လက်ရှိ စက်သုံးဆီဈေးနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း

ရန်ကုန် ၂၄ မေ

လက်ရှိ စက်သုံးဆီဈေးကွက် အခြေအနေနှင့်ပတ်သက်၍ မေ ၂၃ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ရှင်းလင်းတင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် တင်သွင်းလျက်ရှိသော စက်သုံးဆီများသည် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော စက်သုံးဆီများဖြစ်ကြောင်း၊ ပြည်ပမှဝယ်ယူရသည့် မူရင်းဈေး၊ ဖြစ်ပေါ်လျက်ရှိသည့် ငွေလဲနှုန်းကို အဓိကအခြေခံလျက် နိုင်ငံတော်သို့ ပေးသွင်းသည့် အခွန်အခများကို ကြိုတင်ပေးသွင်းပြီး စက်သုံးဆီများကို ဆီတင်သင်္ဘောများဖြင့် တင်သွင်း၍ သိုလှောင်စရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ စက်သုံးဆီဆိုင်များ တည်ဆောက်မှုနှင့် ဝန်ထမ်းစရိတ်စသည်များကို ထည့်သွင်းတွက်ချက်ကာ ဖြန့်ဖြူးရောင်းချမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူး ရေးအသင်းအတွင်းရေးမှူးဒေါက်တာဝင်းမြင့်ကို လက်ရှိ စက်သုံးဆီဈေးနှုန်း အခြေအနေများနှင့် ပတ် သက်၍ မြန်မာ့သတင်းစဉ်က ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။

 

 

မေး။ လတ်တလောဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးနှုန်းအခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြား ပေးပါရှင့်။

ဖြေ။ စက်သုံးဆီဈေးနှုန်းမြင့်တက်ရတဲ့ကိစ္စက တကယ်တမ်းက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီစက်သုံး ဆီတွေကို ကျွန်တော်တို့က နိုင်ငံတကာဈေးကွက်ကနေ ဝယ်ယူရတာပါ။ ကျွန်တော်တို့နိုင်ငံကလည်း ထွက်တယ်။ ထွက်ပေမယ့် ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့နိုင်ငံကထွက်တဲ့ အရေ အတွက်က ၅ ရာခိ်ုင်နှုန်းလောက်ပဲ အကြမ်းဖျင်းဖြည့်ဆည်းပေးနိုင်တယ်။ ၉၅ ရာခိုင်နှုန်းလောက် ကိန်းဂဏန်းအားဖြင့် ဓာတ်ဆီကတစ်လကို တန်ချိန် ၂ သိန်း၊ ဒီဇယ်ဆီက တစ်လကို တန်ချိန် ၄ သိန်းလောက် နိုင်ငံတကာဈေးကွက်ကနေဝယ်ပြီး ပြန်ရောင်းရတယ်။ ဝယ်ပြီးပြန်ရောင်းတဲ့ပစ္စည်း တွေဖြစ်တဲ့ အခါကျတော့ နိုင်ငံတကာဈေးကွက်မှာ ဝယ်ရတဲ့ဈေးကို အခြေခံပြီး ကျွန်တော်တို့ပြန် ရောင်းရတယ်။ အဲဒီလိုရောင်းတဲ့အခါမှာ လက်ရှိတော့ အားလုံးသိတဲ့အတိုင်းပဲ။ နိုင်ငံတကာမှာ စက်သုံးဆီဈေးနှုန်းက နိုင်ငံရေးမူဝါဒတွေ၊ စီးပွားရေးမူဝါဒတွေအရ ကစားကြတယ်။ ကစားရင်းနဲ့ မြင့်တက်တဲ့ဘက်ကို တောက်လျှောက် တစ်နေ့ထက်တစ်နေ့ ရောက်သွားတယ်။ စောစောက လွှတ်တော်မှာ ရှင်းလင်းတင်ပြတဲ့ အထဲမှာလည်း ပါပါတယ်။ ဧပြီလ ၂ ရက်နေ့ နဲ့ မေလ ၁၇ ရက်နေ့ကို နှှို်ုင်းယှဉ်တဲ့အခါမှာ ရေနံတစ်စည်၊ ဓာတ်ဆီတစ်စည်၊ ဒီဇယ်တစ်စည်ကို ၁၀ ဒေါ်လာ ပတ်ဝန်းကျင်လောက် ဧပြီလဈေးထက်စာရင် တက်သွားတယ်။

ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ဒေါ်လာငွေ ငွေလဲနှုန်းကလည်း ပြီးခဲ့တဲ့တစ်လ လောက်က ၁၃၃၀ ကျပ်ရှိ ရာကနေ ၁၃၅၀ ကျော်သွားတယ်။ ၁၉ ကျပ်လောက် ဈေးတက်သွားတယ်။ အဲဒီနှစ်ခုရဲ့ ရိုက်ခတ် မှုကြောင့် ကျွန်တော်တို့ရောင်းမယ့် ကုန်ပစ္စည်းကလည်း အရင်းဈေးထက် တစ်လီတာကို ကျပ် ၁၀ဝ လောက်တက်သွားတယ်။ အရင်းဈေးတွေ တက်သွားတဲ့ အခါကျတော့ ရောင်းတဲ့နေရာမှာလည်း အရင်းဈေး ကျပ် ၁၀ဝ တက်တာကြောင့် တစ်ဖက်ကလည်း ရောင်းဈေးမှာ တစ်နေ့ကို တစ်ဆယ် တစ်ဆယ်နဲ့ တစ်ခါတစ်ခါကျရင် မတက်ဘဲနဲ့ ပြန်ကျမလားဆိုပြီး နေကြည့်တယ်။ အဲဒီလိုနေတဲ့အခါ ဧပြီ ၂ ရက်နေ့က ရောင်းနေတဲ့ဈေးတွေသည်ပင် အဲဒီအချိန်မှာ ရောင်းဈေးက အရင်းဈေးထက် ၃ ရာခိုင်နှုန်းလောက် အရှုံးနဲ့ရောင်းနေတာဖြစ်တယ်။ အဲဒီအချိ်န်မှာ ရောင်းနေတဲ့ ကုန်ပစ္စည်းတွေက အဲဒီမတိုင်ခင်က ဝယ်ထားခဲ့တဲ့ ဆီလက်ကျန်လေးတွေ ကျန်တော့ ဒါကိုပြန်ကျလာမလားဆိုပြီး မှေးပြီး ရောင်းနေတဲ့အတွက်ကြောင့် ဖြစ်ပေါ်နေတာ။ အခုတော့ နောက်ထပ်တစ်လအတွင်းမှာ ကျပ် ၁၀ဝ လောက်ထပ်တက်တော့ တစ်နေ့ကို ၁၀ ကျပ်တက်လိုက်၊ ၂၀ ကျပ် တက်လိ်ုက် ရင်းနဲ့ဒီနေ့က ပြီးခဲ့တဲ့ တစ်လဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် တစ်လီတာကို ကျပ် ၁၀ဝ လောက်တက်သွား တာဖြစ်ပါတယ်။

မေး။ လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးနှုန်း အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲ။

ဖြေ။ နိုင်ငံမှာ စက်ရုံတွေရှိတယ်။ သတ္တုမိုင်းတွေရှိတယ်။ ငါးဖမ်းလုပ်ငန်းတွေ ရှိတယ်။ အဲဒီကုန်ထုတ် လုပ်ငန်းတွေမှာ စက်သုံးဆီကိုသုံးတယ်။ ဒါ့အပြင် လယ်ယာလုပ်ငန်းတွေမှာသုံးတယ်။ မြို့တွင်း အဝေးပြေးခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်းသုံးတယ်။ ဒါကကျွန်တော်တို့ရဲ့ အခြေခံလူ သုံးကုန်ပစ္စည်းမှာ အရေးကြီးတဲ့ ခေါင်းစဉ်ထဲမှာပါတာကြောင့် 

တက်တာကတော့ စောစောကပြောသလို ဝယ်ရင်းဈေးတွေတက်တယ်၊ နိုင်ငံခြားငွေလဲနှုန်းတွေ တက်ရင်တက်မှာပဲ။ အရင်တုန်းက ကျသွားတယ်ဆိုတာ နိုင်ငံခြားမှာ ရေနံတစ်စည်ကို ဒေါ်လာ ၁၃၀ လောက်အထိ တက်သွားတယ်၊ အဲဒီ ကနေ ၅၀- ၆၀ လောက်အထိ ပြန်ကျသွားတယ်။ အဲဒါကြောင့် ကျသွားတာပါ။ အခုဈေးတက်တာကတော့ အစိုးရရဲ့လုပ်ဆောင်ချက်ကြောင့်မဟုတ်ပါဘူး။ နိုင်ငံတ ကာမှာ ဈေးတက်လို့ တက်သွားတာဖြစ်ပါတယ်။



