လက်ရှိအစိုးရ၏ လက်ကျန်ရက်ပေါင်း (၁၀၀)

အောင်ထူး

( ယမန်နေ့မှအဆက်_)

(၄) ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ခရီးသည်တစ်ဦးလျှင် အလုပ်အကိုင် လေးဦးခန့်ကို ဖန်တီးပေးနိုင်သဖြင့် ခရီးစဉ်များကို စီစဉ်ခြင်း၊ စားသောက်ဆိုင်၊ တည်းခိုခန်း၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၊ ခရီးသွား ပို့ဆောင်မှုအစီအစဉ်များကို ပံ့ပိုးပေးခြင်း၊ ခရီးစဉ်အသစ်နှင့် အတွဲလိုက်ခရီးစဉ်စီစဉ်မှု (Package Tours) များကို ပြုလုပ်ပေးခြင်း၊ ခရီးစဉ်အသစ်များကို တိုးချဲ့စီစဉ်ခြင်း (New Destinations)၊ မြန်မာ့ လူနေမှုဘဝကို လေ့လာနိုင်သည့် အိမ်တွင်တည်းခိုခြင်း(Home Stay) နှင့် နေရာလပ်အိပ်ခန်းလွတ်များကို ဧည့်သည်များအား အင်တာနက်မှတစ်ဆင့် ငှားရမ်းခြင်း (Airbnb - Air Mattress bed and breakfast) ကဲ့သို့ ဆန်းသစ်သောနည်းများဖြင့် တည်းခိုနေရာများ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသွားအာမခံနှင့် အရေးပေါ်လူနာပို့ဆောင်မှုအစီအစဉ် (Medical Evacuation) များကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့အပြင် ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ လက်ရှိပူးပေါင်းဆောင်ရွက်မှုအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကျေးလက်ခရီးသွား လုပ်ငန်းများမှာလည်း လက်ရှိအသေးစား ကုန်တင်ယာဉ်များနဲ့ သွားလာနေမှုကနေ ပိုမိုဘေးကင်းပြီး စရိတ်သက်သာတဲ့ ကျေးလက် အခြေခံသယ်ယူပို့ဆောင်မှုစနစ်ကို လည်းဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။ သဘာဝ ခရီးသွားလုပ်ငန်း (eco-tourism) နဲ့ စွန့်စားလှုပ်ရှား ခရီးသွားကဏ္ဍ (Adventure tours, mountaineering, kayaking, hiking, jet-skiing, snorkeling, surfing, pleasure fishing etc.) စသည်များကိုလည်း အားပေးထူထောင်သွားရမှာ ဖြစ်ပါတယ်။

 

(၅) ပို့ကုန်ဈေးကွက်သစ်များရှာဖွေခြင်း (Diversification of Export Markets) နှင့် မြန်မာနိုင်ငံ၏ ထုတ်ကုန်များအတွက် အရည်အသွေးမြှင့်တင်ခြင်း (Improving the Quality Infrastructure of "Made in Myanmar” Products)၊ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် သက်ဆိုင်ရာ ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလုံးက ပြည်နယ်များနဲ့ပါ ချိတ်ဆက် တိုက်ရိုက်ကုန်သွယ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ။

 

ကုန်းလမ်းအပြင် ရေကြောင်းလမ်း၊ လေကြောင်းလမ်းနဲ့ နိုင်ငံတကာ ရထားလမ်းများမှပါ ကုန်သွယ် နိုင်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုမှာ အရေးပါတဲ့ ထောက်ပံ့၊ ပံ့ပိုးမှုစနစ် (Logistics)၊ သို လှောင်ရုံများ (Warehouses)၊ အအေးခန်းများ (Cold Storage)၊ ပြုပြင် ထုပ်ပိုးသည့်စနစ် (Packing Houses) များကို မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ နေရာများမှာ ထူထောင်သွားရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများအပြင် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုဧရိယာ၊ အာဆီယံနဲ့ ပြင်ပတစ်နိုင်ငံချင်းစီမှာထားရှိတဲ့ လွတ်လပ်စွာကုန်သွယ်မှုဧရိယာ၊ (၁၅) နိုင်ငံပါဝင်တဲ့ ဒေသဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှုဧရိယာ (RCEP) တို့ကို အသုံးချပြီး ဈေးကွက်အသစ်များ ရှာဖွေရမှာဖြစ်သလို၊ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံစုံကုန်သွယ်မှုစနစ် (multilateral trading system) အတွင်းမှာလည်း ကုန်သွယ်မှုတိုးတက်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ။

