လက်ဆေးပါ

 

တရုတ်နိုင်ငံ ဂူဟန်ဒေသမှ စတင်ဖြစ်ပွားလိုက်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လပိုင်းအတွင်းမှာပင် နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့သည်။ ၂-၃ -၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံ အနက် အနှီရောဂါ ကူးစက်ပြန့်ပွားကာ ဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရှိနေပြီဖြစ်သည်။

 

စတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာတွင် ရောဂါဖြစ်ပွားကြောင်း ဓာတ်ခွဲ အတည်ပြုလူနာ ၂၆၇၁၃ ဦး ရှိနေပြီး ထိုရောဂါကြောင့် သေဆုံးသူ ၁၁၂၀၁ ဦး ရှိ၏။ မကြာခင်ကမှ စတင် ဖြစ်ပွားသော အီတလီနိုင်ငံ၏ ရောဂါကြောင့်သေဆုံးသူအရေအတွက်မှာ မူလဖြစ်ပွားသည့် တရုတ်နိုင်ငံမှ သေဆုံးသူဦးရေထက် ပိုမိုများပြားနေ၏။ တရုတ်နိုင်ငံတွင် သေဆုံးသူ ၃၂၆၁ ဦး ရှိခဲ့သည်ဖြစ်သော်လည်း အီတလီနိုင်ငံတွင် သေဆုံးသူစုစုပေါင်း ၄၀၃၂ ဦးရှိပါသည်။ ဖြစ်ပွား သည့် ရင်းမြစ်နိုင်ငံနှင့် ကူးစက်ခံရသည့် နိုင်ငံဟူ၍ဖြစ်သော်လည်း ရောဂါ၏ ဆိုးကျိုးရလဒ်ကို ခံစားရသည်မှာ ပိုမိုဆိုးရွားနိုင်သည်ကို သတိပြုမိပါသည်။

 

မြန်မာနိုင်ငံသည် ယနေ့ချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူရော၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်နေသူပါ မရှိသေးဟု အတည်ပြုထားသော်လည်း ကမ္ဘာအနှံ့ ပျံ့နေသည့် ကူးစက်ရောဂါ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံသို့လည်း အချိန်မရွေး ဝင်ရောက်လာနိုင်ကြောင်း သတိပြုသင့်ပါသည်။

 

မြန်မာနိုင်ငံရှိ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတကာ ကျွမ်းကျင်သူများ၊ ပြည်တွင်းမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အစိုးရ အဖွဲ့များ လူမှုအဖွဲ့အစည်းများနှင့်တကွ ပြည်သူတို့နှင့်အတူ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပေသည်။

 

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုအရ၊ စီးပွားရေးအရအားနည်းချက်များ ရှိနေသည့် နိုင်ငံဖြစ်သော်လည်း ပြည်သူလူထု၏ ပူးပေါင်း ကူညီမှု၊ နိုင်ငံတကာ၏ ပူးပေါင်းကူညီမှုများ၏ အင်အားဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်နေပါသည်။

 

ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းဆောင်ရွက်နေကြသူများက ကြိုးပမ်းနေသည်နှင့်အညီ ပြည်သူလူထုကလည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးကြေညာထားသည့် လိုက်နာရမည်များ၊ ရှောင်ကြဉ်ရမည် များကို ကျင့်ကြံကြရန် လိုအပ်ပါသည်။

 

အထူးသဖြင့် ယခုအချိန်ထိ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဖြစ်သည့် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုကာ စနစ်တကျ မကြာခဏ ဆေးကြောခြင်း သို့မဟုတ် အရက်ပြန်အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်စင်ဆေးရည်ကို အသုံးပြု သန့်စင်ခြင်းတို့ကို မပျက်မကွက် ပြုလုပ်ရန် လိုပါသည်။

 

အထူးသဖြင့် အပြင်မှ ပြန်လာသည့်အခါတိုင်း အများပြည်သူ အသုံးပြုသည့်နေရာများမှ လှေကားလက်ရန်း၊ တံခါးလက်ကိုင် အစရှိသည့် လက်ဖြင့်ထိတွေ့ ကိုင်တွယ်ရသည့် ပစ္စည်းများ ကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောကြရန် လိုအပ်ပါသည်။

 

နှာချေ ချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်တို့ကို လုံခြုံအောင် ဖုံးအုပ်ထားသင့်ပါသည်။ ကိုယ်တိုင် ဖျားနာ၊ နှာချေ ချောင်းဆိုး နေလျှင် လူစုလူဝေးနေရာများ၊ ဘတ်စ်ကားစီးခြင်း၊ ခရီးသွားလာခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။ မိမိမှတစ်ဆင့် မိမိ၏ မိသားစုအပါအဝင် အခြားသူများကို ရောဂါမကူးစက်စေသင့်ပါ။ မိမိတွင် ရောဂါဖြစ်ပွား နေနိုင်သည်ဟု သံသယရှိသည်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပို့ရန် လိုအပ်ပါသည်။

 

လူစုလူဝေးများကို ရှောင်ကြဉ်ကာ အတတ်နိုင်ဆုံး အိမ်တွင်း နေထိုင်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ အသက် ၆၀ နှင့်အထက် လူကြီးများ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ အစရှိသည့် နာတာရှည်ရောဂါ ရှိသူများ အနေဖြင့် ပွဲလမ်းသဘင် အခမ်းအနားများကို တက်ရောက်ခြင်း၊ အပြင်သို့ သွားရောက်ခြင်းတို့ကို ယခုကာလအတွင်း ရှောင်ကြဉ်ကြခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ပေးနေသော သတင်းမှန်များကိုရယူခြင်း မျှဝေခြင်း တို့ဖြင့် ကပ်ရောဂါဘေးမှ ဝိုင်းဝန်းကာကွယ်ကြပါရန် နှိုးဆော်လိုက်ရပါကြောင်း။ ။

မြန်မာ့အလင်း

အယ်ဒီတာ့အာဘော်