လက်တွေ့အသုံးချ ဆေးနည်းတို

ကြည်လွင့်မြင် (မုဒြာ)

ဆရာ တစ်ခုလောက်မေးပါရစေရှင့်။ သမီးအသက် (၃၅) နှစ်ပါ။ ရာသီလာတာ ရှစ်ရက်ရှိပါပြီ။ မပျောက်သေးလို့ပါ။ ရာသီလာတာလည်း များပါတယ်။ အားနည်းသလိုလည်း ခံစားလာရပါတယ်။ သွေးဆင်းရပ်အောင် ဆေးနည်းလေးပြောပြပေးပါရှင့်။

သားအိမ်သွေးဆင်းမရပ်လျှင် ပန်းလဲပွင့်ခြောက် လက်တစ်ဆုပ်ခန့်ကို ရေနွေးမတ်ခွက် တစ်လုံးနဲ့ ပြုတ်သောက်ပါ။ (တစ်နည်း) လက်ဖက်ခြောက် အဖန်ရည် ကျကျမတ်ခွက်တစ်လုံးမှာ သကြားသုံးဇွန်း ထည့်ဖျော်သောက်ပါ။ (တစ်နည်း) မီးကွင်းဂမုန်းရွက်ကိုထောင်း အရည်ညှစ်ပြီး အကြမ်း ပန်းကန်တစ်လုံး သောက်ပေးရင်လည်း သွေးဆင်းရပ်ပါတယ်။ ပန်းပွင့်တွေမှာ ချုပ်တဲ့သတ္တိရှိတယ်။ ဝမ်းကိုက်ရောဂါ ကုသရာမှာလည်း အသုံးပြုနိုင်တယ်။ ဆရာကိုယ်တိုင် တစ်နှစ်ကြာခန့် ဝမ်းကိုက်သွေးပါ ရောဂါဖြစ်ရာ ပန်းလဲပွင့်ခြောက်ပြုတ်ရည်ကို ပျားရည်နဲ့ ရောစပ်သောက်ပြီး ပျောက်ကင်းဖူးပါတယ်။ ပရဆေးဆိုင်တွေမှာ ဈေးပေါပေါနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောပြီးမှ သုံးစွဲပါ။ ရှင်နာဂသိန် ဆေးကျမ်းမှာတော့ ပန်းလဲပင်သည် အပွင့်နှင့်အခေါက်ကို သုံးရ၏။ အဆိပ်ကို ပယ်၏။ သည်းခြေကိုနိုင်၏။ သွေးအန်၊ သွေးကျနှင့် ဝမ်းသက်ရောဂါပျောက်၏။ အပွင့်၏ ပြုတ်ရည်ကို သုံးရက် ဆက်တိုက်ကျွေးလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏။ အပင်သည် ဖန်စပ်၏။ အေး၏။ ကြေညက်လွယ်၏။ ရစ်မူးစေတတ်၏။ ရေငတ်ခြင်း၊ ဝမ်းသက်ခြင်း၊ သွေးအန်၊ သွေးကျ၊ အဆိပ်သင့်၊ ပိုးရောဂါ၊ သွေးဒေါသ၊ အနာပေါက်နှင့် ရေယုန်ရောဂါတို့ကို ပျောက်စေ၏ဟု ဆိုထားပါသည်။

(ပန်းလဲပွင့်သည် အညာတွင် နေပူပြင်းသော ကာလတွင် နီရဲသော အပွင့်များပွင့်သော လှပသည့် အပင်မျိုးဖြစ်သည်။ အနောက်တိုင်း အဆိုအရ ပန်းလဲပွင့်ထဲမှာ Tannins ၂၀ ရာခိုင်နှုန်းပါတယ်လို့ ဆိုပါတယ်။ ဆိုးဆေး dye အဖြစ် အသုံးပြုတယ်။ အပွင့်ပွင့်ချိန်မှာ ကြွေကျတာကို ကောက်ယူပြီးအခြောက်ခံထားရင် ပရဆေးပစ္စည်းအဖြစ် ဈေးကွက်ဝင်ပါတယ်။ အချို့က ဥယျာဉ်တွေမှာ စိုက်ပျိုးထားကြပါတယ်။ မြေပြန့်ထက် တောင်စောင်း တောင်ကမ်းပါးယံတွေမှာ ပိုပေါက်ပါတယ်။ အလွန်ကိုင်းဖြာတဲ့ ချုံပင်ကြီးမျိုးဖြစ်ပြီး ဖေဖော်ဝါရီလလောက်က စပြီးပွင့်တယ်။ သင်္ကြန်နားနီးရင်တော့ တစ်ပင်လုံး ရဲရဲနီအောင်ပွင့်တယ်။ အဲဒီ အချိန်ဆို အရွက်တောင် မရှိတော့ပါ။ နီရဲပြီး အလွန်လှပါတယ်။ အလောင်းတော်ကဿပ သွားရာလမ်းတစ်လျှောက်နှင့် ပုံတောင်ပုံညာနှင့် ချင်းတောင်တန်းတွေပေါ်မှာ အလွန်ပေါများစွာတွေ့ ရပါတယ်။)

