လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဟီးချောနဲ့ မိုမို

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဟာ လတ်တလောမှာ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အမျိုးသားတေးဂီတအဖွဲ့ Super Junior ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟီးချောနဲ့ အမျိုးသမီးတေးဂီတအဖွဲ့ TWICE ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုမိုတို့ဖြစ်ကြကြောင်း ဒေသတွင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံးသော ကြယ်ပွင့်စုံတွဲအဖြစ် ပေါ်ထွက်လာခဲ့တဲ့ သူတို့နှစ်ဦးဟာ လတ်တလော မှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ရာမှာ သူတို့ရဲ့ ဖျော်ဖြေရေးအေဂျင်စီက အဆိုပါသတင်းတွေ မှန်ကန်ကြောင်း ဇူလိုင် ၈ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဟီးချောနဲ့ မိုမိုတို့ဟာ သူတို့ နှစ်ဦးရဲ့ အနုပညာလှုပ်ရှားမှုအစီ အစဉ်တွေကြောင့် တစ်ဦးကိုတစ်ဦး အချိန်မပေးနိုင်ဖြစ်ကာ တစ်လမ်းစီ ဆက်လက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သို့သော် သူတို့ နှစ်ဦးအကြားမှာ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် စီနီယာ-ဂျူနီယာ ဆက်ဆံရေးမျိုးတော့ ဆက်လက်ရှိနေဦးမှာ ဖြစ်တယ် လို့လည်း မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းတွေ မှန်ကန်ကြောင်း အတည်ပြုခဲ့ ပေမယ့် သူတို့ရဲ့ ဖျော်ဖြေရေးအေဂျင်စီတွေက ဟီးချောနဲ့ မိုမိုတို့ လမ်းခွဲတာနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ပေးမှာမဟုတ်ကြောင်းနဲ့ ကြယ်ပွင့်တွေရဲ့ ပုဂ္ဂိုလ်ရေးသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုမိုဟာ TWICE ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ရာ ဂျပန်နိုင်ငံမှ ဆိုးလ်သို့ ၂၀၁၂ ခုနှစ်အတွင်း ပြောင်းရွှေ့လာခဲ့တာပါ။ ၃၇ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဟီးချောကတော့ ကေပေါ့ပ်အစောပိုင်းမျိုးဆက်ဖြစ်တဲ့ Super Junior အဖွဲ့မှာ ပါဝင်လှုပ်ရှား နေတဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူတို့နှစ်ဦး ချစ်သူတွေအဖြစ် လက်တွဲနေကြောင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၂ ရက်မှာ အေဂျင်စီတွေဘက်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အေးပြည့်