လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာ ဆက်သွယ်သောလမ်းနှင့် သောင်ပြင်ကျေးရွာနှင့် တောင်ဘုံကျေးရွာတို့ကို ဆက်သွယ်သော လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်

နေပြည်တော် ၁၇ မေ

 

လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာ ဆက်သွယ်သောလမ်းနှင့် သောင်ပြင်ကျေးရွာနှင့် တောင်ဘုံကျေးရွာတို့ကို ဆက်သွယ်သော လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်ပခဲ့ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၏ “မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် (၃)မိုင် (၄)ဖာလုံ ရှိ ကျေးရွာချင်းဆက် မြေနီလမ်း၊ တောင်ဘုံကျေးရွာနှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည်(၂)မိုင် (၆)ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်းတို့ကို ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်းများအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ရေးမြို့နယ်၊ လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် ၃ မိုင်၊ ၄ ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်းနှင့် သောင်ပြင်ကျေးရွာနှင့် တောင်ဘုံကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် ၂မိုင် ၆ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်းတို့မှာ စုစုပေါင်း လမ်းအရှည် ၆ မိုင် ၂ ဖာလုံရှိပြီး လမ်းအဆင့်မြှင့် တင် ဆောင်ရွက်ပြီးပါက ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၃၄၄၁ နှင့် လူဦးရေ ၁၅၅၀ဝ ခန့်တို့အား တိုက်ရိုက် အကျိုးပြုမည် ဖြစ်သည်။

 

လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာ ဆက်သွယ်သောလမ်း အရှည် ၃ မိုင် ၄ ဖာလုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင်လည်းကောင်း၊ သောင်ပြင်ကျေးရွာနှင့် တောင်ဘုံကျေးရွာတို့ကို ဆက်သွယ်သောလမ်း အရှည် ၂ မိုင် ၆ ဖာလုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့သည်။

 

MDN