Ref; Dr. Thet Naing Oo; Botanist

 

ဆရာ မင်္ဂလာပါ။ ကျွန်တော့်အသက် (၄၇) နှစ်ပါ။ ညဘက်တွေမှာ ဆီးသွားများနေလို့ပါဆရာ။ ဆီးသွားများတော့ ညအိပ်လို့ မပျော်တော့ပါ။ သက်သာစေမယ့် ဆေးနည်းရှိရင် ပြောပြပေးပါခင်ဗျာ။

ဆီးလွန်ရောဂါ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ မာလကာအရွက်ကို ထန်းလျက်နဲ့ရေကျို မတ်ခွက် တစ်လုံးစာ နေ့စဉ်သောက်ပါ။ ထောပတ်ထမင်းချက် စားပါ။ အုန်းသီးအဆန်နဲ့ ထန်းလျက်ကိုစားပေးပါ။ ငှက်ပျောသီးအစိမ်း၊ ငှက်ပျောအူတိုင်ကို ဟင်းချက်စားလျှင် ဆီးထိန်းနိုင်ပါတယ်။ ဆီးခုံတွင် မင်းကွတ်သီး အခွံသွေးလိမ်းလျှင် ဆီးထိန်းနိုင်ပါတယ်။

 

ဆရာကြီးခင်ဗျာ၊ နားအထက်က အကြောကို ပလိတ်ဓားနဲ့ ဖြတ်ရင် လေမဖြတ်ဘူးဆိုတာ မှန်ပါသလား ခင်ဗျာ။ ကျွန်တော်တို့နယ်ဘက်မှာ လက်မှတ်ရမရတော့ မသိပါ။ ဗမာဆရာ တစ်ယောက်ရောက်လာပြီး လေမဖြတ်အောင် နားကြောဖြတ်ပေးနေတာ လူအတော်များများသွားကြပါတယ်။ အခကြေးငွေတော့ မသတ်မှတ်ပါ။ သဒ္ဓါကြေးလို့ ပြောပါတယ်။ လုပ်သင့်ပါသလား၊ ဆိုးကျိုးများရှိပါသလား ဆရာ။

လေမဖြတ်အောင် နားကြောဖြတ်တယ်ဆိုတာ ဘယ်ဆေးကျမ်းမှာမှ မဖော်ပြပါ။ ငွေရပေါက်ရှာတဲ့ ဆရာတု၊ ဆရာယောင်တွေ လုပ်တာပါ။ လွန်ခဲ့တဲ့နှစ်က စစ်ကိုင်းဘက်မှာ နားကြောဖြတ်ဖူးသူ တစ်ယောက် လေမဖြတ်ဘူးဆိုပြီး ဝက်သားနဲ့ မျှစ်ချဉ်ချက်စားရာက လေဖြတ်ပြီး မန္တလေးဆေးရုံကြီး ရောက်လာတာ တွေ့ရဖူးပါတယ်။ ကျန်းမာရေး ဗဟုသုတနည်းတဲ့ နယ်ဘက်တွေမှာ ဆရာတု ဆရာယောင်တွေ၊ ဘိုးတော်တွေ၊ လူလိမ်တွေ ရောက်လာတတ်ပါတယ်။ အထူးသတိထားပါ။ နားကြောဖြတ်တာ အခန့်မသင့်ရင် မေးခိုင်ပိုးလည်း ဝင်နိုင်ပါတယ်လို့ ဆရာကြီးများပြောပါတယ်။

 