 

ကုန်သွယ်မှုမှာ နည်းပညာဆိုင်ရာအတားအဆီးတွေ မဖြစ်ပေါ်စေရန် ထုတ်ကုန်အရည်အသွေး (quality infrastructure)၊ အပင်နှင့်အစားအစာ ဘေးကင်းမှု (Sanitary and Phytosanitary) စနစ်များကို မဖြစ်မနေ အထူးအရေးပေး၍ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ ထူထောင်ထားရှိရမှာ ဖြစ်ပါတယ်။

 

(၆) မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်းသို့ ပါဝင်လာရန်ကြိုးပမ်းခြင်း (Graduation from Least Developing Countries Category). မြန်မာနိုင်ငံတွင် ကြီးမားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် အားနည်းနေခြင်းမှာ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်ဟု ဆိုပါတယ်။ နိုင်ငံအဆင့် ခွဲခြားမှုတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းသည် အစိုးရအချင်းချင်းဆိုင်ရာ ဖွံ့ဖြိုးမှုအထောက်အပံ့များ၊ အကောက်ခွန်လွတ်နှင့် ကိုတာမရှိသည့် ပို့ကုန် ပမာဏများကို ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပေးအပ်လက်ခံ ရရှိလျက်ရှိပါတယ်။ သို့သော်လည်း ပုဂ္ဂလိကလုပ်ငန်း များမှာမူ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများကို စွန့်စားမှုကြီးသည့် နိုင်ငံများ (High Risk countries) ဟု သတ်မှတ်ထားပါတယ်။ စွန့်စားရမှုဟုဆိုရာတွင် စီးပွားရေးအရ စွန့်စားရမှုနှင့် စီးပွားရေးမဟုတ်သည့် စွန့်စားရမှုများ (commercial and non-commercial risks) များ ပါဝင်ပါတယ်။ စီးပွားရေးအရ စွန့်စားရမှု နှင့်ပတ်သက်၍ လုပ်ငန်းများအနေဖြင့် စွန့်စားရမှု လျော့နည်းအောင် စီးပွားရေးလုပ်ငန်းအာမခံ (business insurance) ထားရှိခြင်း၊ ကန်ထရိုက်တာများအတွက် contractor performance bonds ထားရှိခြင်းနှင့် forward purchase contracts for inputs များပြုလုပ်ခြင်းနှင့် ချေးငွေစွန့်စားရမှုကို ခွဲဖြန့်ထားရှိခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။ ယင်းစွန့်စားရမှုများကို စီမံရန်နှင့် လျော့နည်းသက်သာစေရန်မှာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိတို့စွန့်ထွင် ဆောင်ရွက်နိုင်စွမ်းရှိမှုအပေါ် မူတည်ပါတယ်။ စီးပွားရေးမဟုတ်သည့် စွန့်စားရမှုများတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၌ အများဆုံးတွေ့ရသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ်များ ကြိမ်ဖန်များစွာ ကျရောက်မှုသည် အာမခံအတွက်ပေးရသည့် ပရီမီယံကြေးများကို မြင့်တက်လာစေပြီး ရင်းနှီးမြှုပ်နှံမှုစရိတ်ကို တိုးတက် လာစေပါတယ်။ စီးပွားရေးမဟုတ်သည့် စွန့်စားရမှုတွင် နိုင်ငံရေးအရ စွန့်စားရမှုဖြစ်ပါတယ်။ နိုင်ငံ အစိုးရများ၏လုပ်ဆောင်မှု သို့မဟုတ်လုပ်ဆောင်ရန် ပျက်ကွက်မှုများသည် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ရရှိနိုင်မှုကို လျော့နည်းစေပါတယ်။ ယင်းနိုင်ငံရေးကြောင့် ဖြစ်ပေါ်သည့် စွန့်စားရမှုကို လျော့နည်းသက်သာအောင် လုပ်နိုင်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများကို တိုးတက်ရရှိစေမည်ဖြစ်ပါတယ်။ နိုင်ငံရေးအရ စွန့်စားရမှုများတွင် ငွေကြေးကို လွတ်လပ်စွာ လဲလှယ်နိုင်မှုမရှိခြင်း၊ ပြည်သူပိုင်သိမ်းခြင်း၊ စစ်ပွဲများနှင့် မြို့ပြဆူပူမှုများရှိခြင်း၊ အိမ်ရှင်အစိုးရအနေဖြင့် ကန်ထရိုက်စာချုပ်များကို ဖောက်ဖျက်ခြင်းနှင့် ရုပ်သိမ်းခြင်း စသည်တို့ပါဝင်ပြီး စီးပွားရေးစွန့်စားရမှုနှင့် နိုင်ငံရေးအရ စွန့်စားရမှုများအကြား ကွဲပြားမှု မရှိခြင်းမှာလည်း စွန့်စားရမှုကို ပိုမိုကြီးမားစေပါတယ်။ အိမ်ရှင်နိုင်ငံ စီးပွားရေးအဆောက်အအုံ၏ ဥပဒေရေးရာနှင့် ငွေရေးကြေးရေးစနစ် အားနည်းချက်များ၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေး ဝန်ဆောင်မှုများဆိုင်ရာ အကန့်အသတ်များ၊ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းပြောင်းလဲမှုများ (အခွန် အကောက်၊ အတိုးနှုန်း၊ ချေးငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအပါအဝင်) စသည်များသည် သာမန်အားဖြင့် ပေးလျော်ရမည့် ရင်းနှီးမြှုပ်နှံမှု အာမခံ ပေါ်လစီများတွင် အကျုံးဝင်မှုမရှိသည်ကို တွေ့ရပါ တယ်။

