လက်ရှိချန်ပီယံရှမ်းယူနိုက်တက်နှင့် ထိပ်ဆုံးမှ ဟံသာဝတီ ထိပ်တိုက်တွေ့ဆုံနေသည့် MNL ပွဲစဉ် (၁၄)

၅ စက်တင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ကို စက်တင်ဘာ ၇၊ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံ လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပြိုင်ပွဲများကို နှစ်ရက်ကန်၊ နှစ်ရက်နားပုံစံဖြင့် ကျင်းပလျက်ရှိပြီး ဇယား ထိပ်ပိုင်းမှ အသင်းများအနေဖြင့် ပွဲရက်ဆက်ကန်နေရသောကြောင့် ရလဒ်ကောင်းရန်လိုအပ်သလို ကစားသမားများ၏ ကြံ့ခိုင်မှု၊ ကစားသမားအင်အားလုံလောက်မှုလည်း အရေးပါနေသည်။ 

 

ပွဲစဉ် (၁၄) အဖြစ် စက်တင်ဘာ ၇ ရက်တွင် YUSC ကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်း၊ ပဒုမ္မာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရခိုင်အသင်း၊ သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် မကွေးအသင်း၊ စက်တင်ဘာ ၈ ရက်တွင် YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ အားကာသိပ္ပံအသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၃)အပြီးတွင် ဟံသာဝတီအသင်းက ရမှတ် ၃၀ ဖြင့် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၇ မှတ်၊ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းက ၂၃ မှတ်စီ၊ ရခိုင်အသင်းက ၁၄ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ အားကာသိပ္ပံနှင့် မကွေးအသင်းက ခုနစ်မှတ်စီ၊ Southern အသင်းက သုံးမှတ် ရရှိထားသည်။

 

ပွဲစဉ် (၁၃) အပြီး အမှတ်ပေးဇယားရပ်တည်မှုအရ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ပွဲမှာ နှစ်သင်းစလုံး အရေးပါနေပြီး ယင်းနှစ်သင်းတွေ့ဆုံမှုကို ဧရာဝတီနှင့် ရန်ကုန်အသင်းတို့က အသုံးချနိုင်ရန် လိုအပ်နေသည်။ လက်ရှိအနေအထားအရ ချန်ပီယံဆုအတွက် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ရှမ်းအသင်းတို့သာ မျှော်လင့်ချက်ပိုကောင်းနေပြီး လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အနေဖြင့် ယခုပွဲတွင် ဟံသာဝတီကို အနိုင်ကစားနိုင်မှသာ အမှတ်ကွာဟမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ 

 

အကယ်၍ ရှုံးပွဲကြုံတွေ့ပါက ၁၀ မှတ်အထိ ကွာဟသွားနိုင်ရာ ချန်ပီယံဆုကာကွယ်နိုင်ရန် အခွင့်အရေးနည်းသွား မည်ဖြစ်သည်။ ထိပ်ဆုံးမှ ဟံသာဝတီအသင်းမှာလည်း ပထမဆုံးချန်ပီယံမျှော်လင့်ချက်အတွက် ဇယားထိပ်ပိုင်းမှ အသင်းအချင်းချင်းတွေ့ဆုံသည့်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ ပထမအကျော့တွင် အိမ်ကွင်း၌ အနိုင်ကစားထားသည့် ဟံသာဝတီအသင်းအတွက် အရေးပါသလို ချန်ပီယံကာကွယ်ရေးမျှော်လင့်ချက်အတွက် ရှုံးကြွေးပြန်ဆပ်နိုင်ရေးကြိုးပမ်းမည့် ရှမ်းယူနိုက်တက်အသင်းတို့ကြောင့် ယခုပွဲမှာ စိတ်ဝင်စားစရာကောင်းနေသည်။ ရတနာပုံနှင့် ကစားရမည့် ဧရာဝတီအသင်းမှာလည်း ပွဲကျပ်ရင်ဆိုင်ရနိုင်သော်လည်း ချန်ပီယံမျှော်လင့်ချက်အတွက် အမှားလုပ်၍ မရပေ။ နည်းပြသစ်လက်ထက်တွင် နိုင်ပွဲဆက်နေသည့် ရန်ကုန်အသင်း၏ ရုန်းကန်မှုကိုလည်း စောင့်ကြည့်ရမည်ဖြစ်ပြီး ပွဲစဉ် (၁၄)မှာ စိတ်ဝင်စားစရာ ပွဲကောင်းများဖြင့် ပြည့်နှက်နေသည်မှာ အမှန်ပင်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်