ဆရာကြီးခင်ဗျာ၊ ကျွန်တော့်မျက်နှာမှာ ဝက်ခြံတွေ ပေါက်နေပါတယ်။ ပေါက်တာလည်း နှစ်ချီနေပါပြီ။ မျက်နှာသစ်ဆေးတွေလည်း စုံနေပါပြီ။ ဘာမှထူးခြား မလာတဲ့အပြင် ပိုပိုပြီးများလာတယ်လို့တောင် ထင်ပါတယ်။ ဆေးနည်းကောင်းလေးများရှိရင် မျှပါဆရာ။

အငန်လျှော့စား၊ အဆီလျှော့စား အိပ်ရေးပျက်ရင် ထွက်နေမှာပဲ။ ညအိပ်ရာဝင် ဆားခါးနဲ့ သံပရာရည် စပ်သောက်ပါ။ ညစဉ်သောက်ပါ။ ကျောက်ချဉ်စိမ်ထားတဲ့ရေနဲ့ သနပ်ခါးသွေး ညအိပ်ရာဝင် လိမ်းအိပ်ပါ။ လက်သွေးခဲ မသုံးပါနဲ့။ ရှားစောင်းလက်ပပ်ကို မျက်နှာမည်းတဲ့ နေရာတွေမှာ ကပ်ပေးပါ။

 

ဆရာ မင်္ဂလာပါ။ တစ်ခုလောက်မေးပါရစေ။ ကျွန်တော် နှာခေါင်းသွေး ခဏခဏယိုတတ်လို့ပါ။ ဘာကြောင့် နှာခေါင်းသွေး ယိုရပါသလဲ။ နှာခေါင်းသွေး မယိုအောင် အမြစ်ပြတ်ကုသလို့ ရမလား။

နှာခေါင်းသွေးယိုတာကို အခုခေတ်မှာ Game ကစားတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ လျှပ်စစ် သံလိုက်စီးကြောင်းတွေနဲ့ ထိတွေ့ရတာဆိုတာကြောင့်လည်း ဖြစ်တယ်ဆိုပါတယ်။ ရိုးရာဆေးပညာ အယူကတော့ ဝမ်းထဲမှာ လေပူများပြီး အထက်ကိုလှန်တင်တဲ့အခါ နှာခေါင်းသွေးလျှံ တတ်ပါတယ်။ ရေခဲရေ အသောက်များသူတွေမှာလည်း လေပူ အထက်ဆန်တတ်ပါတယ်။ ဆေးမြီးတို- နှာခေါင်းသွေးလျှံရင် နားနောက်က ချိုင့်ခွက်လေးမှာ ရေခဲကပ်ပေးရင် ရပ်သွားနိုင်ပါတယ်။

(လက်တွေ့ပါ)။ ရေခဲမရှိရင် အဝတ်ရေအေးဆွတ်ကပ် ပေးပါ။

- မာလကာရွက်ခူးပြီး ချေပြီးရှူပေးပါ။

- ရေခွက်ကြီး၊ ဇလုံထဲမှာ ရေအေးထည့် ဆားတစ်ဇွန်းထည့်ဖျော် ခေါင်းငုံ့ပြီး ရေကိုရှူသွင်း။ မရှူရင်လည်း ဆားရည်ထဲမှာ နှာခေါင်းကို နှစ်လိုက်ဖော်လိုက် လုပ်ပေးရင် ရပ်သွားမယ်။ ရေရှူတဲ့ လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးရင် နှာခေါင်းသွေးလျှံ ရောဂါပျောက်နိုင်တယ်လို့ သိမ်ဖြူဆေးကျမ်းမှာ ဖတ်ဖူးတယ်။

 

ဆရာ မင်္ဂလာပါရှင့်။ ကျွန်မရဲ့ လက်ဖဝါးတွေက ၂၄ နာရီ အမြဲနွေးနေတာပါရှင့်။ အဲဒါ ဘာဖြစ်လို့ပါလဲရှင့်။ ကျန်းမာရေးကို ထိခိုက်စေပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။

ရေကျက်အေးသောက်ပါ။ ရေနွေးကြမ်းသောက်ပါ။ မြင်းခွာရွက် လက်ဖက်ခြောက်သောက်ပါ။ ငယ်ထိပ်ကို ညအိပ်ရာဝင် အုန်းဆီလိမ်းအိပ်ပါ။ ငယ်ထိပ်ပိတ်ရင် လက်ဖဝါးပူတတ်ပါတယ်။

 

