လက်ရှိချန်ပီယံ ရန်ကုန်အသင်း အိမ်ကွင်း၌ ရှမ်းယူနိုက်တက်ကို ရှုံးနိမ့်

ရန်ကုန် ၁၁ မေ


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) ပထမနေ့ကို ယနေ့ညနေပိုင်းက YUSC ကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက လက်ရှိချန်ပီယံရန်ကုန်အသင်းကို အဝေးကွင်း၌ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ကစားခဲ့သည်။

 
လက်ရှိချန်ပီယံ ရန်ကုန်အသင်းအတွက် ယခုရာသီတွင် တတိယမြောက် ရှုံးပွဲကြုံတွေ့ပြီး ချန်ပီယံကာကွယ်နိုင်ရန် ဖိအားများသွားခဲ့သည်။ ဒဏ်ရာနှင့် ပွဲပယ်ကစားသမား များပြားနေသည့် ရန်ကုန်အသင်းသည် အိမ်ကွင်း၌ ရုန်းကန်ခဲ့ရပြီး ရှမ်းယူနိုက်တက်အသင်းကို အရေးနိမ့်ကာ ပထမအကျော့အပြီးတွင် ထိပ်ဆုံးနေရာမှ ဖယ်ပေးခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် လိဂ်ပွဲသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး နိုင်ပွဲပြန်ရခဲ့သည်။


ရှမ်းယူနိုက်တက်အသင်းသည် မေကွန်၊ နာကာမူရာ၊ ရန်နိုင်ဦး၊ နန္ဒကျော်၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်တို့ဖြင့် ပွဲထွက်လာပြီး ရန်ကုန်အသင်းမှာမူ အမာခံကစားသမားအများစု မပါနိုင်သောကြောင့် မီလာ၊ ယာမာဇာကီ၊ မောင်မောင်လွင်နှင့် စိုးမင်းနိုင်တို့က ဦးဆောင်ကစားခဲ့သည်။ ရန်ကုန်အသင်းသည် အိမ်ကွင်း၌ ဖိကစားနိုင်သော်လည်း အခွင့်အရေးအချို့ အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ 


ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစတွင် ရန်ကုန်အသင်းကစားပုံကို ထိန်းချုပ်နိုင်ရန် အဓိကကြိုးစားခဲ့ပြီး မိနစ် ၂၀ နောက်ပိုင်းမှ ဂိုးရရန် ကြိုးပမ်းခဲ့သည်။ ၃၇ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဂိုးစရခဲ့ပြီး တိုက်စစ်မှူး မေကွန်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရှမ်းအသင်းကစားပုံပိုကောင်းလာပြီး ၄၂ မိနစ်တွင် ဇင်မင်းထွန်းက ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းလာပြီး ရှမ်းယူနိုက်တက်အသင်းက ဂိုးမပေးရရန် အဆင့်ဆင့်ဖျက်ထုတ်ကစားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင်လည်း ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရခဲ့ပြီး အသုံးမချနိုင်ခဲ့၍သာ ဂိုးထပ်မရခြင်းဖြစ်သည်။ ရန်ကုန်အသင်းအတွက် ချေပဂိုးကို ၇၃ မိနစ်တွင် ယာမာဇာကီက သွင်းယူသော်လည်း သရေတစ်မှတ်ရစေမည့် ဒုတိယချေပဂိုးထပ်မသွင်းနိုင်၍ ရန်ကုန်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းက ဒဂုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံအသင်းသည် နှစ်ဂိုးအသာဖြင့်ဦးဆောင်ပြီးမှ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုပွဲအရှုံးရလဒ်ကြောင့် ဇယားအောက်ဆုံးသို့ ရောက်သွားခဲ့သည်။ ဒဂုံအတွက် ဦးဆောင်ဂိုးများကို ၄ မိနစ်တွင် ဘမ်ဘာ၊ ၁၅ မိနစ်တွင် ဇွဲခန့်က သွင်းယူပြီး Chinland အတွက် ချေပဂိုးကို ၃၉ မိနစ်တွင် ဘာဘာကျူဒီ၊ ၄၇ မိနစ်တွင် မန်ထိပ်ပေါင်တို့က သွင်းယူသည်။ Chinland အသင်းအတွက် အနိုင်ဂိုးကို ၇၄ မိနစ်တွင် ဒေးဗစ်ရွယ်ဖယ်လာက သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းနှင့် ဧရာဝတီအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။


ပွဲစဉ် (၁၁) ဒုတိယနေ့ကို မေ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ဇွဲကပင်နှင့် မကွေး၊ ဗထူးကွင်း၌ ရတနာပုံနှင့် စစ်ကိုင်း၊ မော်လမြိုင်ကွင်း၌ Southern နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်

 

1