့ပိုင်း၌ မီးသတ်စခန်းတစ်ခု ရှိထားသော်လည်း အနောက်ပိုင်းအတွက်မူ မီးသတ်စခန်း ရှိရေးမှာ အရေးတကြီး လိုအပ်ချက်တစ်ခုဟု ဆိုကြသည်။

 


ပြည်သူ့ဆန္ဒများဖြည့်ဆည်း

 


နောက်ဆုံးအားဖြင့်ဆိုရသော် မြို့နယ်အတွက်၊ ပြည်သူများအတွက် လိုအပ်နေသော ပြည်သူ့ဆန္ဒများ ဖြည့်ဆည်းနိုင်ရေးကို လွှတ်တော်အသီးသီးတွင် တင်ပြနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တိုးရှိလာနိုင်မည် ဖြစ်သကဲ့သို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် သုံးဦး အများဆန္ဒနှင့်အညီ တိုးမြှင့်တင်မြှောက်ပေးနိုင်တော့မည် ဖြစ်သည်။
လှိုင်သာယာမြို့နယ်အား ယင်းကဲ့သို့ နှစ်ပိုင်းခွဲခြားလိုက်ခြင်းအားဖြင့် မြို့နယ်များ၏ အဓိက တရားဥပဒေ စိုးမိုးရေးမှာ လက်လှမ်းတမီ လွှမ်းခြုံလာနိုင်တော့မည် ဖြစ်သကဲ့သို့ အုပ်ချုပ်ရေး ယန္တရားသည်လည်း ပိုမိုလည်ပတ်လာနိုင်မည့်အပြင် မြို့နေလူမှု စီးပွားဘဝများလည်း ယခုထက် ပိုမိုတိုးတက်ဝေစည် လာနိုင်တော့မည်ဟု ယုံကြည်မိပါတော့သည်။

 

မြန်မာ့အလင်း