လက်ရှိချန်ပီယံ ရန်ကုန်အသင်း အဝေးကွင်း၌ အနိုင်ရ

၂၉ ဇွန်

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံရန်ကုန်အသင်း အဝေးကွင်း၌ အနိုင်ရခဲ့သည်။

                       

ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၁၃) အပြီးတွင် ဇယားထိပ်ဆုံးတွင် ရပ်တည်နေသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ရန်ကုန်အသင်းက အဝေးကွင်း၌ အနိုင်ရကာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ ဟံသာဝတီအသင်းမှာမူ အိမ်ကွင်း၌ ရှုံးပွဲကြုံတွေ့ပြီး ထိပ်ဆုံးနေရာမှ ဖယ်ပေးခဲ့ရသည်။ 

 

ရန်ကုန်အသင်းသည် ယာယီနည်းပြ ဦးတင်မောင်ထွန်းလက်ထက်တွင် ရလဒ်ကောင်းများ ဆက်တိုက်ရနေပြီး ဒုတိယအကျော့သုံးပွဲတွင် ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

                   

ဟံသာဝတီအသင်းသည် မတ်ခ်၊ ကိုကိုနိုင်၊ ရန်နိုင်အောင်၊ ဟိန်းထက်အောင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ရန်ကုန်အသင်းမှာမူ ဆယ်လာ၊ မောင်မောင်လွင်၊ ကောင်းထက်စိုး၊ ရန်အောင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့ကာ သန်းပိုင်ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲအစတွင် ကစားကွက်တည်မရဖြစ်နေပြီး ၁၅ မိနစ်နောက်ပိုင်းမှ ကစားပုံပြန်ကောင်းလာကာ ရန်ကုန်အသင်းမှာမူ ပွဲစကတည်းကတိုက်စစ်ဖွင့်ကစားခဲ့သည်။ ရန်ကုန်အသင်းသည် ပထမပိုင်းကတည်းက ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့ပြီး ဆယ်လာနှင့် သန်းပိုင်တို့ အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ ဟံသာဝတီအသင်းသည် တိုက်စစ်မှူး မတ်ခ်နှင့် ကွင်းလယ်ကစားသမားများ ချိတ်ဆက်ရာတွင် အားနည်းမှုများရှိနေသောကြောင့် ဂိုးသွင်းခွင့်အနည်းငယ်သာရခဲ့သည်။ ဒုတိယပိုင်းအစတွင် ရန်ကုန်အသင်း အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူးသန်းပိုင်က ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း ရန်ကုန်အသင်း ခံစစ်က အမှားအယွင်းမရှိ ထိန်းချုပ်ကစားသွားခဲ့သည်။

                   

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးနှင့် ရခိုင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ တန်းဆင်းဇုန်မှလွတ်ရန် အမှတ်လိုနေသည့် မကွေးအသင်း ရုန်းကန်ခဲ့သော်လည်း ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ချေပဂိုးကြောင့် သရေတစ်မှတ်သာရပြီး တန်းဆင်းဇုန်အတွင်း ရောက်ရှိသွားခဲ့သည်။ ရခိုင်အသင်းမှာမူ မကွေးနှင့် နှစ်ကျော့စလုံး သရေကျခဲ့ပြီး အဆင့် (၅) နေရာအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ ၁၀ မိနစ်တွင် အောင်မြင့်ထွန်းက မကွေးအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ရခိုင်အတွက် ချေပဂိုးကို ၈၈ မိနစ်တွင် ချစ်စုမိုးက သွင်းယူခဲ့သည်။

                   

ပွဲစဉ် (၁၄) နောက်ဆုံးနေ့ကို ဇွန် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် စစ်ကိုင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ဒဂုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်