ကုန်ဈေးနှုန်းအပေါ်မှာ ဘယ်လောက် ထိခိုက်မှုရှိမလဲ၊ ကျွန်တော်တို့ တွက်ကြည့်တာ တစ်လီတာကို ၁၀ ကျပ် တက်သွားတယ်ဆိုပါတော့၊ ရန်ကုန်နဲ့မန္တလေးသွားတဲ့ ကားကြီးတစ်စီးက တစ်ခေါက် သွားရင် လီတာ ၂၀ဝ ပဲ ကုန်ပါတယ်။ ၂၀ဝ ဆိုရင် ဆီဖိုး ကျပ် ၂၀ဝ၀ ပိုကုန်သွားမယ်။ သူက တန်ချိန် ၃၀ လောက် သယ်သွားပါတယ်။ တစ်တန်ကို ဘယ်လောက်ကုန်ကျမလဲဆိုတော့ တွက်လိုက်ရင် မြန်မာငွေ ကျပ် ၇၀ ပိုကုန်ပါမယ်။ တစ်တန်မှာ အကြမ်းဖျင်း ပိသာ ၆၀ဝ ရှိတော့ တစ်ပိသာကို ၁၀ ပြားလောက်ပဲ သယ်ယူပို့ဆောင်ခတက်ပါမယ်။ ဒါက ဆီတစ်လီတာကို ၁၀ ကျပ်တက် ရင်ပေါ့၊ အကယ်၍ ၁၀ ဆ၊ အခု ကျပ် ၁၀ဝ တက်သွားတာဆိုတော့ ကုန်သယ်ယူမှုစရိတ်က တစ်ပိသာကို တစ်ကျပ်တက်မှာပါ၊ အဲဒါပဲ တက်မှာဖြစ်ပါတယ်။ တစ်ပိသာကို တစ်ကျပ်လောက်တက်မယ့်ကိစ္စကို ဆီဈေးတွေ တက်လို့ဆိုပြီး အချို့က တစ်ပိသာကို ကျပ် ၂၀ ၊ ၃၀ လောက် တက်တယ်၊ တက်ချင်တဲ့ လေသံတွေ လွှင့်ကြပါတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။



တကယ် ပိုမိုကုန်ကျတဲ့ဈေး အပေါ်မှာ တွက်မယ်ဆိုရင် ကျွန်တော့်အမြင်တော့ ပြောပလောက်တဲ့ သက်ရောက်မှုမဟုတ်ပါဘူး။ အခု တစ်လီတာကို ကျပ် ၁၀ဝ တက်တယ်ဆိုတာ တော်တော်များတာပါ။ အဲဒါက ရေနံတစ်စည်ကို ၁၀ ဒေါ်လာတက်မှ တစ်လီတာကို ၁၀ဝ တက်တာပါ။ ၁၀ ဒေါ်လာတက်တဲ့ အခြေအနေကလည်း တော်တော်ကိုရှားပါတယ်။ နောက်ထပ် ၁၀ ဒေါ်လာ ထပ်ဈေးတက်ရင်တောင် တစ်ပိသာကို နောက်ထပ်တစ်ကျပ်ပဲတက်မှာ ဖြစ်တဲ့အတွက် စက်သုံးဆီဈေးနှုန်းတက်မှုကြောင့် ကုန်စည်ပို့ဆောင်မှုစရိတ်တွေ တက်တယ်ဆိုတဲ့ကိစ္စက နည်းနည်း ပြန်ပြီး သုံးသပ်သင့်တဲ့ကိစ္စပါ။ ထိုနည်းတူစွာပဲ စောစောကကျွန်တော်ပြောသလို တွက်လိုက်မယ်ဆိုရင် ခရီးသွားတဲ့သူတွေအပေါ် မှာလည်း ပြောပလောက်တဲ့ သက်ရောက်မှု မရှိပါဘူး။



မေး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အခုလို စက်သုံးဆီဈေးနှုန်းတက်သွားတဲ့အပေါ်မှာ အသင်းကို ဆောင်ရွက်ဖို့ ညွှန်ကြားထားတာများရှိပါသလား။

ဖြေ။ စက်သုံးဆီလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့တော့ စားသုံးသူတွေ သက် သာဖို့ ပုဂ္ဂလိကအချို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး စီစဉ်နေ တာတွေရှိပါတယ်။

မေး။ သင့်တင့်လျှောက်ပတ်တဲ့ စက်သုံးဆီဈေးနှုန်းဖြစ်ဖို့ အသင်းအနေနဲ့ ဘယ်လိုကိုင် တွယ်ဖြေရှင်း သွားမလဲ။

