လက်ရှိချန်ပီယံမန်စီးတီးအသင်း ဝက်စ်ဟမ်းကိုရှုံးပြီး ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရ ဘရန့်ဖို့ဒ်၊ စပါး၊ လီဗာပူး၊ လက်စတာအသင်းတို့ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့

ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက် နံနက် ပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ သာမန်ပွဲကစားချိန်အတွင်း  ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင် ဝက်စ်ဟမ်းအသင်းကငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိကာ ကာရာဘောင်ဖလားပြိုင်ပွဲ နောက်တစ်ဆင့်သို့  တက်ရောက်နိုင်ခဲ့သည်။

ကာရာဘောင်ဖလားကို ပြီးခဲ့သည့် လေးနှစ်ဆက် ဆွတ်ခူးထားနိုင်သည့် မန်စီးတီးအသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဂိုးကန် သွင်းခွင့်အသာ၊ ခြေအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ ယနေ့ပွဲစဉ် တွင် ဝက်စ်ဟမ်းအသင်းမှ ဂိုးသမား အရီအိုလာ မန်စီးတီးအသင်း၏ ဂိုးရရှိနိုင်သည့် ကန်သွင်းချက် များကို လက်စွမ်းပြ ကာကွယ်ထားနိုင်ခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ဂိုးသမားနေရာတွင် အရီအိုလာပါဝင်လာပြီး တိုက်စစ်တွင် ဗလာဆစ်၊ လန်ဇီနီ၊ ယာမိုလန်ကိုတို့ဖြင့် မန်စီးတီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ မန်စီးတီးအသင်းကလည်း ဂိုးသမား နေရာတွင် ဦးစားပေး ဂိုးသမား အီဒါဆင်ကို အနားပေးကာ စတက်ဖန်ကို အသုံးပြုပြီး တိုက်စစ် တွင် စတားလင်း၊ ပဲလ်မာ၊ မာရက်ဇ်တို့ဖြင့် ပွဲထွက်လာခဲ့သည်။

ယနေ့ပွဲစဉ်သည် အမှတ်ပေးဇယား အဆင့် (၃) နှင့် (၄)နေရာတွင် ရပ်တည်နေသည့် အသင်း အချင်းချင်း တွေ့ဆုံနေသည့်အတွက် ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။

ပယ်နယ်တီအဆုံးအဖြတ်တွင် ဝက်စ်ဟမ်းအသင်းမှ နိုဘယ်၊ ဘိုဝင်၊ ဒေါ်ဆင်၊ ခရက်စ်ဝဲလ်၊ ဘင်ရာမာတို့ ဂိုးဝင်ခဲ့ပြီး မန်စီးတီးအသင်းမှ ဂရီးလစ်ချ်၊ ဂျီးဆပ်၊ ကန်ဆယ်လိုတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သော် လည်း ဖိုဒင် လွဲချော်ခဲ့သည့်အတွက် ဝက်စ်ဟမ်းအသင်းက ငါးဂိုး-သုံးဂိုးဖြင့်  အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားသောပွဲစဉ်ရလဒ်များတွင် ဘရန့်ဖို့ဒ်က စတုတ်ကို နှစ်ဂိုး-တစ်ဂိုး၊ စပါးက ဘန်လေကို တစ်ဂိုး- ဂိုးမရှိ၊ လီဗာပူးက ပရက်စ်တန်ကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သလို လက်စတာအသင်းကလည်း ပယ်နယ်တီအဆုံးအဖြတ် ပြိုင်ဘက်ဘရိုက်တန်အသင်းကို လေးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အောင်ဇော်