ဆရာခင်ဗျာ၊ လေးစားစွာဖြင့် မေးပါရစေခင်ဗျာ။ ကျွန်တော်ဟာ ဆီးချိုအမျိုးအစား ၂ ဖြစ်ပြီး ဆေးသောက်နေပါတယ်။ အင်္ဂလိပ်ဆေးပါ။ ယခု ကျွန်တော် ရဲ့ ခြေဖဝါး နှစ်ဖက်ဟာ ထုံသလိုလို၊ နင်းရင်လည်း ခုနေသလိုမျိုး ခံစားရပြီး ထိတာတော့ အကုန်သိပါတယ် ဆရာ။ တစ်လလောက်ရှိပါပြီဆရာ။ ဘယ်လိုတွေ ဆောင်ရွက်ရမယ်ဆိုတာ ညွှန်ကြားပေးပါရန် လေးစားစွာဖြင့် တောင်းပန်ပါတယ်ဆရာ။

ဆီးချိုဖြစ်သူတိုင်း ဖြစ်လေ့ရှိပါတယ်။ ခြေဖဝါး ဆားပွတ်၊ ဒူးအထက်မှ ရေလောင်း ခြေဆေးအိပ်ပါ။ ဆေးခါးကြီးပင်ခေါ် ရှမ်းဆေးခါးပင်ပြုတ်ရည် အကြမ်းပန်းကန် တစ်လုံးစာ နံနက်၊ ညသောက်ပေးရင် ဆီးချို၊ ထုံကျင်ရောဂါ ပျောက်ပါတယ်။ ပရဆေးဆိုင်မေးဝယ်ပါ။

 

ဆရာရှင့်၊ အိမ်မှာ ပုရွက်ဆိတ်တွေ များလွန်းလို့ ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးပါရှင့်။ အဝတ်ဗီရိုထဲပါလာနေလို့ပါ။ တစ်နေ့ နှစ်ကြိမ်ကြမ်းတိုက် ဆေးဖြန်းလုပ်၊ နနွင်းမှုန့်တွေ လိုက်ချလည်းမရလို့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။ အိမ်က တစ်ထပ်တိုက်အိမ် အမျိုးအစားပါ။

အိမ်ထောင့်အခြေများမှာ ဆားပုံပေးပါ။ တောရွာတွေမှာဆို အိမ်တိုင်ခြေတွေမှာ ပြာပုံပေးလေ့ ရှိပါတယ်။

 

ဆရာခင်ဗျာ၊ အသည်းခြောက်သည်ဟု (ဆေးစစ်ချက်အရ) ဆိုသောရောဂါ ဗိုက်ပူနေခြင်းအား အခြေအနေနှင့် မည်သို့နေထိုင် ကုသသင့်ကြောင်း အကြံဉာဏ်လေးပေးပါဆရာ။

အသည်းခြောက်ဖြစ်စ ပြုလာရင် ခါကျစ်ဥဖျော်ရည်နေ့စဉ် သောက်ပါ။ သင်္ဘောရွက်ပြုတ်ရည် မတ်ခွက်တစ်ခွက်စာမှာ ပျားရည်တစ်ဇွန်း စပ်သောက်ပါ။ နေ့စဉ်သောက်ပါ။ အသားစားခြင်း၊ အထူးသဖြင့် ခြေလေးချောင်းအသား လုံးဝရှောင်ကြဉ်လိုက်ပါ။ အသက်ရှည်ပါလိမ့်မည်။ နံနက်စောစောအစာကို ဂေါ်ဖီထုပ်။ ဂေါ်ဖီပွင့်စိမ်း ကြက်ဥနှင့် ကြော်စားပါ။ ကော်ဖီမသောက်ပါနှင့်။ ညစာကို ငါးဆန်ပြုတ်သောက်ပါ။ ထမင်းညစာမစားပါနှင့်။ တမာရွက်၊ တမာခေါက် ပြုတ်ရည်နှင့်ရေချိုး။ ကနဖော့ရွက်ပြုတ် သုပ်စားလျှင် အဖောကျသည်ဟုဆိုပါသည်။

 

မင်္ဂလာပါဆရာ၊ နားနဲ့မနာ ဖဝါးနဲ့နာပါ။ ကူညီပါဦး ဆရာ။ ကျွန်တော့်ခွေးမလေး ကလေးပေါက်တာ နို့ထွက်နည်းလို့ နို့ထွက်ကောင်းအောင် ဘာဆေးတိုက်ရမလဲ ဘာအစာကျွေးရမလဲ ခင်ဗျာ။