- ယင်းစွန့်စားရမှုများကို လျော့နည်းစေခြင်းနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းမှ ကင်းလွတ်ခြင်းသည် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ ကင်းလွတ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်း တွင် ပါဝင်လာရန် လာမည့် (၅) နှစ်အတွင်း ကြိုးပမ်း သွားသင့်ပါတယ်။ ။

 

(၇) မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများကို ထူထောင် ခြင်းနှင့် ခေတ်သစ်စက်မှုတော်လှန်ရေးကို ဖြစ်ပေါ်စေတဲ့လုပ်ငန်းများကို လက်ခံကျင့်သုံးခြင်း သို့မဟုတ် Industry 4.0 ကို ထူ ထောင်ခြင်း၊

- ရေတိုမှာ စီးပွားရေးတွက်ခြေမကိုက်နိုင်သော်လည်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် မဟာဗျူဟာကျတဲ့ စက်မှုလုပ်ငန်းများ (SOEs)ကို နိုင်ငံတော်အစိုးရက ဦးဆောင်ထူထောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလို ထူထောင်ရာမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အုပ်ချုပ်မှုဒါရိုက်တာများပါဝင်သော ဘုတ်အဖွဲ့များ ကို ဖွဲ့စည်းခြင်း၊ စီးပွားရေးလုပ်ငန်းကျွမ်းကျင်သော အမှုဆောင်အရာရှိချုပ်များ (CEOS) ခန့်ထားခြင်း၊ ဈေးနှုန်းသတ်မှတ်မှုကို ဈေးကွက်ဈေးနှုန်းအပေါ် အခြေခံစေခြင်း၊ သင့်လျော်သည့် အမြတ်ရရှိရေးကို ဦးတည်ခြင်းများကို ဆောင်ရွက်စေသင့်ပါတယ်။

