လက်ပံတန်းမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများ ထုတ်ချေး

လက်ပံတန်း စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ထိခိုက်မှု သက်သာစေရေးစီမံချက် (CERP)အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများကို ရေနောက်ရွာသစ် ကျေးရွာ၌ စက်တင်ဘာ ၄ ရက်မွန်းလွဲပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးနှင့် ဝန်ထမ်းများက Online စနစ်မှ Video Call ဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ရေနောက်ရွာသစ် ကျေးရွာမှ ကော်မတီဝင်များနှင့် အတူ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လိုသူစုစုပေါင်း ၇၅ ဦးထံသို့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေ ကျပ်သိန်း ၂၀၀ ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် စနစ်တစ်ကျထုတ်ပေးခဲ့ကြသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများကို ရေနောက် ရွာသစ်ကျေးရွာ၌ ဒုတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)