လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ထိပ်ဆုံးမှ ဟံသာဝတီကို အနိုင်ယူ

  စက်တင်ဘာ


၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်နှင့် ရခိုင်အသင်းတို့ နိုင်ပွဲရခဲ့သည်။



YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲပြန်လည်စတင်သည့်အချိန်တွင် နိုင်ပွဲဆက်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံကာကွယ်ရေးအတွက် အရေးပါသည့်ပွဲတွင် ထိပ်ဆုံးမှ ဟံသာဝတီအသင်းကို အနိုင်ကစားခဲ့သည်။

 

ဟံသာဝတီအသင်းသည် ချန်ပီယံမျှော်လင့်ချက်အတွက် နိုင်ပွဲရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပထမပိုင်း ကတည်းက တစ်ယောက်အထုတ်ခံထားရသောကြောင့် အပြန်အလှန်ဖြစ်နေသည့်ပွဲတွင် ပြိုင်ဘက်အသင်းကို ထိန်းချုပ်နိုင်ရန်ခက်ခဲခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။



ပွဲဆက်တိုက်ကစားနေရသောကြောင့် နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာသော်လည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့သည်။ တစ်ပွဲထက်တစ်ပွဲ ကစားပုံတည်ငြိမ်လာသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင်လည်း ပုံစံကောင်းပြသခဲ့ပြီး ဇယားထိပ်ပိုင်းမှ အသင်းနှစ်သင်း၏ တွေ့ဆုံမှုကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့သည်။

 

၁၃ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး တောင်ပံကစားသမား ဇွဲသက်ပိုင်က သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး ၂၅ မိနစ်တွင် တိုက်စစ်မှူးဒိုနယ်က ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး ဒိုနယ်သည် ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို လူစားဝင်သည့် အောင်မျိုးသူရမှာ မိနစ်အနည်းငယ်အကြာတွင် ရှမ်းအသင်း၏ ထောင့်ကန်ဘောကို ကာကွယ်ဖျက်ထုတ်ရာမှတစ်ဆင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး ပယ်နယ်တီလည်း ပေးခဲ့ရသည်။ ယင်းပယ်နယ်တီဂိုးကို မက်ဆီမင်က အမှားအယွင်းမရှိသွင်းယူခဲ့၍ ပထမပိုင်းအပြီးတွင် ရှမ်းအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။

 

IMG_7699


ဒုတိယပိုင်းအစတွင် ဟံသာဝတီအသင်းက ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၆၃ မိနစ်တွင် ဟိန်းထက်အောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ချေပဂိုးပြန်သွင်းခဲ့သည်။


ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့သော်လည်း တစ်ယောက်အသာရနေသည့် ရှမ်းယူနိုက်တက်အသင်းက ဂိုးသွင်းခွင့်များပိုရခဲ့ပြီး အနိုင်ဂိုးများကို မိနစ် ၇၀ တွင် ဒွေးကိုကိုချစ်နှင့် ၈၆ မိနစ်တွင် ဟိန်းဖြိုးဝင်းတို့က သွင်းယူခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက မကွေးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် နည်းပြသစ် ဦးမင်းထွန်းလင်းလက်ထက်တွင် သုံးပွဲဆက်အနိုင်ရခဲ့ပြီး ထိပ်ဆုံးမှ ဟံသာဝတီ အသင်း၏ရှုံးပွဲကြောင့် ချန်ပီယံမျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့သည်။ ရန်ကုန်အသင်းသည် ဂိုးစပေးခဲ့ ရသော်လည်း သုံးဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၃၁ မိနစ်တွင် ပြည်မိုးက အဝေးကန်ချက်ဖြင့် မကွေးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၃၆ မိနစ်တွင် ကောင်းထက်စိုးက မကွေးအတွက်
ချေပဂိုးပြန်သွင်းခဲ့သည်။

 

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက အနိုင်ဂိုးရရန် တိုက်စစ်မြင့်လာပြီး ၅၆ မိနစ်တွင် အီမန်နျူရယ်နှင့် ၈၈ မိနစ်တွင် ဘာဖိုတို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။


ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက စစ်ကိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ရလဒ်မကောင်းသေးသည့်အသင်းနှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ရခိုင်အသင်းက ၆၅ မိနစ်တွင် တည်ငြိမ်မင်းသွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။



ပွဲစဉ် (၁၄) ဒုတိယနေ့ကို စက်တင်ဘာ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ အားကာသိပ္ပံ အသင်းနှင့် Southern အသင်း၊ YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်