လမ်း၊ တံတားတွေကို နည်းပညာအသစ်တွေနဲ့ ဆောင်ရွက်နိုင်အောင် ဆက်လက်ကြိုးစားသွားမယ်

၁၉  ဇွန်

 

မြန်မာနိုင်ငံဆောက်လုပ်ရေး ပညာရှင်များအဖွဲ့သည် မေ ၂၆ ရက်မှ ဇွန် ၃ ရက်အထိ တရုတ်နိုင်ငံမှ လမ်း၊ တံတားများကို ကိုးရက်ကြာ သွားရောက်လေ့လာခဲ့ကြသည်။ ထိုသို့သွားရောက် လေ့လာရာတွင် China Railway Major Bridge Group Co.,Ltd.(MBEC) နှင့် China Road and Bridge Corporation(CRBC) တို့မှ ဆောက်လုပ်ထားသည့် ကမ္ဘာ့အဆင့်မီ နည်းပညာသုံး လမ်း၊ တံတားများနှင့် ဆောက်လုပ်ဆဲ လမ်း၊ တံတားလုပ်ငန်းခွင်များကို သွားရောက်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

 

CRBC ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းများကို လွန်ခဲ့သည့်နှစ် ၂၀ ကျော်ခန့်ကပင် စတင်၍ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနှနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံက သက်တမ်းရင့်ကြိုးတံတားများ၏ ကြံ့ခိုင်မှုအခြေအနေများ စစ်ဆေးခြင်းကို ဆောင်ရွက်နေသည်။ ထို့အပြင် CRBC Belt and Road အတွက် မြန်မာနိုင်ငံ လမ်း၊ တံတားစီမံကိန်းအတော် တော်များများကိုလည်း ကန်ထရိုက်ရရှိထားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လမ်း၊ တံတားစီမံကိန်းများတွင် ပါဝင်ပတ်သက် နေသည့် CRBC ကုမ္ပဏီ၊ တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် လမ်း၊ တံတားဆောက်လုပ်မှုဆိုင်ရာ နည်းပညာဖွံ့ဖြိုးတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦး၏ အမြင်များကို မြန်မာ့အလင်းမှ တွေ့ဆုံ မေးမြန်းခဲ့သည်။

 

 

မေး။ ။ဆရာတို့ရဲ့ တရုတ်ပြည်လေ့လာရေးခရီးစဉ်အကြောင်း ပြောပြပေးပါ။

 

ဖြေ။ ။ တရုတ်နိုင်ငံကို လေ့လာရေးလာတဲ့ရည်ရွယ်ချက်ကတော့ ရန်ကုန်သန်လျင်တံတားကြီး တည်ဆောက် စဉ်ကပါဝင်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေနဲ့ ဝူဟန်းမှာတွေ့ဖို့ဖြစ်ပါတယ်။ အဲဒီတံတားကြီးမှာ ဆောင်ရွက်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေကလည်း မြန်မာနိုင်ငံက မဇ္ဈိမမီဒီယာကနေတစ်ဆင့် တွေ့ချင်တယ်လို့ပြောလို့ပါ။ ဒီအတွက်ကြောင့် သန်လျင်တံတားကြီးကို ဆောင်ရွက်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မြန်မာအင်ဂျင်နီယာတွေ ကျွန်တော်တို့လေ့လာရေးအဖွဲ့မှာ ခုနစ်ဦး ပါပါတယ်။ အဲဒီခုနစ်ဦးရယ်၊ နောက်ဆောက် လုပ်ရေး ဝန်ကြီးဌာနကို အကြံပေးနေတဲ့ အကြံပေးအဖွဲ့တွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဝန်ထမ်းအငြိမ်းစားကြီးတွေ စုပေါင်းပြီးလာကြတာပါ။ တရုတ်နဲ့မြန်မာ ပူးပေါင်းပြီး တရုတ်နိုင်ငံက ချေးငွေနဲ့ တည်ဆောက်ခဲ့တဲ့ ရန်ကုန်သန်လျင်တံတားဟာ ၁၉၈၆ ခုနှစ်မှာ ဆောက်ခဲ့ပြီးတော့ ၁၉၉၃ ခုနှစ်မှာ ဒီတံတားကြီး ပြီးစီးခဲ့ပါတယ်။ တရုတ်နိုင်ငံကို သွားရတဲ့ နောက်ထပ်ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးမှုတွေကိုလည်း သွားရောက်လေ့လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို အခြေခံ အဆောက်အအုံ (Infrastructure) တွေ ဖွံ့ ဖြိုး တိုးတက်အောင် ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာလေ့လာဖို့ ရည်ရွယ်ချက်တွေနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

