လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်း နိစ်ကို ရှုံးနိမ့်ခဲ့သောကြောင့် ပြင်သစ်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရ

ပီအက်စ်ဂျီအသင်းနှင့် နိစ်အသင်းတို့၏ ပြင်သစ်ဖလား ၁၆ သင်း အဆင့်ပွဲစဉ်ကို  ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပီအက်စ်ဂျီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းအနေဖြင့် နိစ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။ အဆိုပါပွဲစဉ်တွင် သာမန်ပွဲ ကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံး အဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံး အဖြတ်တွင် ငါးဂိုး- ခြောက်ဂိုးဖြင့် နိစ်အသင်းက အနိုင်ရရှိကာ ပြင်သစ်ဖလား ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် ပီအက်စ်ဂျီအသင်း သည် မက်ဆီ၊ အီကာဒီ၊ ဒရက်ဇ်လာတို့ တိုက်စစ်အတွဲကို အသုံးပြုကာ နိစ်အသင်းကို ရင်ဆိုင်လာခဲ့ပြီး အားထားရသည့် တိုက်စစ်ကစားသမား အမ်ဘာပေကို လူစားဝင် ကစားသမားအဖြစ် အသုံးပြုခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် နိစ်အသင်းကို ခြေအသာ၊ ဂိုးကန်သွင်းမှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အသင်း ကစားသမားများ အဆုံးသတ်အားနည်းမှု၊ ပြိုင်ဘက်ခံစစ်နှင့် ဂိုးသမားတို့ ကောင်းမွန်စွာ ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက် သွင်းဂိုးများ မမြင်တွေ့ခဲ့ရ ခြင်း ဖြစ်သည်။ ယခုပွဲစဉ်ကို အနိုင်ရရှိ ခဲ့သော နိစ်အသင်းသည် ပြင်သစ်ဖလား ကွာတားဖိုင်နယ်၌ မာဆေးလ်အသင်းနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် လိုင်လီအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး နိစ်အသင်းက ဖေဖော်ဝါရီ ၆ ရက်တွင် ကလီမွန့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အောင်ဇော်