လှည်းကူးမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် လူမရှိခိုက် ဝါယာရှော့ဖြစ်၍ မီးလောင်

လှည်းကူး  ၃  သြဂုတ်


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရိပ်သာရပ်ကွက် မေဃဝတီ(၄)လမ်းနေ ဦးဌေးဝင်း၏ တစ်ထပ်အိမ်၌ မိသားစုဝင်များမရှိစဉ်  ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ အချိန်ခန့်က ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   


မီးလောင်ရာသို့ လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မျိုးလွင်ပါ မီးသတ်တပ်ဖွဲ့ဝင်(၁၇)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ  ပတ်ဝန်းကျင်ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅၅ တွင် မီးငြိမ်းသွားခဲ့သည်။ 


မီးလောင်မှုကြောင့် နေအိမ်အရှေ့မျက်နှာစာ ၁၂ ပေ ပတ်လည်ခန့်ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေရာ မီးလောင်ကျွမ်းခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


နိုင်လင်း(လှည်းကူး)

 

13