- အများပြည်သူများအတွက် အထောက်အကူပြုစေမယ့်လုပ်ငန်း (Public Goods, Electricity, Public Transport System, Water Supply, R&D) ကို  အမြတ်မယူ၊ အရှုံးလည်းမဖြစ်စေတဲ့ ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရက စိုက်ထုတ်ထူထောင်ပေးသွားရမှာ ဖြစ်ပါတယ်။

- နည်းပညာတော်လှန်ရေးတစ်ခုကို ကူးပြောင်းနေတဲ့ ကမ္ဘာတွင် မြန်မာ ၄ ဒသမ ၀ အဆင့်ကို ရောက်ရှိအောင် အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများရရှိနိုင်မည့် မဟာဗျူဟာကျသည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားသင့်ပါတယ်။

 

(၈) အစိုးရ၏ဝန်ဆောင်မှုလုပ်ငန်းများနှင့် ညှိနှိုင်းမှုစနစ်ကို အွန်လိုင်းစနစ် (Acceleration of E-Government on Government services and coordination system) သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲခြင်း၊ E-ID စနစ်ကို လာမည့် (၅) နှစ်အတွင်း မဖြစ်မနေ အကောင်အထည်ဖော်ခြင်း၊

 

(၉) အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) နှင့် ဒေသဆိုင်ရာ လွတ်လပ်စွာကုန်သွယ်မှုဧရိယာ (RCEP) စနစ် အတွင်းသို့ ထဲထဲဝင်ဝင်နှင့် ထိထိရောက်ရောက် ပါဝင်ခြင်း (intensification in regional integration),

 

(၁၀) မဟာဗျူဟာမြောက်လမ်းမကြီးများ၊ ရထားလမ်းများနှင့် ပင်လယ်ရေကြောင်း ဆက်သွယ်မှုလမ်းကြောင်း များကိုထူထောင်ခြင်း (Strategic Infrastructure)၊ မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ပြည်တွင်း၊ ပြည်ပဆိပ်ကမ်းများကို ထူထောင်ခြင်း (မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ ပုသိမ်၊ မီးလင်းချိုင့်၊ ကျောက်ဖြူ၊ စစ်တွေ နိုင်ငံတကာဆိပ်ကမ်းနှင့် ရေနက်ဆိပ်ကမ်းများ)၊ ဓာတ်အားပို့လွှတ်မှုလိုင်းများ ကွန်ရက်ကို နိုင်ငံဒေသအသီးသီးသို့ ရောက်ရှိ အောင်ထူထောင်ခြင်း စသည်များကို ဆောင်ရွက်သွားသင့်ပါတယ်။ ။

 

(၁၁) ပညာရေးစနစ်ကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ခြင်း (Modernization of Education System) နှင့် အသက်မွေးဝမ်းကျောင်းပညာရေးကို အကြီးအကျယ်မြှင့်တင်ခြင်း (Massive promotion of Technical and Vocational Education)

 

(၁၂) အငြိမ်းစားပင်စင်စနစ်ကို ပြုပြင်ခြင်း (Reforms of Government Pension System) နှင့် အလုပ်သမားနှင့် အလုပ်ရှင်ပါဝင်သည့် လူမှုဖူလုံရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်း (Reforms of Social Security System) နှင့် ဝန်ထမ်းနောင်ရေးရန်ပုံငွေ စနစ် (Establishment of Central Providence Fund) ကို ထူထောင်ခြင်း၊