နွားမြီးဝယ် မီးဖုတ်ပြီး ပြုတ်တိုက်ပါ။ နွားမြီးနို့ထွက်ဆေး စလေဦးပုညနည်းပါ။ မိခင်တွေအားလုံး တိုက်လို့ရပါတယ်။

 

မင်္ဂလာပါဆရာ။ သမီးမေးစရာလေးရှိလို့ခွင့်ပြုပါ။ ကိုယ်ဝန် ငါးလလောက်မှာ ရွှေသွင်းတာ တိုင်းရင်းဆေးနည်းပညာနဲ့ အဆင်ပြေပါသလားဆရာ။ ကလေးရောမိခင်ပါ ကျန်းမာရေးကောင်းပြီး ဉာဏ်ကောင်းတယ်လို့ပြောလို့ပါ။ ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

ဘယ်နေရာကို သွင်းတာပါလဲ၊ ရွှေက သွေးကြောအတွင်း ရောက်သွားရင်တော့ တစ်သက်ပြန် မထွက်နိုင်လို့ အနောက်တိုင်းက ကန့်ကွက်ပါတယ်။ ကင်ဆာဖြစ်နိုင်တယ်လို့ စာတမ်းဖတ်ပွဲတစ်ခုမှာ ဆေးဝါးတက္ကသိုလ် ပါမောက္ခက ထပြောတာ တွေ့ဖူးပါတယ်။ တိုင်းရင်းဆေးပညာမှာလည်း ရွှေသွင်းပညာ သင်ကြားခဲ့တာ မရှိခဲ့ပါ။ အရပ်သုံးဆေးမြီးတိုမှာတော့ ပူတဲ့ရာသီမှာ ငှက်ပျောသီး အခွံနွှာ အသားမှာ ရွှေဆိုင်းအရွက်ကို ကပ်ပြီးစားပါတယ်၊ ဒါကလည်း အသက် ၇၀ ကျော် အဘိုးအဘွားတွေပဲ စားရပါတယ်၊ ငွေရလိုမှုနဲ့ တိုင်းရင်းဆေးအမည်ခံ လုပ်ဆောင်တာတွေရှိလို့ သတိထားပါ။

 

ဆရာ၊ သားအသက်က (၁၇) နှစ်ပါ။ ပေါင်ချိန်က ၁၄၁ ပါ။ အရပ် ၅ ပေ ၅ လက်မပါ။ ခဏခဏ ဗိုက်ဆာတတ်ပါတယ်။ စားပြီး ၁ နာရီလောက်ဆို ပြန်ပြန်ဆာလာပါတယ်။ ဆရာပေးတဲ့ဆေးလည်း သောက်ပါတယ်။ လေက လုံးလုံးတော့မပျောက်သေးပါ။ အစာအိမ်မှာ အက်စစ်များနေတာလားမသိပါ။ အဲဒါ ဆေးနည်းလေးပေးပါဦးဆရာ။

ထမင်းရည်ထဲမှာ ပျားရည်တစ်ဇွန်း ထည့်သောက်ပါ။ အစာအိမ်အူသိမ်နာ ပျောက်ပါတယ်။ အူသိမ်နာက ဗိုက်ဆာရင် နာပါတယ်။ အစာစားပြီးတိုင်းပျားရည် တစ်ဇွန်းနဲ့ ရှောက်ရည် သုံးဇွန်း စပ်သောက်ကြည့်ပါ။ အစာစားပြီးတိုင်း ချက်ချင်း ရေအေးမသောက်ပါနဲ့။ ဖီးကြမ်းငှက်ပျောသီးနဲ့ ထန်းလျက်ခဲ စားရင်လည်း ရင်တောင့်တာ သက်သာစေနိုင်ပါတယ်။ ရင်ဘတ်ကို မုန်ညင်းဆီ ခပ်နွေးနွေးလိမ်းပေးပါ။ အူမကြီး ထိပ်က လေနာဆိုရင်တော့ လေဆေးသောက်ပါ။ လေမျိုး ရှစ်ဆယ်လေဆေး (ပရဆေးဆိုင်မေးဝယ်) ရှောက်သီး အရည်နဲ့ စပ်ဖျော်သောက်ပါ။

ကြေးမုံ