 

မေး။ ။အခုဆရာတို့ရဲ့လေ့လာရေးခရီးစဉ်မှာ ဘယ်မြို့တွေက လမ်းတွေနဲ့ တံတားတွေကို လေ့လာခဲ့ပြီးပြီလဲ။ ဒီလို လေ့လာခဲ့ပြီးတဲ့လမ်းတံတားတွေနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့အမြင် သုံးသပ်ချက်ကို သိချင်ပါတယ်။

 

ဖြေ။ ။ကျွန်တော်တို့ ရန်ကုန်ကထွက်လာတော့ ယူနန်ပြည်နယ်ရဲ့မြို့တော် ကူမင်းကို ရောက်ပါတယ်။ ကူမင်းကနေ တစ်ဆင့် အမြန်ရထားစီးပြီး ကွေ့ကျိုးပြည်နယ်ကို ရောက်ပါတယ်။ အဲဒီ ကွေ့ကျိုးပြည်နယ်ထဲမှာ ကျွန်တော်တို့ အဓိကလေ့လာရတာကတော့ အမြန်လမ်းမကြီးကိုလေ့လာရပါတယ်။ အမြန်လမ်းမကြီးဟာ ဘယ်လိုပုံစံမျိုးလဲဆိုတော့ ရိုးရိုးလမ်းတွေနဲ့ မတူပါဘူး။ ဟိုင်းဝေးလမ်းမကြီးတွေဆိုတာကတော့ တောင်တက်တောင် ဆင်းတွေနဲ့ သွားမယ်။ အဲဒီလိုမျိုးသွားတဲ့လမ်းတွေ မဟုတ်ဘဲနဲ့ တောင်တက်တောင်ဆင်းလည်းမရှိတော့ဘူး။ သူကချိုင့်ဝှမ်းတွေ ရှိတယ်။ တောင်အောက်ဆင်းရမယ်ဆိုရင် မဆင်းတော့ဘဲ တံတားထိုးထားလိုက်တယ်။ နောက်တစ်ခုတောင်ကိုဖြတ်ရတော့ မယ်ဆိုရင် တောင်ပေါ်မတက်တော့ဘဲ တောင်ကိုလိုဏ်ခေါင်း ဖောက်ပြီးသွားတဲ့ဟာတွေကို ကျွန်တော်တို့အဓိကထားပြီး လေ့လာပါတယ်။ ကျွန်တော်တို့လေ့လာခဲ့တဲ့ တံတားတွေက အမြင့်အားဖြင့် ပေ ၁၅၀ဝ လောက်အထိရှိတဲ့ တံတားတွေ ရှိပါတယ်။ ကမ္ဘာ့ဒုတိယအမြင့်ဆုံး တံတားတွေကိုလည်း ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ လမ်းတွေဆိုရင်လည်း အမြန် လမ်းမကြီးတွေပေါ့လေ။ ဥမင်လိုဏ်ခေါင်းတွေ ဖောက်ထားတဲ့ လမ်းတွေကို လေ့လာခဲ့ရပါတယ်။

 

မေး။ ။ တရုတ်နိုင်ငံရဲ့ လမ်း၊ တံတားတွေနဲ့ လမ်း၊ တံတား ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာတွေ အပေါ်မှာလည်း သုံးသပ်ပေးပါ။

 