  • အစိုးရပင်စင်စနစ်ကို နိုင်ငံအုပ်ချုပ်ရေးဝန်ထမ်းများ အတွက်သာ ဆောင်ရွက်ပေးရန်ဖြစ်ပါတယ်။ ပုဂ္ဂလိကနဲ့ အစိုးရစီးပွားရေး လုပ်ငန်းများအတွက် အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရထည့်ဝင်ပေးတဲ့ ဝန်ထမ်းနောင်ရေးရန်ပုံငွေကို ထူထောင်ပေးရန် ဖြစ်ပါတယ်။
  • ယင်းဝန်ထမ်းနောင်ရေးရန်ပုံငွေကို ဝန်ထမ်းနှင့် အလုပ်သမားများအား နေအိမ်နှင့် မတည်ပစ္စည်းများ ဝယ်ယူရေးအတွက် အတိုးနှုန်းသက်သာစွာဖြင့် ပြန်လည်ချေးငှားခြင်း၊ အိုးအိမ်ထူထောင်မှုလုပ်ငန်းများ (Public Housing) နဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများမှာ အစိုးရရဲ့ ရသုံးမှန်းခြေငွေစာရင်း ပြင်ပဖွံ့ဖြိုးမှုရန်ပုံငွေ (Extra Budgetary Development Fund) အဖြစ်ပြန်လည် မြှုပ်နှံ ထိရောက်စွာ အသုံးချခြင်းတို့ကို ဆောင်ရွက်သွားသင့်ပါတယ်။

 

(၁၃) ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု (Private Sector Development) နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုယန္တရားကို ခိုင်မာစေခြင်း (Strengthening of Public-Private Partnership Mechanism)၊

 

(၁၄) ဈေးကွက်စီးပွားရေးစနစ်ကို စာရင်းမဝင်သော စီးပွားရေးစနစ် (Informal Sector) မှ စာရင်းဝင် စီးပွားရေးစနစ် (Formal Sector) သို့ အသွင်ပြောင်းခြင်း၊

 

(၁၅) လယ်ယာကဏ္ဍအား ဈေးကွက်စီးပွားရေးကို အခြေခံ (market-based) သည့် ဘက်စုံလယ်ယာ စိုက်ပျိုးမွေးမြူရေးစနစ် (All round development of Agriculture System) သို့ကူးပြောင်းခြင်း၊

 

(၁၆) ငွေကြေးအရင်းအမြစ်များကို စုဆောင်းပေးနိုင်ပြီး ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ဘဏ်နှင့် ငွေကြေး စနစ်များကို ထူထောင်ခြင်းစသည်တို့ ဖြစ်ပါတယ်။

 

အထက်မှာဖော်ပြတဲ့အချက်တွေဟာ ပြည့်စုံတဲ့ စာရင်း (Exhautive) တော့ မဟုတ်ပါဘူး၊ ဒီအချက်တွေ အပေါ်မှာ အများကဝေဖန်ဖြည့်စွက်ဆွေးနွေးမှုကို ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်တွေဟာ CERP, MERRP & MSDPORR တို့ကို အထောက်အကူပြုမယ့် မဟာဗျူဟာကျတဲ့ အချက်အချို့ကို ကောက်နုတ်ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့စီးပွားရေးအတွက် အစိုးရသစ်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ မဟာဗျူဟာအရ အရေးပါမယ့် အချက်တွေကို ဖြည့်စွက်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဖြစ်စဉ်လမ်းကြောင်းကို ဆောလျင်စွာ ပြန်လည်ရောက် ရှိမည်လို့မျှော်လင့်ပါကြောင်းနဲ့ လက်ရှိအစိုးရအနေနဲ့ လက်ကျန်ရက်ပေါင်း (၁၀၀) မှ ချမှတ်သင့်တဲ့ အခြေခံအုတ်မြစ်များကို အကြံပြုတင်ပြအပ်ပါတယ်။