၂၅ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲပြီးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြီးသတ် ကိုယ်စားလှယ်များစာရင်း ကြေညာပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်ရေးကို ဆောင်ရွက်နေသလို တတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေကိုလည်း၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပဖို့ အစည်းအဝေး ခေါ်ယူထားပြီး ဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ ပေါ်ပေါက်လာဖို့ရှိတာနဲ့အတူ လက်ရှိအစိုးရ အနေနဲ့လည်း ကျန်ရှိနေတဲ့ နောက်ဆုံးရက်ပေါင်း ၁၀၀ မှာတော့ လုပ်လက်စအလုပ်တွေကို ပြီးပြတ်နိုင်သလောက် ဆောင်ရွက်သွားရမှာဖြစ်သလို လာမယ့်ငါးနှစ်အတွက် အခြေခံအုတ်မြစ် ကောင်းတွေကို ချမှာအမှန်ပါပဲ။
ခေါင်းလောင်းထိုးသံ
ရက်ပေါင်း ၁၀၀ လို့ ပြောလိုက်တော့ လက်ရှိ အစိုးရရဲ့နောက်ဆုံးရက်ပေါင်း ၁၀၀ တိတိရဲ့အစဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုအတွက် အရေးပါတဲ့မိန့်ခွန်းတစ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့သမိုင်း မှတ်တိုင်မိန့်ခွန်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းဟာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ မြန်မာ့စီးပွားရေးကို ကြံ့ကြံ့ခံနိုင်မှုရှိပြီး အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ ခေါင်းလောင်းထိုးသံလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းမှာ မိမိတို့၏ အနာဂတ်ကာလ၊ ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအားလုံး၊ အမျိုးသမီးဦးဆောင်သည့် လုပ်ငန်း များအပါအဝင် ပြည်တွင်းရှိ သေး၊ ငယ်၊ လတ် အရွယ် အစားအမျိုးမျိုး ဆက်လက်ရှင်သန်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့အတွက် ကြီးမားသော ခွန်အားတစ်ရပ်ဖြစ်စေပါကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအကြား (Public-Private Cooperation) အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ဆက်ဆံရေး ပိုမို ကောင်းမွန်ခိုင်မာအောင် တည်ဆောက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များအကျိုးကို ရှေးရှုလျက် မိမိတို့အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် လက်တွဲညီညီပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း စသည်တို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာစာတမ်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သမိုင်းဝင် မိန့်ခွန်းမပြောကြားမီကတည်းကပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ အင်န်အယ်လ်ဒီပါတီအနေ နဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် စီးပွားရေး မှာ ဘာတွေလုပ်မလဲလို့ ကြိုတင်မျှော်မှန်းထားခြင်း ဖြစ်ပါတယ်။ ဒီကြေညာစာတမ်းမှာ စီးပွားရေးနဲ့ ပတ်သက်လို့ အချက် ၁၂ ချက်ပါဝင်ခဲ့ပါတယ်။ ဒီ ၁၂ ချက် ထဲမှာ စျေးကွက်စီးပွားရေးစနစ် ပီပြင်လာစေရေးအတွက် ရေရှည်အမြော်အမြင်နှင့် ဆန်းသစ်တီထွင်သော အစီ အမံများ ဖော်ဆောင်ရေး၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးနှင့် လူသားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများကို အားပေးမြှင့်တင်ရေး၊ နိုင်ငံတော်၏အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ အရည်အသွေးကောင်းမွန်သော ပြည့်ဝသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်း၊ ခွင့်ပြုခြင်းများကို ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးထိခိုက်မှုများ လျော့ပါးသက်သာလာစေရေးနှင့် နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာစေရေး၊ တန်ဖိုးမြင့်ပို့ကုန်အမည်သစ်များ ထုတ်လုပ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ စျေးကွက်ချဲ့ထွင် နိုင်ရေး၊ ခေတ်မီလယ်ယာစနစ်ဖြင့် နိုင်ငံစီးပွားရေး တိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားနိုင်ငံများသို့ စျေးကွက်များ ချဲ့ထွင်နိုင်စေရေး၊ ပွင့်လင်းမြင်သာသည့် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရေး၊ မျှတ၍ အားလုံးပါဝင် ယှဉ်ပြိုင်နိုင်သည့် စီးပွားရေးဝန်းကျင်ကောင်းများဖန်တီးပေးရေး၊ ခေတ်မီသော ဘဏ္ဍာရေး နည်းပညာများကို အသုံးပြု၍ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးစနစ်များ ခိုင်ခိုင်မာမာ ထွန်းကားလာစေရေးနှင့် ကောင်းမွန်ထိရောက်သောဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေး စသည်တို့ဖြစ်ပါတယ်။
ဒီစီးပွားရေးရည်မှန်းချက် ၁၂ ရပ်ဟာ လာမယ့် ငါးနှစ်မှာ ဆောင်ရွက်သွားမယ့် စီးပွားရေးဆိုင်ရာလုပ်ငန်း လမ်းညွှန်ချက်ပဲဖြစ်ပါတယ်။ ဒီစီးပွားရေးကဏ္ဍမှာ ဆောင်ရွက်မယ့် ရည်မှန်းချက် ၁၂ ရပ်အတွက် လက်ရှိအစိုးရ အနေနဲ့ လက်ကျန်ရက်ပေါင်း ၁၀၀ မှာ အခြေခံအုတ်မြစ် ကောင်းတွေကို ချသွားရမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉နဲ့ ရုန်းကန်နေရတဲ့စီးပွားရေး
၂၀၂၀ ရွေးကောက်ပွဲနှစ်မှာပဲ မြန်မာ့စီးပွားရေးဟာ ကိုဗစ်- ၁၉ နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP) ကို ချမှတ်အကောင်အထည်ဖော်ခဲ့တာ အရှိန်ရနေပြီ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံရဲ့စီးပွားရေး တိုးတက်နှုန်းကို ခုနစ်ရာခိုင်နှုန်းရရှိအောင် ရည်မှန်းထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း မမျှော်လင့်ဘဲ ကပ်ရောဂါဘေး နဲ့ ကြုံတွေ့ရတာကြောင့် ကပ်ရောဂါကြောင့် ထိခိုက်မှုကို လျော့နည်းသက်သာစေဖို့ “အားလုံးတပေါင်းတစည်းတည်း ကျော်လွှားခြင်း၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေးစီမံချက် (Covid-19 Economic Relief Plan- CERP) အစီအစဉ်”ကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကို အစိုးရ တစ်ဖွဲ့လုံး ချဉ်းကပ်မှု (Whole of Government Approach)၊ ပြည်သူတစ်ရပ်လုံးချဉ်းကပ်မှု (Whole of Public Approach) နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ စီးပွားရေး လုပ်ငန်းတွေကို ချေးငွေထုတ်ချေးတာ၊ အခွန်သက်သာခွင့် ပေးတာ၊အခြေခံလူတန်းစားအတွက် ထောက်ပံ့ကြေးတွေပေးတာ၊ နိုင်ငံတော်ရဲ့ အရေးပေါ်ရိက္ခာကို စုဆောင်းထားရှိတာ၊ အခွန်ကောက်ခံမှုနဲ့ အတိုးပေးမှုတွေကို အချိန်ရွှေ့ဆိုင်းပေးတာ၊ Cash for Work အစီအစဉ်တွေကို အကောင် အထည်ဖော်တာ စတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။