ဖြေ။ ။ တရုတ်နိုင်ငံဟာ နည်းပညာအားဖြင့်ဆိုလို့ရှိရင် ကမ္ဘာ့အဆင့်မီ နည်းပညာတွေရှိပြီး တံတားတွေဆောက်တဲ့ အခါမှာလည်း ကမ္ဘာ့အဆင့်မီနည်းပညာတွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ လမ်းတွေ ဖောက်တဲ့အခါမှာလည်း International Standard ကို မီအောင်အားလုံးလုပ်နိုင်တယ်။ ဆောင်ရွက်နိုင်တယ်။ ဒါတွေအားလုံးကိုလည်း သေသေသပ်သပ် သန့်သန့်ရှင်းရှင်းနဲ့ လမ်းတွေရော၊ တံတားတွေပါ ဆောင်ရွက် ထားတာတွေ့ရပါတယ်။

 

မေး။ ။ဆရာတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ CRBC တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက ကြိုးတံတားတွေနှင့် ပတ်သက်ပြီး ကြံ့ခိုင်မှုစစ်ဆေးနေတယ်လို့ သိရပါတယ်။ နောက်ပြီး CRBC ကလည်း မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက်ကတည်းက လမ်း၊ တံတားဆောက်လုပ်ရေးစီမံကိန်းတွေ မှာ ပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့ အတွက်ကြောင့် ဒီ CRBC ကုမ္ပဏီအပေါ် ဆရာတို့ ဘယ်လောက်အထိ ယုံကြည်စိတ်ချမှုရှိပါသလဲ။

 

ဖြေ။ ။ CRBC ရုံးချုပ်ရောက်တဲ့အခါမှာ ကုမ္ပဏီရဲ့ဒုတိယ အကြီးအကဲတို့နှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ပါတယ်။ CRBC အနေနဲ့ ကြိုးတံတားတွေကို စစ်ဆေးတဲ့နေရာမှာ လက်ရှိကြိုးတံတား ၁၁ စင်းစစ်ဆေးပြီးသွားပါပြီ။ ဒီလို စစ်ဆေးပြီးတဲ့အပြင် နောက်ထပ် ၁၉ စင်း ကျန်နေပါသေးတယ်။ စုစုပေါင်း ကြိုးတံတား အစင်း ၃၀ ရှိပါတယ်။ အခု ခရီးစဉ်မှာ ကျိုးကျသွားတဲ့ မြောင်းမြကြိုးတံတားကနေ ထုတ်ယူရရှိထားတဲ့ ပစ္စည်းတွေကို သူတို့အနေနဲ့ ဘယ်လိုစမ်းသပ်နေတယ်၊ နောက်ပြီး ကြိုးတံတား ၁၁ စင်းစစ်ထားတဲ့ Result တွေဟာ ဘယ်လိုအဖြေထွက်မလဲဆိုတာ သူတို့ရဲ့ Research Centre မှာ ပြသတဲ့အတွက် လေ့လာခဲ့ရပါတယ်။ အဲဒီတော့ သူတို့ကနေသေချာ စည်းစနစ်ကျကျ လုပ်တဲ့အဖွဲ့အစည်း၊ အရည်အသွေးမီအောင် ဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် တို့ကလည်း ယုံယုံကြည်ကြည်နဲ့ သူတို့နဲ့ လက်တွဲဆောင်ရွက်သွားဖို့ စိတ်အားထက်သန်ပါတယ်။

 

မေး ။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ဘယ်လိုဆောင် ရွက်ပေးထားမှုတွေရှိပါသလဲ။ ရှေ့ဆက်ပြီးတော့လည်း ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

 

ဖြေ။ ။ ကျွန်တော်တို့ လက်ရှိမှာ Asia Development Bank  ကနေ ချေးငွေနဲ့ လုပ်တဲ့ Project တစ်ခုမှာဆို CRBC ကုမ္ပဏီကနေ လမ်းပိုင်းကို ကန်ထရိုက်ရထားပါတယ်။ ဒီလိုကန်ထရိုက်တာရထားတဲ့အတွက် လက်ရှိလည်း သူတို့ ဆောင်ရွက်နေပါတယ်။ နောက်ထပ်လည်း One Belt One Road စီမံကိန်းဖြစ်တဲ့ ရွှေလီ-ကျောက်ဖြူ၊ ရွှေဘို- မြစ်ကြီးနား၊ မ္တလေး- မြစ်ကြီးနား၊ မ္တလေး-မူဆယ်စတဲ့ လမ်းပိုင်းတွေ လုပ်ဖို့ အတွက်ကိုလည်း အစီအစဉ်ရှိပါတယ်။ ဒီတော့ One Belt One Road မှာပဲ တရုတ်ကုမ္ပဏီတွေအနေနဲ့ ဝင်ရောက်ဆောင် ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