ဖြေ။ ကျွန်တော်တို့အသင်းအနေနဲ့ စက်သုံးဆီလုပ်ငန်းနဲ့ပတ်သက်တဲ့ နိုင်ငံတော်ကချမှတ်တဲ့ မူဝါဒတွေအတိုင်း ကျွန်တော်တို့သိသလောက်၊ တတ်သလောက် ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေကို ဝိုင်းဝန်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြံဉာဏ်ပေးပါမယ်။ မိဘဆီမှာ သားသမီးတွေ လိုချင်တာတွေပြောပြီး တောင်းဆိုသလို လိုချင်တာတွေကိုလည်း တောင်းဆိုပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က ဂုဏ်သိက္ခာရှိတဲ့သူတွေဖြစ်ဖို့ဆိုတာ တောင်းဆိုသင့် တောင်းဆိုထိုက်တဲ့ အရာတွေ ကိုသာ ကျွန်တော်တို့က တောင်းဆိုရမှာဖြစ်ပါတယ်။ မဟုတ်တာတွေကိုသွားပြီး တောင်းဆိုမယ် ဆိုရင်တော့ အားလုံးက ဝိုင်းပြီး လက်ညှိုးထိုးတာကိုခံရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ စက်သုံးဆီလုပ်ငန်းတိုးတက်အောင်၊ တိုးတက်အောင်ဆိုတာအဓိကကတော့ လွတ်လပ်၍ တရားမျှတမှုရှိဖို့ပါ။ အဲဒါလေး ဆက်လက်ပြီးရရှိအောင်ပါ။ လူတစ်စုကိုပဲပေးပြီး လုပ်ခိ်ုင်းမယ်။ စက်သုံးဆီအရည်အသွေးက မကောင်းဘူး၊ ကောင်းအောင်ဆိုရင် လူတွေ အများကြီး လုပ်နေတာမကောင်းဘူးဆိုပြီး တချို့က အဲဒီလိုသွတ်သွင်းတယ်။ အဲဒါမျိုးတွေ မရောက်အောင် ကျွန်တော်တို့ ကြိုးစားပြီး အစိုးရအဖွဲ့ကို တင်ပြပါမယ်။

မေး။ လက်ရှိ စက်သုံးဆီဈေးနှုန်းကနေ ပြန်ကျသွားနိုင်တဲ့အလားအလာ ရှိပါသလား။

ဖြေ။ ကုန်ပစ္စည်းတစ်ခုက တန်ရာတန်ကြေးရရင် ရောင်းချင်ကြတာပဲ။ တန်ရာတန်ကြေးထက် နည်းနည်းပိုရရင် များများရောင်းချင်တာပဲ။ အခုကျွန်တော်မြင်တာကတော့ ရေနံတစ်စည်ကို ထုတ်လုပ်မှုကုန်ကျစရိတ်က အရင်က ဒေါ်လာ ၄၀ လောက် ပြောကြတယ်။ အခု ဒေါ်လာ ၇၀ လောက်ရနေပြီဆိုတော့ ရောင်းချင်တာ နည်းနည်းများပါလိမ့်မယ်၊ ရောင်းချင်တဲ့သူများလာပြီ ဆိုရင် တော့ နည်းနည်းပြန်ကျလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အင်အားကြီးမားတဲ့သူတွေရဲ့ ဖန်တီးမှုကိုလည်း ကျွန်တော်တို့ ထည့်တွက်ရမယ့်ကိစ္စဖြစ်တယ်။ အင်အားကြီးမားတဲ့သူတွေဆိုတာက ဒါတွေကို အများဆုံး ထုတ်လုပ်နေတဲ့ သူတွေ၊ ပိ်ုင်ဆိုင်တဲ့သူတွေ၊ အရောင်းအဝယ်လုပ်တဲ့ သူတွေပေါ့၊ သူတို့က တက်ချင်တယ် ဆိုရင်တော့ ဒီပစ္စည်းတွေကို ဝယ်သိမ်းထားမယ်။ ဥပမာ - မြန်မာပြည်မှာ စပါးတင်း ဘယ်နှသိန်းထွက်မယ်၊ ဒါတွေကို သူတို့က ဝယ်သိမ်းပြီး ဈေးကိုင်ထားမယ်ဆိုရင်တော့ စပါးဈေးက တက်သွားမယ်။ အခုကမ္ဘာကြီးအနေနဲ့တော့ ကမ္ဘာကြီးက ထုတ်နိုင်တာ ဒီလောက်ပဲ။ ဒါကို ကုမ္ပဏီကြီးတစ်ခုက၊ လူတစ်ယောက်က သိမ်းနိုင်တယ်ဆိုရင်တော့ သူဆွဲတဲ့ဈေး ပါမှာပေါ့။

တွေ့ဆုံမေးမြန်း - ဝင်းဝင်းမော်၊ နန္ဒာဝင်း

ဓာတ်ပုံ - ဇော်မင်းလတ်