CERP အတွင်း နိုင်ငံတော်အနေနဲ့ စုစုပေါင်းတိုင်းပြည် ထုတ်ကုန်တန်ဖိုးရဲ့ လေးရာခိုင်နှုန်းခန့်ကို သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ မပြီးသေးပေမယ့် Myanmar Economic Resilience and Reform (MERRP) ကို ရေးဆွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုကိုလည်း ၂၀၂၀ ပြည့်နှစ်ထက် ကျော်လွန်မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂၀၂၀-၂၀၂၁ ကာလမှာ ခုနစ် ရာခိုင်နှုန်းလို့ ရည်မှန်းထားပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းမှု အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ သုည ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်လို့ မျှော်မှန်းပါတယ်။ ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုကနေ ပြန်လည်နာလန်ထူနိုင်ဖို့ မြန်မာ့စီးပွားရေး ပြန်လည်နိုးထနိုင်မှုနဲ့ ပြုပြင် ပြောင်းလဲမှု စီမံကိန်း(Myanmar Economic Resilience and Reform Plan- MERRP) ကို ရေးဆွဲခဲ့တာဖြစ်ပြီး ဒီစီမံကိန်းဟာ မူလက နိုင်ငံတော်ကချမှတ်ထားတဲ့ Myanmar Sustainable Development Plan (MSDP) ရဲ့ ရည်မှန်းချက်တွေကို ပြန်လည်လိုက်မီအောင် (Catching up) ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ စီးပွားရေးစနစ်အတွင်း ငွေကြေးပိုမိုသုံးစွဲခြင်း (Cash injection) ကို ဦးတည်တာ ဖြစ်ပြီး တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ မေခရိုစီးပွားရေးနဲ့ ငွေရေးကြေးရေး တည်ငြိမ်မှုရှိစေဖို့၊ စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက် ကောင်းမွန်စေဖို့၊ လမ်းပန်း၊ အခြေခံအဆောက်အအုံနဲ့ ဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်စေဖို့၊ လူ့အရင်းအနှီး ပိုမိုတိုးတက်စေဖို့နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တောမှမြို့သို့ လူဦးရေပြောင်းရွှေ့ခြင်းနဲ့ ပြည်ပသို့ အလုပ်အကိုင် သွားရောက်လုပ်ကိုင်မှုပုံစံတွေကို ပြန်လည်ပြောင်းလဲနိုင်ဖို့နဲ့ နိုင်ငံစီးပွားရေးမှာ စွန့်ထွင်ဦးစီး လုပ်ကိုင်လိုစိတ်ရှိပြီး တိုးတက် ပြောင်းလဲနေတဲ့ ပုဂ္ဂလိကကဏ္ဍရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားပါတယ်။
ဒီစီမံကိန်းဟာ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေထိခိုက် တာ၊ အလုပ်လက်မဲ့တွေ ဖြစ်ပေါ်တာ၊ ပြည်ပမှာ သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေရဲ့ လွှဲပြောင်းပေးငွေတွေ ကျဆင်းတာ၊ အထည်ချုပ်လက်ခစား CMP လုပ်ငန်းတွေ ထိခိုက်တာနဲ့ အထွေထွေ ဝယ်လိုအား ကျဆင်းတာ၊ ထုတ်လုပ်မှုကွင်းဆက်တွေ ပြတ်တောက်တာ (Supply Chain Disruption)၊ ပို့ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တာ၊ ကျောင်းသားလူငယ်တွေရဲ့ ပညာသင်ကြားမှု အခွင့်အလမ်းတွေ ပြတ်တောက်တာ၊ အစိုးရရဲ့အသုံးစရိတ်တွေ ကြီးမားလာတာ စတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲနေတဲ့ အခြေအနေ တွေအရ မဟာဗျူဟာတွေ၊ စီမံကိန်းကို အချိန်နဲ့တစ်ပြေးညီ အပြောင်းအလဲတွေပြုလုပ်ပြီး ကိုဗစ်-၁၉ကြောင့် ထိခိုက်တဲ့စီးပွားရေးကို အရှိန်အဟုန်နဲ့ ပြန်လည် တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဟာလွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အထိုက်အလျောက် တိုးတက်မှုရရှိခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံအပိုင်းမှာတော့ သိသာတဲ့ ပြောင်းလဲမှုကိုတွေ့မြင်ရပြီး အနာဂတ်စီးပွားရေး တိုးတက်မှုအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံကောင်းတွေကို ပြုပြင်ပြောင်းလဲဖန်တီးနိုင်ခဲ့ပါတယ်။
နောက်ဆုံးလက်ကျန်ရက်ပေါင်း ၁၀၀ မှာ ဘာတွေလုပ်နိုင်မလဲ
လက်ရှိအစိုးရရဲ့ လက်ကျန်ရက်ပေါင်း ၁၀၀ အတွင်း ဘာတွေကို အုတ်မြစ်ချခဲ့သင့်သလဲ၊ ဘာတွေဆောင်ရွက် သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး စာရေးသူရဲ့တွေးထင်မှုကို ဒီဆောင်းပါးမှာ တင်ပြလိုပါတယ်။ အထက်က ဖော်ပြခဲ့တဲ့ စီမံကိန်းတွေအပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာအရ အရေးပါပြီး ပိုမိုအလေးထားဆောင်ရွက်စေလိုတဲ့ ဖြည့်စွက်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေကို အောက်ပါအတိုင်း ဖော်ပြလိုပါတယ်-
(၁) စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု (Ease of Doing Business) နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းများ(Conducive Investment Climate) ကိုဖန်တီးခြင်း၊
- လက်ရှိဆောင်ရွက်နေတဲ့ အစိုးရရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြည်သူတွေနဲ့ ပုဂ္ဂလိကကဏ္ဍမှ လွယ်ကူစွာ၊ သက်သာစွာ ရရှိစေခြင်းကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေကို ဆွဲဆောင်မှုရှိစေမယ့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတွေကို ပိုမိုဖန်တီးပေးရ မှာ ဖြစ်ပါတယ်။
- ဒီရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းတွေထဲမှာ နိုင်ငံခြားသားတွေအနေနဲ့ ကွန်ဒိုမီနီယံတွေဝယ်ယူ နေထိုင်နိုင်ခွင့်၊ အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရစေမယ့် လုပ်ငန်းဗီဇာ(Business Visa)နဲ့ ရေရှည်နေထိုင်ခွင့် (Employment visa) ရရှိစေမယ့် အစီအမံတွေ ကို ဖန်တီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
- လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ရပြီးဖြစ်တဲ့ အထူးစီးပွားရေးဇုန်၊ စက်မှုနဲ့ဖွံ့ဖြိုးမှုဇုန်တွေကို ကြိုတင်ဖော်ထုတ်ပြီးလမ်းပန်းဆက်သွယ်မှု၊ လျှပ်စစ်ဓာတ်အားနဲ့ ရေရရှိမှု၊ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေစွန့်ပစ်မှုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စနစ်တွေဖွံ့ဖြိုးမှုကို အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
(၂) တာဝန်သိ၊ တာဝန်ယူသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု (Promotion of Responsible Foreign Direct Investment)ကို မြှင့်တင်ခြင်းနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုဖွံ့ဖြိုးမှုကို ဖြည့်စွက်ပေးမည့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း (Promotion of Complementary Domestic Investments)
- ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေးတွေကို မြှင့်တင်နိုင်ပြီး တာဝန်သိ၊ တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်အောင် စီမံခန့်ခွဲသွားရမှာ ဖြစ်ပါတယ်။
- ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်များ (Global Value Chains)ကို ချိတ်ဆက်နိုင်ပြီး ပြည်တွင်းအလုပ် အကိုင်တိုးတက်မှုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို တိုးတက်စေကာ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တွေရဲ့ ထုတ်လုပ်မှုဖြစ်စဉ်တွေမှာ မှီခိုနိုင်မယ့်(out- sourcing) ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေကို အားပေးထူထောင်ရမှာ ဖြစ်ပါတယ်။
(၃) မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အချက်အချာကျ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက် ခြင်း၊
- အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး လုပ်ငန်းအစပျိုးမှုကို ဆောင်ရွက် ပေးတဲ့ဌာန (incubation centres) တွေ၊ တီထွင်ဖန်တီးမှုတွေ ပြုလုပ်ပေးတဲ့ဌာန (innovation centres) တွေ၊ ထုတ်ကုန်အရည်အသွေး တိုးမြှင့်ပေးတဲ့ဌာန (product development centres) တွေ၊ စွန့်ဦးတီထွင်တဲ့ လုပ်ငန်းတွေကို မြေတောင်မြှောက်ပေးတဲ့ (start-up centres) များကို ထူထောင်ခြင်း၊ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ဖော်ထုတ်ခြင်း (Branding) တစ်မြို့လျှင် ထုတ်ကုန်တစ်မျိုး လုပ်ငန်းစီမံချက်တွေ (One City, One Product Project) ကို အကောင် အထည်ဖော်ပေးခြင်းကို ဆောင်ရွက်သွားသင့်ပါတယ်။
- လုပ်ငန်းတွေကို ဘဏ်မှာ ချေးငွေချေးငှားနိုင်တဲ့ အဆင့် (bankable) ကို ရောက်ရှိအောင်၊ စီးပွားရေး လုပ်ငန်းအစီအစဉ် (Business Plan) ရေးဆွဲနိုင်အောင်၊ စာရင်းကိုင်နဲ့ အရှုံးအမြတ် စာရင်း၊ လက်ကျန်ရှင်းတမ်းတွေ ရေးဆွဲနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ အသေးစားလုပ်ငန်းတွေ (micro businesses) အတွက် အသေးစားချေးငွေ အဖွဲ့အစည်းတွေ (micro-finance organiza-tions) က ချေးငွေရရှိအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးသင့်ပါတယ်။
- ထုတ်လုပ်မှုနည်းပညာနဲ့ စီမံခန့်ခွဲမှုနည်းပညာတွေရရှိနိုင်ဖို့ သင်တန်းတွေပေးခြင်း၊ စက်ကိရိယာတွေကို အဆင့်မြှင့်နိုင်ဖို့ ပြည်ပမှ နည်းပညာမြင့် စက်ကိရိယာတွေရရှိနိုင်ဖို့ အရောင်းဌာနတွေကို ထူထောင်ပေးခြင်း၊ ပြည်ပနည်းပညာတွေ၊ စက်ကိရိယာတွေကို ရရှိစေမယ့် (Business to Business E-Commerce)ကို ထူထောင်ပေးခြင်းကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
- မိမိထုတ်ကုန်တွေ စျေးကွက်ရရှိနိုင်စေဖို့အတွက် အင်တာနက်မှတစ်ဆင့် စျေးကွက်သို့ ချိတ်ဆက်နိုင်ရေး စီစဉ်ပေးခြင်း၊ စျေးကွက် သတင်းအချက်အလက်နဲ့ သိလိုတာတွေကို မေးမြန်းနိုင်တဲ့ လက်ကိုင်ဖုန်းကို အခြေခံတဲ့ အသိဉာဏ်တုနည်းပညာ (Artificial Intelli- gence - AI) သုံး ကွန်ပျူတာအစီအစဉ်(Chat Bot) တွေ ဆောင်ရွက်ပေးခြင်း၊ MSME တွေအတွက် စျေးကွက်ရရှိနိုင်ရန် ယင်းတို့ရဲ့ ထုတ်ကုန်တွေအတွက် ကုန်စည်ပြပွဲတွေကို မကြာခဏ ကျင်းပပေးခြင်း၊ အချင်းချင်းအသိပညာဖလှယ်နိုင်ဖို့ MSME အသင်းတွေကို ထူထောင်ပေးခြင်း၊ (ဆက်လက်ဖော်ပြပါမည်။)
အောင်ထူး