 

မေး။ ။ တရုတ်နိုင်ငံရဲ့ လမ်း၊ တံတားဆောက်လုပ်ရေးဆိုင်ရာ နည်းပညာကဏ္ဍကနေပြီး မြန်မာနိ်ုင်ငံအတွက် ဘယ်လို အချက်တွေကိုနည်းယူလေ့လာသင့်သလဲ။ နောက်တစ်ခါ ဒီလေ့လာရေး ခရီးစဉ်ကနေ ဘယ်လိုအကျိုးကျေးဇူးရမယ်လို့ ဆရာ့ အနေနဲ့ ထင်မြင်မိပါသလဲ။

 

ဖြေ။ ။ တရုတ်ပြည်ရဲ့ လက်ရှိဆောင်ရွက်နေတာတွေက အာရှအဆင့်မကဘူး။ ဥရောပတို့၊ အမေရိကတို့ အဲဒီလို အဆင့်မျိုးမီအောင် လုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာဖြစ် တဲ့အတွက် ကျွန်တော်တို့ သွားရောက်လေ့လာတဲ့အခါမှာ နည်း ပညာအသစ်တွေပေါ့လေ။ ဒီတော့ လေ့လာရေးခရီးကနေ အကျိုးကျေးဇူးတွေကို အများကြီးရပါတယ်။ အကျိုးကျေးဇူး တွေကနေ ဆက်နွှယ်ပြီးတော့ ကျွန်တော်တို့ အင်ဂျင်နီယာဆို တာလည်း လက်တွေ့အတွေ့အကြုံ လိုသလိုပဲ မျက်မြင်အတွေ့ အကြုံတွေလည်း အများကြီးလိုပါတယ်။ ဒီလိုမျက်မြင်အတွေ့ အကြုံတွေကနေ တဖြည်းဖြည်း ကူးပြောင်းပြီး လက်တွေ့အတွေ့ အကြုံကို ပြောင်းပြီးဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုနည်းပညာအသစ်တွေနဲ့ ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ ဆက်လက်ကြိုးစား ဆောင်ရွက်သွားပါမယ်။

 

မေး။ ။ ဖြည့်စွက်ပြီး ပြောစရာရှိဦးမယ်ဆိုရင် ဖြည့်စွက်ပြောပြ ပေးပါ။

 

ဖြေ။ ။ လက်ရှိကျွန်တော်တို့ နိုင်ငံမှာဆောင်ရွက်နေတဲ့ အစိုးရ နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဆောင်ရွက်တဲ့ အစီအစဉ်မှာ ပြင်ပကုမ္ပဏီတွေအနေနဲ့ အားအင်ချည့်နဲ့တဲ့ ကုမ္ပဏီတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံက သူတို့ နိုင်ငံကို ထူထောင်တဲ့အချိန်မှာ ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ နည်းပညာတွေ၊ ကူးပြောင်းတဲ့ကာလမှာ ဘယ်လိုကူးပြောင်းသွားတယ် ဆိုတာတွေကို ကြိုးစားပြီး လေ့လာနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ကူးပြောင်းဖို့ အချိန်ရောက်နေပါတယ်။ ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးပေါ့။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ဆောင်ရွက်ဖို့ လိုနေတဲ့အချိန်မှာ တရုတ်ပြည်ရဲ့ ပုဂ္ဂလိကကဏ္ဍကို ဘယ်လိုပြောင်းသွား လဲဆိုတဲ့စနစ်ကို ကျွန်တော်တို့ အတုယူဖို့ ကြိုးစားနေပါတယ်။

 

ဟိန်းထက်ဇော်(မြန်မာ့အလင်း) ဓာတ်ပုံ- ဇော်ဘီ